Mi Aung

MA : Mi Aung (37)

ကြုံရ ဘုံဘဝ

အမြဲစူးစမ်းလေ့လာနေတတ်တာကတော့ ကျမတို့အမေဒေါ်ခင်မေပါ။ စီးပွါးရေးအကွက်ကိုအမြဲချောင်းနေတတ်သူပါ။ ဒါလဲ သူချမ်းသာချင်လို့မဟုတ်ပါဘူး။ သားသ္မီးတွေ မျက်နှာမငယ်ရ၊လူတန်းစေ့နေနိုင်အောင်ထားချင်တဲ့ စေတနာသက်သက်ဘဲ ရှိတယ် ဆိုတာကိုတော့ ကိုယ့်အမေမို့ သိတာပေါ့။

ကျမတို့အလုပ်သွားနေတာ အိမ်ပြန်ရောက်တော့အမေ့ကိုရှာမတွေ့လို့။ လိုက်မေးရတာပေါ့။ ရှာရှာကြံကြံ ငါးခြောက်တို့ ဘဲဥတို့ရောင်းတဲ့အဒေါ်ကြီးနဲ့လိုက်သွားတယ်။ ဘဲဥတွေ ငါးခြောက်တွေရောင်းဖို့လိုက်ဝယ်တာတဲ့လေ။ဘယ်ကိုလဲမေးပါဦး၊ ပင်လယ်ဝနားက ရွာကိုပါတဲ့။ ပြန်မရောက်မချင်း စိတ်ပူလိုက်ရတာလေ။ ပြန်လဲရောက်ရော ဘဲဥတွေ၊ငါးခြောက်တွေပါ လာပါရဲ့။ အမေကမှလမ်းဘေးမှာ ထိုင်ပြီးစျေးမရောင်းရဲရှာတာ။ အဲ့ဒီအဒေါ်ကြီးကကြည့်မြင်တိုင်၊ ဥယျာဥ်လမ်းထိပ်က ကုက္ကိုလ်ပင်ကြီးအောက်မှာထိုင်ရောင်းတာ။ သူ့ကိုဘဲ ပစ္စည်းတွေပေးပြီးရောင်းခိုင်းရတာဆိုတော့ သူပြန်ပေးမှကိုယ် ပြန်ရ မှာလေ။ ဝက်ပေါက တကယ်သတ္တိကောင်းတာ။ မနက်ဆို အဲ့ဒီမိန်းမကြီးနားမှာ စျေးကွဲတဲ့အထိထိုင်စောင့်ပြီး ရသမျှပိုက်ဆံ လေးကို ပြန်တောင်းယူရရှာတယ်။ အချို့သောသူများကလဲ ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံကို ပြန်ပေးရမှာ အတော် ကြောက်တာ။ တစ်ပါတ်လောက်ကို ညီမလေး သူစျေးရောင်းတဲ့နားထိုင်ပြီးစောင့်တောင်းမှဘဲ အမေ့ရဲ့အရင်းလေး ပြန်ရ တော့တယ်။

အမေ့ရဲ့”မူ”ကအထည်ဘဲဖြစ်ဖြစ်၊ဘာပစ္စည်းဘဲဖြစ်ဖြစ် လက်ထဲမှာကျန်မနေစေချင်ဘူး။ (ဟီးဟီး သူ့ကိုကိုက်မှာစိုးလို့ထင်ပါရဲ့။) “နောက်မှလာပေးမယ်၊ ယူသွားမယ်မမမေ” ဆိုလို့ကတော့၊ရောင်းရတယ်လို့မှတ် ၊ပစ္စည်းကုန်လို့ သူ့မျက်စေ့ရှေ့မှာမမြ ရတော့ ရင်ကျေနပ်နေရော။ စာအုပ်ထဲမှာတော့ အမေ့ပိုက်ဆံတွေအများကြီးဘဲ။ (ဒဂုံပြောင်းတဲ့အထိတောင် အမေ့စာရင်းစာအုပ် တွေပါ လာသေးတယ်။) အမြတ်ဘယ်လောက်ဆိုတာကိုတောင်တွက်ပြီးသား။ အမေ စိတ်တွက်နဲ့တွက်တာ၊ကျမတို့စာရွက်ပေါ်မှာ ချရေးပြီးတွက်တာထက်တောင်မှ မြန်ပြီး မှန်သေးတာ။ ကြွေးလိုက်တောင်းရသူကတော့ ကျမညီမလေးဝက်ပေါ- ပေါ့။ ရတာ လဲရ၊ မရတာလဲမရပေါ့လေ။

တခါတော့ လားရှိုးမှာ မျက်နှာသုတ်ပုဝါတို့၊ အခြားတိုလီမိုလီပစ္စည်းတွေပေါ့လေ၊ ရန်ကုန်မှာပြန်ရောင်းရင် “ကိုက်တယ်”ဆိုလို့၊ သူလိုက်သွားကြည့်မယ်တဲ့။ ကျမတို့ကတော့စိတ်ပူတာပေါ့။ ဒါပေမဲ့ အမေက ဇွတ်သမားမို့ တားမရဘူး။ ကျမတို့အမေက ကုန်ရောင်းကုန်ဝယ်သွားတဲ့ စတိုင်မှမဟုတ်ဘဲ။ အလည်အပတ်ခရီးထွက်သလိုဘဲသွားတတ်တာ။ စားစရာသောက်စရာ ဂျိုင့်ကြီးဂျိုင့်ငယ်နဲ့။ လားရှိုးဘူတာမှာ စျေးဆိုင်တည်ထားတဲ့ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုကလဲရှိတာမို့ အမေကသွားချင်တာ။ (ဦးလေးက ကျမတို့ကိုသူ့သွေးသားလိုစောင့်ရှောက်ခဲ့ရှာတာမို့ ဘယ်လိုအခြေအနေလဲ၊ အဆင်ပြေရဲ့လား သိချင်တာမို့။) ဒေါ်ခင်မေတို့ပြန်လဲလာရော နောင်ချိုမှာမိုင်းထိလို့ ရထားကဆက်မသွားနိုင်ဘူးတဲ့။ နောက်ရထားတစ်စီး ကိုပြောင်းရတော့ သူ့ပစ္စည်းတွေသူမသယ်နိုင်တော့ ၊ဒီအတိုင်းထားပြီး စားစရာခြင်းကိုဘဲ အရဆွဲလာတာဆိုဘဲ။ ဒေသထွက် စားစရာကို စုံအောင်ဝယ်လာတာ။ မျှစ်ကအစပြောင်းဖူးအဆုံးသယ်လာတာ။ သူ့ခုံနဲ့မျက်နှာချင်းဆိုင်မှာထိုင်လာတဲ့သူကဘဲ၊ အမေ ကျနော်သယ်ပေးမယ်ဆိုပြီး သယ်ပေးလို့သာ အမေ့ပစ္စည်းတွေပြန်ပါလာတာပါ။ ဦးလေးထည့်ပေးလိုက်တဲ့စားစရာ တွေကိုလဲ ကူပြီးသယ်ပေးတဲ့သူတွေကို ကျေးဇူးတင်လွန်းလို့ တလမ်းလုံး ပါးစပ်မနားရအောင်ကိုကျွေးလာတာတဲ့။

မြိတ်ကိုလိုက်သွားမလို့ လေယာဥ်လက်မှတ်ဝယ်ပြီးပြီ၊ မောင်လေးဖိုးချိုကိုပါခေါ်သွားမယ်တဲ့ ဖြစ်ပြန်ရော။ အဲ့ဒီခေတ်က ငရုပ်သီးစိမ်းတစ်ခြင်းနဲ့ ဘုရားပန်းတစ်ပွေ့ ယူသွားရင် လေယာဥ်လက်မှတ်ဖိုး ကြေတယ်လေ။ အမေခရီးသွားမယ်ဆိုရင် ကျန်ခဲ့တဲ့မောင်နှမတွေအားလုံး လေယာဥ်ကွင်းဖြစ်ဖြစ်၊ဘူတာဖြစ်ဖြစ်လိုက်ပို့ပေးရတယ်။ အပြန်ကြိုရင်လဲဒီလိုဘဲ။ (မောင်နှမ မစုံလို့ကတော့ – – – – အကြီး၂ယောက် နာပြီမှတ်။) လေယာဥ်ကွင်းလိုက်ပို့ပြီး၊လေယာဥ်ထွက်လို့ ကျမတို့အိမ်ပြန်ရောက် ၊ခဏ နားရုံဘဲရှိသေးတယ်၊အိမ်ရှေ့က “သ္မီးတို့ရေ” – လို့ အမေ့ခေါ်သံကြားတော့ လန့်လိုက်တာလေ။ ကြံကြံဖန်ဖန် မြိတ်ရောက်တော့ လေယာဥ်က ဘီးချလို့မရလို့တဲ့ ရန်ကုန်ကိုပြန်လှည့်လာရတာ။ “သ္မီးရေ လေယာဥ်မောင်းတဲ့သူတော်လို့ အမေတို့မသေတာ ” တဲ့။လေယာဥ်ကွင်းထဲမှာလဲမီးသတ်ကားတွေအပြည့်ဘဲတဲ့။ နောက်နေ့မှပြန်သွားရမယ်တဲ့။ ကျမတို့ကတော့စိတ်ပူပြီး မသွား စေချင်တော့ဘူးပေါ့။ အမေကတော့ခပ်အေးအေးဘဲ၊ရောက်အောင်ကိုသွားမှာ တဲ့လေ။ ဒါပေမဲ့ မနက်စောစောထပြီး ကျမတို့ အိမ်ကိုကြွတဲ့ ဘုန်းဘုန်းကို ယတြာသွားတောင်းတာ။ကလေးကြောင့် ကံကောင်းတာလို့ပြောပြီး ယတြာလုပ်ခိုင်း လိုက်ပါတယ်။ ဒီလိုနဲ့ မြိတ်ကိုသွားဖြစ် သွားပြန်ပါရော။ (အဲ့ဒီအချိန်တုန်းက လေယာဥ်အဆင်မပြေ လို့ပြန်လာရတဲ့ခရီးသည်တွေကို လေဆိပ်မှာ ညစာစားချိန်မို့ ထမင်းကျွေးပါတယ်။)

ရန်ကုန်ပြန်ရောက်တော့ မြိတ်ကမအေးတင်တို့က အမေတို့ကို ကမ္ဘာ့ရေကြောင်းရှိတဲ့ဆီအထိ လိုက်ပြတယ်ဆိုတာပြောမဆုံး။ မောင်လေးက ခရုတွေစားတာပြောမဆုံး။ ကျမကတော့ အမြဲတမ်းအိမ်မှာကျန်နေခဲ့ရသူမို့ အငေးသားနားထောင် နေရ တာပေါ့လေ။ ပြန်လာတော့ ပိတ်စအဆန်းလေးတွေ၊ပါတိတ်လုံချည်၊ တက်ထွန်လုံချည်တစ်ကွင်းချင်းလေးတွေ၊စုံလို့ပါဘဲ။ ပြန်ရောင်းဖို့ဝယ်လာတာလေ။ ကျမတို့ညီအစ်မက “အမေဒါယူမယ်နော်” ဆိုရင်တော့” နိုး” ပါဘဲ။ “ပြန်ရောင်းဖို့လာယူတဲ့ သူမကြိုက်တာမှ သ္မီးတို့ယူရမယ်”တဲ့လေ။ ရောင်းဖို့လာယူတဲ့ မိန်းမ (မခင်သောင်း) ကလဲ အမေယူလာတဲ့ပစ္စည်းအကုန် ကိုကြိုက်နေတော့တာ။ သေတ္တာလိုက်ကို အကြိုက် “မချ”သွားတော့တာပါဘဲ။ “အမေရေ ပိုက်ဆံပေးမသွားဘူးလား” လို့မေးတော့၊ “လာပေးလိမ့်မယ်” တဲ့။ ဟားဟား၊- ဒီတခါတော့ ဝက်ပေါလေးလဲမတတ်နိုင်။ လုံးဝကို စုံးစုံးမြုပ် ၊မခင်သောင်းလဲ တခါထဲ ပျောက်သွားတော့တာ။ ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကိုယ့်လက်ထဲမှာ ကျန်တာဘဲ ကိုယ့်ပစ္စည်းဆိုတာကိုတော့ သင်ခန်းစာရလိုက်ပါရဲ့လေ။

ဒီလိုဆုံးရှုံးခဲ့ရတာတွေများခဲ့ပေမဲ့လဲ ” စေတနာ- ကံ ” ဖွဲ့တာမို့ အမေက ဘယ်တော့မှလူလုံးမလှ မဖြစ်ခဲ့ဘူးပါဘူး။ အမေတရားရဖို့ကို သူတို့ကအထောက်အပံ့ပေးခဲ့တယ်လို့ဘဲ အမေကယူဆခဲ့လေသလားတော့ ကျမတို့မသိနိုင်ခဲ့ပါဘူး။ ကျမတို့ကတော့ လူငယ်မို့ စိတ်ဆိုး၊ ဒေါသဖြစ်တာပေါ့လေ။ အမေကတော့ အကုသိုလ် ထပ်မယူနဲ့လို့ဘဲပြောတာပါဘဲ။

လူ့ဘဝဆိုတာ ဆန်းကျယ်လွန်းလှပြီး၊ လူအမျိုးမျိုးနဲ့လဲတွေ့ရ၊ ဆိုးကောင်းနှစ်တန်မို့ သင်ခန်းစာတွေလဲရခဲ့ပါရဲ့ – – – – – အသက်ရှင်နေသမျှကာလပတ်လုံးကြုံရဦးတော့မှာပါလားနော်။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s