စိတ်ဖြေရာ
အတွေးနဲ့ပျော်ရတာလဲ၊တကယ့်ကို ပျော်ခဲ့ရတဲ့အချိန်ကို ရောက်သွားသလိုပါဘဲ။ ခံစားဘူးကြမှာပါ။ မနေ့က ညီမခင်စန်းနုတို့ အိမ်မှာ ထမင်းစားကြရင်း၊ အစ်မရေ ခရီးသွားချင်လှပြီဆို့လို့။
အမှတ်ရမိသွားတာက- “မိုးကုတ် နှစ်ရှစ်ရာပြည့်ပွဲလေးကို သွားမယ်၊ အစ်မလိုက်ခဲ့ပါလား” တဲ့။ မယ်လိုက်ချင်ကလဲ သိပ်အားနာတတ်တာမို့ မငြင်းချင်ဘူးလေ။ သူတို့ ဘုရင့်နောင်တာဝါက အုပ်စုလဲ ပါမှာဆိုတော့ ကျမကိုအရခေါ်တာလေ။ “နေပါဦး၊ ငါ ဝက်ပေါကိုမေးဦးမယ်”ဆိုတော့၊ ဝက်ပေါကလဲ မလိုက်ချင်ရှာပါဘူး။ သူ့အတွက်ပါ ကားလက်မှတ်ဝယ်လိုက်ဆိုဘဲ။
ခရီးတွေထွက်တိုင်း ကျမတို့ ညီအစ်မလေးယောက်က တက်ညီ လက်ညီမို့ သိပ်မတိုက်တွန်းရပါဘူး။ ဒီတစ်ခေါက်တော့ ငြိမ်းငြိမ်းရဲ့သ္မီးကြီး နန်ဦးလဲပါတာပေါ့။ ရန်ကုန်ကနေ မန္တလေးကို ည၆နာရီကားနဲ့ စီးသွားလိုက်ကြတာ မန္တလေးကိုမနက်ရောက်တော့ မိုးကုတ်က မောင်လေး မောင်သန်းဌေးက မိုးကုတ်ကို တခါထဲတက်ဖို့ ကားစီစဥ်ပေးထားပါတယ်။ (မောင်သန်းဌေးက ခင်စန်းနုရဲ့မောင်လေးအငယ်ဆုံးပါ။ ယောင်းမလေးမခင်ရီနဲ့ညီမလေးတွေအားလုံးက ဧည့်ဝတ် အင်မတန်ကျေကြတာ။)
လူကလဲသိပ်မများပါဘူး။ ကျမတို့ညီအစ်မ၅ယောက်၊ မိုးမိုးနဲ့စန္ဒာညီအစ်မ၂ယောက်၊ ခင်ပြုံးချို၊ အန်တီအေးနဲ့သူတို့ရဲ့မိတ်ဆွေ တစ်ယောက်။ ကျမတို့ရဲ့ ဆရာကြီးကိုတင်ထွန်းကတော့ မပါလို့မဖြစ်။
နံနက်အစောစာကိုတော့ မေမြို့ရောက်မှ မလိုင်စားချင်တဲ့သူနဲ့ ပလာတာစားမည့်သူနဲ့၊ ဆိတ်စွပ်သောက်မည့်သူနဲ့၊ ဆိုင်ရှင်မျက်စေ့လည်ရောပါဘဲ။ မိုးကုတ်ကိုနေ့လည်ခင်းရောက်သွားတော့ မောင်လေးတို့အိမ်မှာ နေရာထိုင်ခင်းကစီစဥ်ထားပြီးသား။ ညစာဘာမှမချက်နဲ့၊ တို့တွေ စျေးတန်းကြီးက ဒေသထွက်စားစရာတွေ လျှောက်စားကြမယ်ဆိုပြီး၊ ညနေဖက်လမ်းထွက်ကြတာပေါ့။ နှစ်ရှစ်ရာပြည့်ပွဲတော်ကြီး ဆိုတော့လဲ စျေးတန်းကြီက ဟီးထနေတာပါ။စားစရာတွေကလဲ ပုံမှန်စျေးဘဲ။ကြိုက်တဲ့ဆိုင်ဝင်စားကြ၊ တကယ်ပါဘဲ၊ မြန်မာတွေပွဲလမ်းသဘင်ကြိုက်ကြပုံများတော့ စျေးဆိုင်တိုင်းလူအပြည့်။ အပျော်မက်ကြတာကို။ ကိုယ်လဲအပါအဝင်ပါဘဲ။~စားသောက်ပြီးကြတော့ “ပြပွဲအခင်းအကျင်း” ဆီလဲ လျှောက်ကြည့်ချင်သပ ဆိုလို့ ၊အမယ်လေးတစ်ယောက်နဲ့တစ်ယောက် ပျောက်သွားမှာစိုးလို့ လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားရတာ။ လူကွဲသွားရင် ဘယ်နားမှာပြန်ဆုံမယ်နော်။ဖုန်းဆက်လို့
မှာထားကြရသေးတာ။ စည်လိုက်တာ ဝက်ဝက်ကွဲ။ ဒါတောင် လူတွေ စီးပွါးရေးမကောင်းလို့။~နောက်နေ့မနက်ကျတော့ မိုးကုတ်မှာဘုရားတွေလျှောက်ဖူးကြတာပေါ့။ဒေါ်နန်းကြည်တောင်တို့ ဘော်ပတန်းတို့။ အမယ်လေး ဘော်ပတန်းမှာများကားဆိုက်လိုက်တာနဲ့ ဘုရားပေါ်မတက်ခင် ရေသန့်ဘူးပေးပြီး၊ ခေါက်ဆွဲကြော်ကျွေးတာ၊ ကြက်သားနဲ့လား ဝက်သားနဲ့လား မမှားစေရဘူး၊ဧည့်ခံကြတာ။ စားပြီးအဆောက်အဦကပြန်အထွက်မှာတော့ ရေနွေးကြမ်းနဲ့လက်ဖက်ကိုစားပွဲရှည်ကြီးမှာ ကျကျနနတည်ခင်းပြီးကျွေးတာ။ မစားချင်ပါဘူးဆိုလဲ နဲနဲတော့စားပါဆိုလို့ စားကြည့်လိုက်တာ ဇွန်းတောင်ပြန်မချတော့ပါဘူး။ ခုတောင်ပြေးပြီးစားလိုက်ချင်ပါသေးတယ်။ ဘုရားတက်ဖူးပြီး ပြန်အဆင်းမှာတော့ကိုယ့်ရဲ့ကားနားအထိ အအေးဘူးကမ်းသေးတာ။ အလှူအတန်းရက်ရောလွန်းလှပါတယ်။ #မနက်ဖန် ကျွေးမည့်အစီအစဥ်တောင်ကြေငြာထားသေးတာမို့ နီးနီးနားနားသာဆိုလို့ကတော့ – –
ညနေ မြို့ထဲပြန်အဝင်မှာတော့ မိုးကုတ်မြို့မှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံက ဝတ်စုံပြည့်တွေဝတ်လို့ စီတန်းလှည့်လည်ကြတာ။ တမျှော်တခေါ်ပါဘဲ။ သိပ်ကိုလှကြတာပါ။ တခါမှကိုမမြင်ဘူး၊မသိဘူးတဲ့ လူမျိုးစုတွေတောင်ပါပါတယ်။
ဒီလောက်လူမျိုးပေါင်းစုံတဲ့ မိုးကုတ်မြို့ကလူတွေဟာ တကယ်ကိုချစ်ခင်စည်းလုံးကြလို့သာ ဒီလိုမျိုးပွဲကြီးကျင်းပနိုင်ပြီး၊ ခိုက်ရန်ဖြစ်ပွါးခြင်းလဲအလျဥ်းမရှိတာတော့ သိပ်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။
နောက်တနေ့တော့ မိုးကုတ်မြို့ထဲကဘုရားတွေစုံအောင်ဖူးကြပြီး၊ ညနေပိုင်းမှာ “ထာပွဲ “ကိုသွားကြပါတယ်။ ကျောက်တွေကို စုံလို့ပါဘဲ။ ကျမတော့မဝယ်နိုင်ပါဘူး။ ဒါပေမဲ့ ထူးတဲ့စားစရာတစ်မျိုးကိုတော့စားခဲ့ရပါတယ်။ ကျမတို့ငယ်ကထဲက အမေက မတည့်မှာစိုးရိမ်လို့ ဘယ်တော့မှမကျွေးခဲ့တဲ့ ပဲမြစ် ကို သုံပုရာသီးလေးညှစ်ပြီး၊ နှမ်းလေးဖြူးလို့သုတ်တာပါ။ စားလို့ကောင်းလိုက်တာမှ ဆွေမျိုးတောင်မေ့သလောက်ပါဘဲလား။ ကျမတို့သိခဲ့ဘူးတာက ပဲမြစ်နဲ့ အချဥ်တွဲပြီး မစားရ ဘူးလားလို့ပါ။ ညစာအတွက်ကို့တော့ မောင်လေးရဲ့ ခယ်မလေးမိုးမိုးနဲ့ သူငယ်ချင်းမလေးမိန်မိန်းက အိမ်မှာ ဟော့ပေါ့ လုပ်ကျွေးပါတယ်။ ခင်မောငထွန်းရဲ့ချစ်ဇနီးကချက်တာပေါ့။အသီးအရွက်တွေကလဲလတ်ဆတ်တော့ ကျမတို့ အုပ်စု ခေါင်းတောင် မဖေါ်ဘဲ စားကြတာ။ မောင်လေးတို့မိသားစုအားလုံး ကျန်းမာချမ်းသာပြီး၊အလှူကြီးအတန်းကြီး ပေးနိုင်ကြပါစေ။
နောက်တနေ့ မနက်အစော ကားတစ်စီးငှားပြီး မေမြို့ကိုဆင်းလာ၊ မေမြို့ဘုရားဖူးပြီး ညဖက်ကားနဲ့ ရန်ကုန်ကိုပြန် လာခဲ့ကြ တာပေါ့။ ဓါတ်ပုံတွေရိုက်ကြတော့လဲ ညီအစ်မ၂ယောက်တစ်စုံတွဲစီ ရိုက်ကြတာမို့ နန်းဦးကတော့ တစ်ယောက်ထဲ အားငယ်လိုက်တာဆိုလို့ ရယ်ကြရသေးတယ်။
ခရီးသွားခြင်းဟာလဲ စိတ်အပန်းပြေစေပြီး၊ပူပန်သောကတွေရှိရင်လဲ ခေတ္တခဏတော့ပြေပျောက်စေတာမို့ – – – – -” အေးချမ်းသာယာတဲ့ကာလလဲဖြစ်၊ ကိုယ်တိုင်လဲကိုယ့်ဝန် ကိုယ်ထမ်းနိုင်လို့ကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးတွေ သွားပစ်လိုက်ဦးမှာ ။ ။
Categories: Mi Aung