သတိရမိတာလေးများ
တချိန်တုန်းက ရန်ကုန်တိုင်း၊ထန်းတပင်ဆိုတာ မြို့ပိုင်ရုံးစိုက်ရာမြို့လို့၊လူကြီးတွေပြောသံ ကြားခဲ့ဘူးပါတယ်။ ကျမငယ်ငယ်ကတော့ အသွားအလာခက်ခဲတယ်ထင်လို့သိပ်မကြိုက်လှပါဘူး။ ဒါပေမဲ့ ကလေးသဘာဝမို့ ကြည့်မြင်တိုင်၊ ကျောက်တံတားဆိပ်ကမ်းကနေညောင်တုန်းသင်္ဘော၊ဘောလယ်သင်္ဘောကြီးစသဖြင့် စီးပြီးသွားရတာမို့သိပ်သွားချင်တာပါ။ လှေကလေးတွေကပ်လာပြီး၊ ခံတောင်းလေးနဲ့ထည့်လာတဲ့ အစားအသောက်တွေကို သိပ်မက်တာ။ ဒါပေမဲ့ ကျွန်းငူမှာ သင်္ဘောဆိုက်လို့ ဆိပ်ကမ်းကိုတက်ရတာတော့ ခက်လှပါတယ်။ ကြောက်တာလဲပါတာပေါ့။ အဖေနဲ့မြေးတွေလာရင် အမေကြီး (အဖေ့ရဲ့အမေ) က သိပ်သဘောကြတာ။ ထန်းတပင်အိမ်မှာရှိတဲ့မြေးတွေက နဲနဲကြီးနေကြပြီမို့။ ရန်ကုန်အိမ်ကနေပြောင်းသွားတော့ အမေကြီးက ကျမတို့ရဲ့ဘကြီး ဦးမောင်မောင်ကြီးရဲ့မိသားစု၊ဘကြီးဦးအောင်ခင်ရဲ့မိသားစု၊ အဖေချစ်လှိုင် (အဖေ့အထက်ကဘကြီး) တို့နဲ့အတူနေကြတာ။ သားတွေနဲ့မခွဲဘဲ သေသည်အထိအတူနေကြတာ။
ကျမရဲ့အမေတစ်ယောက်ဘဲ အိမ်ခွဲနေခဲ့တာဆိုတော့ အမေကြီးက သူ့သားအငယ်ဆုံးလေးရောက်လာရင်၊ အိမ်ရှေ့က ကုလားထိုင်ကြီးပေါ်မှာထိုင်ပြီး လာသမျှစျေးသည်ခေါ်တော့တာဘဲ။ ပြီးရင် ကြီးကြီးမလှမြိုင်ကို “လှမြိုင်ရေ ထည့်စရာယူခဲ့စမ်း” ဆိုပြီး၊ စျေးဝယ်တော့တာပါ။ ပြီးတော့ ကြီးကြီးကဒိုင်ခံချက်ရတာပေါ့။ (ကြီးကြီးမလှမြိုင်က ဘကြီးမောင်မောင်ကြီးရဲ့ဇနီးပါ။) ထန်းတပင်ကမြသိန်းတန်ဘုရားပွဲချိန်ဘဲ အဖေကလိုက်ပို့ဘူးတာ။ အဲ့ဒီအချိန်ဆို မြို့မှာနေသူတွေက ရွာမှာဆုံကြတာကို။ အဖေတို့ညီအကိုတွေနဲ့အတူ မြို့ကပြန်လာတဲ့သူငယ်ချင်း၊ ရွာမှာရှိတဲ့သူငယ်ချင်းတွေဆုံပြီး၊ သောက်ကြစားကြတာလဲရှိသမို့၊ ပွဲစည်တာပေါ့လေ။ ဘကြီးမောင်မောင်ကြီးတစ်ယောက်ဘဲ အသောက်အစားမရှိတာ။ သူကတော့ဆေးပြင်းလိပ်ကြီးခဲလို့ပေါ့။ အဖေ့ရဲ့အစ်ကိုနှစ်ယောက်ကအရက်သောက်ပြီးရင်စကားများတော့တာဘဲ။ အဖေချစ်လှိုင်နဲ့ဘကြီးအောင်ခင်စကားများကြပြီဆိုရင်တော့ အဖေက”သ္မီးတို့ထ၊ မြို့ပိုင်ရဲ့မော်တော်ငှားပြီး ရန်ကုန်ပြန်မယ်” ရင်တော့ငြိမ်သွားကြပြန်ရော။ အမေကြီးကတော့ သူ့အခန်းထဲစောစောဝင်အိပ်တတ်လို့မသိရှာဘူး။ ဒါပေမဲ့ ဘကြီး မောင်မောင်ကြီးက “ညီလေးတို့ တော်ကြတော့ကွာ” လို့တစ်ချက်ဟန့်လိုက်ရင်လဲပြီးသွားတတ်ကြတာ။ အဖေတို့ညီအစ်ကိုတွေက ခွန်းကြီးခွန်းငယ်နဲ့ရန်မဖြစ်တတ်တာ ၊ အားကြီးချစ်စရာကောင်းလှတယ်။ အရက်သောက်ပြီးစကားများရင်တောင် ကိုကြီး၊ညီလေးနဲ့ အပ်ကြောင်းထပ်ကြတာ။
အမေအမြဲပြောတတ်တာ -“သူတို့ညီအစ်ကိုတွေတော်တာများအေ၊ မအေရေချိုးရင် သနပ်ခါးသွေးတဲ့သူနဲ့၊ အိုးထဲရေ ငင်ပေး တဲ့သူနဲ့၊ မျက်နှာသုတ်ပုဝါနဲ့ ရေလဲလုံချည်ပေးတဲ့သူနဲ့၊ ချွတ်လိုက်တဲ့ထမီကိုဖွပ်ပေးတဲ့သူနဲ့မို့၊ ချွေးမတွေက သူတို့ယောကျ်ား တွေလုပ်နေတာ မကောင်းပါဘူးဆိုပြီး ဝင်လုပ်ကြရတာပေါ့အေ” တဲ့။ သားတွေချည်းမွေးထားပေမဲ့ သ္မီးမိန်းကလေး မွေးထား တာထက်တောင်သာသေးတာ။ အဲ့ဒီအချိန်တုန်းကတော့ ထန်းတပင်မှာဒေါ်ငွေခဲက ပိုက်ဆံလဲရှိ သြဇာလဲရှိတာပါ။ အဖေတို့ညီအစ်ကိုတွေ လူပျိုတုန်းကဆိုရင်၊ မိုးချုပ်လို့များ သူ့သားတွေအိမ်ပေါ်ပြန်မရောက်သေးလို့ကတော့၊ ရွာရဲ့ တာလမ်း ပေါ်ကနေ “ငါ့သားတွေကို ဘယ်ကောင်မတွေက ဒီအချိန်အထိ လက်ခံထားလဲ” လို့ အော်တတ်သေးတာတဲ့။ “အတော်ကြီးကျယ် တဲ့ မိန်းမကြီး”လို့ အတင်းတုတ်ကြမယ်ထင်တာဘဲ။ ဟုတ်ပါ့၊ အမေကြီးက အဖေ ၆နှစ်သားလောက်ကထဲက မုဆိုးမဖြစ်တာ၊ ဘယ်သူ့အကူအညီမှမယူဘဲ သားတွေကို လူတလုံးသူတလုံးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး၊ သားချည်း ဘဲမွေးတာမို့ အချို့မိန်းမတွေနဲ့ဆိုရင် ကြမ်းတပြေးထဲတောင်မထိုင်ပါဘူး၊ တဲ့လေ။ ဓနိခြံကြီးလဲရှိတာမို့ အိမ်မှာဓနိထိုးတဲ့ သူတွေနဲ့ ပျော်စရာကြီး။ ဓနိခြံဆိုလို့ အမေကြီးစိတ်ထက်တာကိုအဖေမကြာခဏပြောတတ်တာ။ အိမ်နောက်ဖက်မှာ ဓနိတွေထားတော့ ဓနိဖေါင်လာခိုးတဲ့သူခိုးကို၊ “ကိုပွရေ၊ တစ်ခုခုနဲ့ကောက်ပစ်လိုက်ပါလား”လို့၊ သူ့ယောကျာ်းကိုပြောသတဲ့။ အဖိုးက သူခိုးကို ထိရင်နာသွားမှာစိုးလို့ ထင်းစအသေးရှာနေတာ ၊အမေကြီးကစိတ်မရှည်တာနဲ့ အဖိုးကို ထင်းစနဲ့ကောက်ပေါက်ပစ်လိုက်ပါရော လို့ပြောပြီးရယ်နေတတ်တာ။ (အဖေတို့ရဲ့အဖေနံမည်က ဦးပွ ပါ။)
ကျမတို့ ဘကြီးအငယ်ဆုံး အဖေချစ်လှိုင်ကတော့ တူတွေ တူမတွေကိုသိပ်ချစ်ရှာတာ။ညဖက် သောက်ထားလို့မူးပေမဲ့၊ မနက်အစောအိပ်ယာကထပြီး၊ထမင်းကြမ်းမရှိရင် ထမင်းထပ်ချက်လို့၊ မနက်အစောစာကို ထမင်းကြော်ကျွေးတတ်တာ။ အဖေ့ကိုသိပ်ချစ်တော့ ကျမတို့ကိုဆိုရင် ကျန်တဲ့ကလေးတွေထက်ပိုသေးတာ။ တခါတလေမှလာတဲ့သူတွေမို့ထင်ပါရဲ့။
ဘကြီးအောင်ခင်ကတော့ “မင်းသား”ပါဘဲ။မူးရင်ပြောပြောပြီးငိုတတ်တာ။ ဘကြီးက ထန်းတပင်အမတ် သခင်အောင်ခင်ပါ။ သူကသ္မီးတစ်ယောက်ထဲရှိတာ။ အစ်မခင်သန်းဆွေပါ။ ကိုယ့်ဘကြီးမကောင်းကြောင်းပြောတာမဟုတ်ပါဘူး။ ဘကြီးက အမေ မမြကျင်ဆုံးတယ်ဆိုလို့၊ အဖေထန်းတပင်ကိုသွားတော့ “ညီလေးရေ မင်းမရီးမရှိတော့ဘူး “ဆိုပြီး၊ ငိုလိုက်တာ တဲ့။ အဖျောက်က ကြီးကြီးမလေးခင်က “အောင်ကြည်ရေ၊ နင့်အစ်ကို ကတော့ လက်ကြားထဲကဘယ်သူ့ယူရမလဲ ချောင်းနေတာ” လို့ပြောလို့ အဖေကစိတ်ဆိုးသေးတာ။ ဟင်း၊ ဘကြီးကမကြာခင်ဘဲ မိန်းမယူတာမို့၊ အဖေချစ်လှိုင်က သူ့တူမလေး အစ်မခင်သန်းဆွေကို သနားပြီး ၊ မကြာခဏရန်ဖြစ်ကြတာ။ အော် ၊ဘကြီးတို့များ မချစ်ရရင်မနေနိုင်လို့ထင်ပါရဲ့။
ကျမတို့ကိုတော့ အစ်မတွေကဘုရားပွဲလိုက်ပို့တတ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဗန္ဓုလကျော်စိန် ဇာတ်ပွဲကိုကြည့်ကြရတာပါ။ ဝက်ပေါကတော့ ထန်းလျက်နဲ့မြေပဲရောပြီးကြိုထားပြီး စက္ကူအညိုကြီးပေါ်မှာခဲထားတဲ့ မြေပဲယိုကိုသိပ်ကြိုက်တာ။ ညနေစောင်းလို့ အိမ်ပြန်ချင်တယ်ပြောရင် အစ်မတို့က အမြဲဝယ်ကျွေးပြီးချော့ကြတာ။ အစ်မမတင်ဦး၊ အစ်မခင်မသန်းဆွေ တို့ကအပျိုအရွယ်တွေပေါ့။ အဖေ့ဖက်မှာလဲ အစ်မတွေ၊အစ်ကိုတွေ၊မောင်တွေနဲ့ တစ်ရွာတည်လို့ရပါတယ်နော်။ ဆွေမျိုး များကြောင်း ကြွားရတာပါ။ ဒါတောင် အဖျောက်တို့ ဓနုဖြူတို့ ဟင်္သာတတို့မှာရှိတဲ့၊ တခါနှစ်ခါသာ မြင်ဘူးတဲ့ အစ်မတွေ အစ်ကိုတွေ သာစုံလိုက်လို့ကတော့ မြို့တည်လို့များ ရလေမလားလို့ပါ။ အဖေ့ရဲ့ရွာကိုမှ ရောက်ဘူးသေးတာ၊ အမေ့ဇာတိ ရွာဖြစ်တဲ့ ဆားမလောက်တို့ သဇင်ရေကျော်တို့ကို မရောက်ဘူးသေးလို့၊ အေးချမ်းသာယာတဲ့ အချိန်လေးရောက်လာရင်တော့ – – – – စိတ်ကူးရင်းနဲ့ အားယူလို့ ။ ။
Categories: Authors