Rangoon Institute of Technology

TMW : Tekkatho Moe War (4)

အိမ်အောင်းကြာ ဘဝ (၄) ရဲ့အတွေးခါးခါးနဲ့ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ….

စာရေးသူဟာ ၁၉၆၀ပြည့်နှစ်မတိုင်ခင်ကတည်းက ဆရာဒေါင်း (ဒေါင်းနွယ်ဆွေ) နဲ့သိကျွမ်းခင်မင်ခဲ့၊ သွားသွားလာလာ အဆက်အဆံမပျက် ရှိခဲ့တာ မမေ့နိုင်ပါ။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားအများစုရဲ့ ဘဝခရီးမှာ ဆရာဒေါင်းဟာ ကဗျာအယ်ဒီတာအဖြစ် တစ်လ နှစ်ကြိမ်ထုတ် တိုင်းရင်းမေဂျာနယ်ကနေပြီး ကဗျာရေးစ လူငယ်တော်တော်များများကို အားပေးအားမြှောက်လုပ်ပြီး စင်တင်ပေးခဲ့တာလည်း မေ့ပျောက်နိုင်စရာမရှိပါ။ စာရေးသူ ကျောင်းဆရာဖြစ်သွား တဲ့အ ချိန်မှာတောင်မှ လူငယ်လေးတစ်ယောက်လို သူကဆက်ဆံခဲ့တယ်။ အချို့ကသူ့ကို ဒေါသကုမ္မာရ ကဗျာဆရာလို့ခေါ်တာ သူက မဟုတ်ရင်တော့ချက်ချင်းပဲ တုံ့ပြန်လေ့ရှိတာမို့ပါ၊ စာရေးသူက ဒီလိုမမြင်၊ လေသံသိမ်မွေ့နူးညံ့ပြီး အပြောအဟောကောင်းသူလို့ မြင်တယ်။ သူဟာ ရှုမဝမှာလည်း အလျဥ်မပြတ် ကဗျာတွေရေး ဖွဲ့ခဲ့ တာသိကြမှာပါ။ ကဗျာနဲ့ဆက်စပ်တဲ့ ဝေဖန်ရေး၊ ဝေဖန်ရေး ကိုတုံ့ပြန် တဲ့တန်ပြန်ဝေဖန်ရေးစာအုပ် တွေရေးသား ထုတ်ဝေ ခဲ့တယ်။ ၁၉၆၆ခုနှစ်ထုတ် “သင်ဘာကဗျာရေးမည်နည်း” စာအုပ်မှာ ကဗျာအတွေးအခေါ်၊ ကဗျာအရေးအသား၊ အလွယ် လမ်းနောက်လိုက်သောစကားလုံးနောက်လိုက်များ– ဆို​ပြီးခွဲရေးထားတယ်။ အခုခေတ် မော်ဒန်ကဗျာကိုတော့ တစ်ကဏ္ဍ ထားပါ။ ကဗျာကိုအခြေခံကျကျ ထဲထဲဝင်ဝင် လေ့လာသုံးသပ် နိုင်တဲ့အတွက် ကောင်းတယ်လို့ပြောရမှာပါ ။ မြန်မာကဗျာဆိုတော့ မြန်မာဆန်ရင် ပိုပြီးရသမြောက်မယ်လို့ ယူဆရင် မမှားနိုင်ပါ။ ဆရာဒေါင်းပြုစု​ရေးသားခဲ့တဲ့ ကဗျာဝတ္ထုရှည်တွေကို များပြားလွန်းလို့ မဖော်ပြတော့ပါ။ ကဗျာပေါင်းချုပ် စာအုပ်မျက်နှာဖုံးကိုတော့ အာအိုင်တီရဲ့ကာတွန်းဆရာ ဇော်မောင်က ရေးဆွဲသရုပ်ဖော်ထားတာဖြစ်တယ်။ ၂၀၁၅ ဩဂုတ်လထုတ်ကဗျာ အပုဒ် ၁၇၀။၁၉၃၁ မှာမွေးဖွားပြီး ၁၉၈၅မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တဲ့ ဆရာဒေါင်း ပြုစုထုတ်ဝေခဲ့တဲ့ကဗျာဆိုင်ရာနဲ့ ဝမ်းရေးအတွက်လို့ဆိုတဲ့လုံးချင်းဝတ္ထုတွေလည်းရေးခဲ့တာတွေကအများသား။ ပြောချင်တာက စာရေးသူရဲ့ ၁၉၈၅ က ထုတ်တဲ့ “တပင်တိုင်ကဗျာများ” ကဗျာစုစည်းမှုစာအုပ်အတွက် ဆရာဒေါင်းဆီက အမှာစာကိုထည့်သွင်းခဲ့တာမှာ ပြန်ဖတ်ရင်း တအားဝမ်းနည်းပြီး သတိပိုပိုရ​နေမိတော့တယ်။ သူ့အမှာစာထဲပါတဲ့ စာစု တစ်စိတ်တစ်ပိုင်းကို ဖော်ပြလိုက်ပါတယ်။ ဆရာဒေါင်း အဓိကပြောဆိုချင်တာကဘာလဲဆိုရင် တက္ကသိုလ်ဟာ ရေစီးချောင်းဆုံရာ၊ လှိုင်းပေါင်းဆုံရာ ရေတံခွန် ရေဝဲကတော့ကြီးဖြစ်နေပါလျက်နဲ့ အရင်က အလုအယက် အပြိုင်အဆိုင်ကွန့်မြူးရေးဖွဲ့ခဲ့သမျှကာလဟာ ဘဝဝမ်းစာရှာရတဲ့ မျက်နှာစာကိုရောက်လည်းရောက်ရော တက္ကသိုလ်နယ်မြေရဲ့ စာပေကဗျာ ရေဝဲဂယက်ကနေပြီးတော့စွန့်ခွာသွားတတ်ကြတယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။ ကဗျာစာပေကိုမြတ်နိုးပေမဲ့ဝမ်းစာရေးအခက်ကြောင့် မလုပ်နိုင်ကြတော့တာကိုရည်ညွှန်းတာပါ။ ခေတ်ရဲ့စီးပွားရေး လူနေမှုအခြေအနေကို မသိမသာ လှစ်ဟ ပြလိုက်တယ်လို့ သဘောပေါက်ရမှာပဲဖြစ်ပါတယ်။ စာပေရဲ့ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ဟာ တဖြည်းဖြည်းနဲ့ ယုတ်လျော့အားပျော့လာဖို့ အစပျိုးတဲ့လက္ခဏာလို့ပဲ ဆိုရမလား။ “တပင်တိုင်ကဗျာများ ” ကဗျာစာအုပ်အပေါ်တစ်ပင်တိုင်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ဆရာဒေါင်း က… ” လာပြန်ချေပြီ၊ သူထုတ်မယ့်ကဗျာစာအုပ်၊ အမည်က ‘တပင်တိုင်ကဗျာများ’။ ရှားရှားပါးပါးသူ့ဘဝနှင့်သူ့ကဗျာများမှာ တစ်ပင်တိုင်ကသော တစ်ပင်တိုင် ကဗျာမင်းသားလေးနှင့်တူနေပါသည်။ “တစ်ပင်တိုင်” ဟူသောစကားလုံးကိုအနက်အဓိပ္ပါယ်ဖွင့်သော် မည်သူနှင့်မျှ မရောနှောသည့် သီးခြားသဘော၊ သီးသန့်သဘောကိုဆောင်နေသည်။ မိမိကိုယ်ကိုမိမိအားကိုးသောယုံကြည်ချက်ပြင်းပြသည့်သဘောလည်း ပါဝင်နေသည်။ မိမိအစွမ်းအစ၊ မိမိအယူအဆ၊ မိမိအတွေးအခေါ်ဖြင့် မိမိဘဝကိုမိမိကိုယ်ထူကိုယ်ထနည်းဖြင့် ရဲဝံ့ပြတ်သားစွာ ရပ်တည်ထူထောင်မည့် သဘောလည်းပါဝင်နေသည်။ “သူ့ကဗျာသည်အဘယ်မျှကောင်းသည်၊ ဘယ်မျှအဆင့်ရှိသည်၊ ဘယ်မျှအောင်မြင်သည်ကို စာရေးသူဝေဖန်စရာမလိုဟုထင်ပါသည်။အကြောင်းရှိသည်။”လွန်ခဲ့သော ၂၅နှစ်ကျော်က တက္ကသိုလ်​ကျောင်း သားလေးသည် မူလရုပ် လုံးဝပြောင်းလဲခြင်းမရှိ၊ ယခုအထိ ငယ်ရုပ်မပျောက်သေး၊ စိတ်နှင့်ရုပ် ဒွန်တွဲသည်ဆိုပါလျှင် ငယ်ရုပ်မပျောက်သလို ငယ်စိတ်လည်း ပျောက်မည်မဟုတ်၊ ငယ်စိတ်မပျောက်လျှင် သူ့ကဗျာ၏ ဗီဇမူလစိတ်သည်လည်း ပျောက်မည်မဟုတ်။ ထို့ကြောင့် ကဗျာရေးသက် နှစ်ရှည်သူ၊ သူ၏ကဗျာစာအုပ်ကိုအားပေးသင့်သည်၊ အားပေးရမည်ဟူသော အသိဖြင့် ဤအမှာစာကိုးရေးခြင်းဖြစ်ပါသည်…” ဟု ဆရာဒေါင်း၏ အမှာစာ၌ ပါရှိသည့် တစ်စိတ်တစ်ပိုင်းစာစုဖြစ်သည်။”ဘက်” ရှိရမယ် ဆိုပြီး စာပေကဗျာဖန်တီးတိုင်းကြွေးကြော်ရပ်တည်ခဲ့တဲ့ ပြည်သူ့ကဗျာဆရာကြီးဆရာဒေါင်းကို သတိရတိုင်းလည်း ဆောင်းပါးရေးဖြစ်သည်။

ရေးဖြစ်ခဲ့သောဆောင်းပါးခေါင်းစဥ်တို့အား ဖော်ပြပါသည်။

— မြင်းခွာနွယ်၏ လူးလွန့်ခြင်းနိဒါန်းအဖွင့်။(၁၅ -၁၁ -၂၀၁၆)

— မြင်စေချင်စမ်းပါဘိ ပြည်သူ့အောင်ပွဲ။(၁၇- ၁၁ -၂၀၁၅)

— ကဗျာဆရာ၏ သီယေတာညတစ်ည။(၃၀- ၁၁ -၂၀၁၇)

— မြင်စေချင်စမ်းပါဘိ။(၁၅ -၂- ၂၀၂၁)

— အော်ပရေးရှင်းသီယေတာမှကဗျာဆရာ၏ဆေးရုံည။ (၂၈ -၃ -၂၀၂၁)

တက္ကသိုလ် မိုးဝါ၂ နိုဝင်ဘာ ၂၀၂၁

ဆရာဒေါင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သောတိုင်းရင်းမေဂျာနယ်တွင် စာရေးသူ၏ အချစ်-ဘဝ ကဗျာကိုအောက်တွင်တင်ပြပါရစေခင်ဗျား။

” လာတွေ့ဦးမည့် တစ်ဖန်ည ”

နှင်းကျညသည်
ချမ်းမြ ခိုက်တုန်လှပါတကား။
ညမွှေးပန်းသည်
ကြိုင်လန်း ပွင့်နှံ့ ပျံ့နေတကား။
‘ဆောင်တော်ကူး’ လည်း…
လှိုင်မူးဝေဝေ ဖူးနေတကား။
ကိုယ့်ချစ်သူက၊ ရယ်မူ မျက်ထား
ကြယ်များရှုံးစေ၊ မျက်လုံးတွေဖြင့်
ပြုံးဝေနှောင်ငြိ၊ ကိုယ့်ကိုကြည့်ကာ
မထိ တစ်ချက်၊ ထိ တစ်ချက်နှင့်
ပွင့်ခက် နီတျာ၊ နှင်းဆီလွှာဖြင့်
နမ်းကာ နှုတ်ဆက်၊ စိုးရိမ်လျက်မို့
နှစ်သက်ကြည်နူး၊ ပြန်ရဦးမည်
နှင်းလူး ဆောင်းညတစ်ညတည်း။
သူ့အနမ်းကြောင့် လမ်းတစ်လျှောက်တွင်၊
နွေးသည်ထင်ခဲ့ တွယ်မင် စိတ်ကူး၊
ဆောင်တော်ကူးပင် လှိုင်ဖူး မကြွယ်၊
ရနံ့ပြယ်ခဲ့ မှောင်ကွယ်ခမန်း၊
မြေနီလမ်းဝယ် ပန်းတိုင် ဟိုရှေ့၊
တရွေ့ရွေ့ဖြင့်မြင်တွေ့ ရောင်နီ၊
စိတ်ကူးသီရင်း ရှည်ဝေး ခရီး၊
ခေတ်ရေစီးမှာ ကြီးမားအားအင်၊
ပြုပြင် မွေးဖွား လက်တွဲသွားမည်၊
နှလုံးရည်၍ ကြံ့တည် သစ္စာ၊
မပျက်ပါတည့် ကြာလွန် မည်းမှောင်၊
ညသန်းခေါင်ကျော် အိပ်မပျော်လည်း
မျှော်ရသည်တွင်၊ စိတ်အစဥ်၌
ကြိုမြင်တတ်လေ့၊ နောက်တစ်နေ့မှာ
လာတွေ့ဦးမည် ကိုယ့်ချစ်သူ။ ။
တက္က သို လ် မိုးဝါ ၁၆- ၁၂- ၁၉၆၄
(တိုင်းရင်းမေဂျာနယ်-၁၉၆၅ ဇန်နဝါရီ အဖွင့်ကဗျာ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s