Mi Aung

MA : Mi Aung (36)

အမှတ်ရမိတယ် – ( ၂ )

ညဖက်နဲနဲစောပြီးအိပ်လိုက်မိလို့၊နံနက်၃နာရီလောက်နိုးပြီး၊ အတွေးတွေ တောင်ရောက် မြောက်ရောက်နဲ့ပါ။ ပျော်စရာ၊ ဝမ်းနဲစရာ၊ ကြေကွဲစရာတွေမို့ ကုသိုလ်စိတ်ထက် အကုသိုလ်စိတ်ကပိုနေမလားဘဲ။ ကုသိုလ်စိတ်ကလေး ကိုတွေးမိ တော့ကြည်နူးရပါတယ်။ ဒဂုံကိုပြောင်းလာကထဲက အမေ့ခမြာမှာ တခါလောက်ဘဲ “ဇနိတာရာမ”မှာ တရား စခန်းဝင်ရရှာတာ။ အိမ်နဲ့လဲအလှမ်းကဝေး (အဲ့ဒီအချိန်ကသွားရေးလာရေးခက်ပါတယ်။) နေတော့မပို့နိုင်ပါဘူး။ တစ်ခေါက် လေးပို့ဖြစ်တယ်၊ အမေက တအားမူးတာနဲ့ ဆရာတော်ကကားစီစဥ်ပေးပြီး အိမ်ကိုပြန်ပို့ခိုင်းပေးလို့တော်ပါသေးရဲ့။ ညနေဖက်ဆို ဒဂုံကို ကားငှားရတာအဆင်မပြေလှလို့ပါ။ မောင်လေးတို့ဆုံးတော့ အမေ့ကို တရားစခန်းသွားစေချင်လွန်းလို့ သုဝဏ္ဏ မှာသင်္ကြန် ရက်စခန်းဝင်ခိုင်းပါသေးတယ်။

နောက်တစ်နှစ်တော့ ကျမတို့ရုံးကပြန်လာရင် အမြဲတမ်းတွေ့နေရတဲ့၊ မြေကြီးတွေကို သံဃာတွေကိုယ်တိုင်သယ်ပြီး မြေဖို့ နေတဲ့ဘုန်းကြီးကျောင်းလေးမှာ သင်္ကြန်တရားစခန်းပွဲအချိန်ဇယားလေးရေးထားပါတယ်။ ကျမကဖြတ်ကနဲ ဝမ်းသာ သွားပြီး၊ စပ်စုလိုက်တာပေါ့။ ဒီလိုနဲ့အမေလဲ တရားစခန်းဝင်ဖြစ်သွားရပါတော့တယ်။ သက်ဆုံးတိုင်ပါဘဲ။ အဲ့ဒီတုန်းကလေ ထရံကာ ထားတဲ့သစ်သားကျောင်းလေးတစ်ဆောင်ဘဲရှိသေးတာ။ တရားထိုင်ကြဖို့ကိုတော့ ကျောင်းဘေး ကွက်လပ်လေးမှာ တာလ ပတ်မိုးလို့၊ဖြစ်ချင်တော့မိုးကရွာလိုက်သေးတာမို့၊ပျော်စရာကောင်းသေးတော့တယ်။ ဘုန်းဘုန်းက တစ်နှစ်လုံးမှ သင်္ကြန် ၇ရက်စခန်းပွဲလေးဘဲဖွင့်နိုင်သေးတာပါ။ ဥပုသ်နေ့ကစနေ၊ တနင်္ဂနွေနဲ့တိုက်တဲ့ အခါများဆိုရင်တော့သားအမိသုံးယောက် ဥပုသ်စောင့်သွားကြတာ။ ထမင်းဂျိုင့်လေးနဲ့အချိုပွဲလေးနဲ့ပေါ့။ ဘုန်းဘုန်းရဲ့ ကျေးဇူးကြောင့် ကျမတို့ညီအစ်မ လဲနောင် နှစ် တွေမှာတရားစခန်းတွေဝင်ဖြစ်ပါတယ်။ အိမ်ကိုလဲ ညအခါပစ်ထားလို့မရလေတော့ ၊ဘုန်းဘုန်းက “နေ့ယောဂီ” အနေနဲ့တရား စခန်းဝင်ခွင့်ပြုလို့ပါ။

ကျမတို့နေရတဲ့အဆောင်ကနေ ထမင်းဟင်းချက်တဲ့အဆောင်ကိုမြင်နေရပါတယ်။ နဲနဲလဲငယ်ကြသေးတော့ မမသန်းမြင့်ရဲ့သ္မီး သူဇာကဆို “ဒီနေ့ ကြက်သားဟင်း၊ ငါးဟင်း”စသဖြင့်ပေါ့ လှမ်းကြည့်ပြီး၊ “အမရေ “တရားသား”တွေတက်လာပြီ၊ ဒီနေ့ဟင်း ကောင်းတယ်” လို့အော်တတ်သေးတာ။ အချိုပွဲမှာရေခဲမုန့်ပါတဲ့နေ့ဆို တအားပျော်ကြတာပါဘဲ။ ညနေစောင်းရင်တော့ ကျမ တို့ညီအစ်မကဘုန်းကြီးကျောင်းမှာ ညမအိပ်ဘဲ အိမ်ပြန်ကြတာမို့ မနက်လာရင် ဘာလေးဖြင့်ဝယ်ခဲ့ပေးပါ ဆိုပြီးမှာတတ် ကြသေးတာ။ ကျမတို့ကညနေအိမ်ပြန်ရောက်ရင် ဂျင်းတွေပါးပါးလှီး၊ ရေဆေးပြီး ရှောက်ရည်ညှစ်ထား၊ ကျောင်းသွားတော့ သယ်၊ ညရောက်တော့ ညဂျင်းသုတ်ကို ရေခွက်ကြီးထဲ ထည့်သုတ်ပြီး၊ယောဂီတွေကို ကျွေးကြတာ။ ကုသိုလ်လဲရ၊ ပျော်လဲ ပျော်ပေါ့။

ရွှေခြံဆရာတော်ဦးဇာဂရိယရဲ့ သီလဂုဏ်၊သမာဓိဂုဏ်နဲ့ ကြိုးစားအားထုတ်မှုကတော့အံ့မခန်းပါဘဲ။ ယ္ခုဆိုရင်တော့ ကျောင်းတိုက်ကြီးကလဲကောင်း၊ နေရာကလဲကျယ်ဝန်းလှတဲ့အပြင်၊ ကျောင်းနဲ့မျက်နှာချင်းဆိုင်မြေကွက်လဲ လျှောက်လို့ ရလိုက်တော့၊ “အောင်ဇေယျအောင်ရွှေဂူကြီးဘုရား”ကြီးကိုလဲ တည်နိုင်ပါတယ်။ ကိုယ်တွေလဲလှူဖြစ်တန်းဖြစ် ကြတာပေါ့။ အမေ တရားစခန်းဝင်တဲ့ ကျောင်းမှန်သမျှ၊ စစချင်း ကျောင်းပိစိလေးကနေ ကျောင်းကြီးဖြစ်သွားတတ်တာ။

ယ္ခု ဒဂုံမြို့သစ်အရှေ့ပိုင်း၊ရှင်ထွေးညိုလမ်းက ရွှေခြံဓမ္မရိပ်သာကျောင်းတိုက်ကြီးကတော့၊အမေ ၂၆နှစ်လုံးလုံး စဥ်ဆက်မပြတ် တရားစခန်းဝင်သွားခဲ့တာပါ။ နောက်ပိုင်း တစ်လကို ၁၀ရက်စခန်းပွဲ နှစ်ကြိမ်ကျင်းပ ပါတယ်။

အမေတရားစခန်းဝင်တဲ့အခါဆို အိမ်ကိုသော့ပိတ်ထားပြီးကျမတို့ ညီအစ်မအလုပ်သွားရပါတယ်။ ကျမကတော့ အလုပ်အသွားမှာ အမေဘာလိုချင်လဲတခါဝင်မေး၊ အပြန်မှာအမေ့ရဲ့အဝတ်အဟောင်းတွေပြန်ယူရင်း၊ အမေမှာတဲ့ပစ္စည်းနဲ့မုန့် စတာတွေပေးရတာပေါ့။အမေ့ကျန်းမာရေးလဲသိရတာပေါ့လေ။ ဒါပေမဲ့ ကျမရောက်တာနဲ့ ဆီးပြီးအတိုင်ခံရတာတော့ အဝတ်ကိုတိတ်တိတ်လေးယူသွားပြီးလျှော်တာနဲ့ ရေအကြာကြီးချိုးတာပါဘဲ။ယောဂီတွေက အမေ့ကိုချစ်ကြလို့ပါ။ ကျမတို့အိမ်ကနေ ဘတ်(စ)ကားဂိတ်ကိုသွားရင် ဘုန်းကြီးကျောင်းကို ဖြတ်ပြီးသွားရတာမို့ အမေ့ကို ဝင်ပြီးကြည့်ရတာ အဆင်ပြေလွန်းလှပါတယ်။ မိမာရဲ့ခင်ပွန်းဆုံးပြီးတော့ ကျမတို့နဲ့အတူလာနေတဲ့အခါကျတော့၊ ကျမတို့လဲသင်္ကြန်တရား စခန်းပွဲလေး တစ်ပွဲတော့ အမေနဲ့အတူ ဝင်ဖြစ်ပါတယ်။မိမာတို့သားအမိတွေအိမ်စောင့်ရှိသွားတာမို့ပါ။

တရားစခန်းက နားတဲ့ရက်တွေမှာတော့ အမေက တစ်ခြံလုံးပတ်နေတော့တာပါဘဲ။ ဓါးကိုင်ပြီးထွက်လိုက်၊ ထွန်ခြစ်ကိုင် ပြီးထွက်လိုက်နဲ့ မနားကိုမနားတာမို့ အိမ်မှာကျန်ခဲ့တဲ့မိမာနဲ့တကျက်ကျက်။ ကျမနဲ့ဝက်ပေါ အလုပ်ကပြန်ရောက်ရင်တော့ ဆူပုပ်ပြီး ထိုင်နေတတ်ကြတာ၊အမောပြေလေးပေါ့။ တစ်ခါများ ခုတ်ထားတဲ့အုန်းတုံးပေါ်တက်ပြီး၊ ခြံစည်းရိုးမှာတက် နေတဲ့နွယ်ပင်တွေကို ထွန်ခြစ်နဲ့ဆွဲတာလေ။ ဘုရား ဘုရား အုန်းတုံးပေါ်ကများခြေချော်ကျပြီး၊ထွန်ခြစ်ပေါ်ကျလိုက်လို့ကတော့ မတွေးရဲစရာပါဘဲ။ စိတ်ကောက်ပြီး ထမင်းမစားတော့ဘူးဆိုတာမျိုးကပါလိုက်သေးတာ။

သရက်သီးပေါ်ချိန်ဆိုရင်တော့ အင်မတန်ကိုစိတ်ညစ်ရတာပါ။ အိမ်ကိုလာတဲ့ ယောကျ်ားလေးတွေကို သရက်သီးခူးပေး ဖို့ပူဆာတတ်တာ။ ကျမတို့ညီအစ်မတွေနဲ့အမြဲစကားများရတာ။နောက်ဆုံးနားညည်းတာ မခံနိုင်တော့ လူငှားခေါ်ပြီး သရက်သီးတက်ခူးခိုင်းရတာ။ ခူးပြီးပြန်တော့ အိမ်ရှေ့ပိတောက်ပင်က အရွက်တွေခူးပြီး၊ သရက်သီးမှည့်အောင် အုပ်တော့တာပါဘဲ။ မျက်စေ့ကိုနောက်ရော။ ဝက်ပေါဆို သရက်သီးမှည့်ကိုမစားတော့တာ။ သရက်သီးမှည့်ပြန်တော့ တစခန်းထလာပြန်ပါပြီ။ သူ့မိတ်ဆွေတွေ၊ ဆွေမျိုးတွေကသရက်သီးမှည့်သိပ်ကြိုက်ကြတာမို့ “ပေးချင်လိုက်တာအေ၊ ကျွေးချင်လိုက်တာအေ” ဆိုပြီး ဂျီထိုးတတ်ပြန်ပါရော။ “အမေရယ် သူတို့ဝယ်စားနိုင်ပါတယ်” လို့ပြောရင် ၊ ” မတူဘူး ၊ကျုပ်သရက်သီးက ဆေးတို့ထားတာ မဟုတ်ဘူး” တဲ့လေ။

ချွင်းချက်။ ။ သူများအိမ်မှာသရက်သီးသီးရင်ပိုက်ဆံရပြီး၊ ကျမတို့အိမ်ကသရက်သီးသီးရင် ခူးခနဲ့လမ်းစရိတ် ပိုက်ဆံကုန်ပါတယ်။ အဲ့ဒီတော့သ္မီးတွေကမနေနိုင်၊နားညည်းမခံနိုင်တော့၊ ကားငှားပြီး လိုက်ပို့ပေးရပြန်တာပေါ့။ အမေတို့များ အတော်တတ်နိုင်ပါတယ်။ လုပ်ချင်တာလေးများလုပ်လိုက်ရတော့ ကျေနပ်ပြီး၊ကားရှေ့ခန်းမှာ ပြုံးပြုံးကြီးထိုင်လို့။ (အဖေ အလိုလိုက်ထားခဲ့လို့ ကလေးလိုဆိုးတတ်တာ။) ပြန်တွေးမိတော့ အမေလုပ်ချင်တာမှန်သမျှပြည့်စုံအောင် လုပ်ပေးနိုင်ခဲ့မိလို့၊ အမေ့ကို ဘာလေးမလုပ်ပေးလိုက်ရဘူးဆိုတဲ့ “နောင်တ”မျိုးမရ – ရတော့တာပါ။

ကျမတို့အမေကလဲလေ -တကယ်ကိုထူးခြားတဲ့စွမ်းရည်ရှိတဲ့သူပါ။ သားသ္မီးတွေကို – “လောကီ “အရေးအတွက် ပညာတတ်အောင်၊ လူမှုဆက်ဆံရေးပြေပြစ်အောင် သင်ပေးခဲ့တဲ့အပြင်၊ ‘ လောကုတ္တရာ ” အရေးအတွက်လဲ “အပါယ်” မကျရလေအောင် ရှေ့ဆောင်လမ်းပြခဲ့တာမို့ ၊

ကျေးဇူးအနန္တပါ – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s