

သည်နေ့ ၅ အောက်တိုဘာ ၂၀၂၁
သမီးငယ် ၏ မွေးနေ့။
ယင်းမွေးနေ့အတွက် သမီးငယ် ၇နှစ်အရွယ်က အပြင်းဖျားကာ ညအချိန်မတော်ကယောင်ကတမ်းဖြစ်ပြီး သူ့ မိခင်ဖြစ်သူကလည်း ခရီးဝေးထွက်နေသည့် အတွက်..
ဖခင်တစ်ယောက်တည်း ခြေမကိုင်မိ လက်မကိုင်မိ ဗျာများကာ သောကဗလောင်ဆူဝေ နေခဲ့သည့် ဖြစ်စဉ်တစ်ခုကို မှတ်တမ်းတင်ရေးဖွဲ့ထားခဲ့သော တကယ့်အဖြစ်အပျက် ကဗျာ….
“သောက ဆူအိုး”
ည အခင်းမှာလ
တစ်မျှဉ်းမျှဉ်း အသက်ရှူလို့
မျက်တူရူ အိပ်မောကျလေရော့
အခက်ဖြူဖြူ စိတ်မနောလှပါတဲ့
ရှုမဝ ရင်နှစ် ပွင့်စံပယ်။
ည သန်းခေါင်အကျော်….
ဗိုင်းရပ်စ်ခေါ် နှိပ်စက်ပိုးတွေကြောင့်
အိပ်စက်အိုး သမီးငယ်ခမျာက
မုန်တိုင်းလယ် လှေငယ်လူးသည်သို့
ခုန်လှိုင်းသဖွယ် အဖျားကကျူးပြန်တော့
အရူးလို ဟိုသည်စမ်း….
ငါ ဘာထမ်းလို့ ဘာကိုင်
ဘယ်ထိုင်လို့ ဘာလုပ်
ငုတ်တုတ်သာ ချိုင့်မျက်တွင်းနဲ့
ကျင်း အရုဏ်ခြယ်။
“ဖေကြီးကြောက်တယ် ကြောက်တယ် …. “
မှောက်ကယ် လှန်ကယ် ကယောင်ကတမ်းရယ်နဲ့
စောင်ကြမ်းကို သူကန်လှပ်ပါလို့
သြော်… သင်းတို့အရွယ် ကြောက်နေတတ်ပြီလာ့
မစပ်မဆိုင် ထပ်အိုင်အတွေးတွေက
အဝေးရောက် အိမ့်သက်ထားဆီသို့
စကားဘယ်လိုပါးရမယ်
ဗျာကြွယ်စေတဲ့ နှောင်ကြိုး။
သည် ကြိုးမျှင်….
သည် ပျိုးပင် ယူငင်မစိုက်ပါလျက်
ပူရင်မှာ အမြစ်တွယ်ကာ နှိုက်လာတော့
ပွန်းခိုက် နာကျင်ကျင်မို့
ပုထုဇဉ် သဘောဓမ္မဟာဖြင့်
လောကရွာ လူအမျိုးမှာပ
ပြောမပြသာ မြူအခိုးတွေနဲ့
(နှလုံးအိမ်မှာတော့….)
သောက ဆူအိုး။ ။
တက္ကသိုလ် မိုးဝါ
၂၈- ၆ – ၁၉၈၅ ည ၁၀:၅၃
( ရှုမဝ မဂ္ဂဇင်း- ၁၉၈၅ သြဂုတ်လ)
Categories: P - T