Mi Aung

Mi Aung (47) *

အားနာ၊သနားမိ

နုနယ်လှတဲ့ကလေးတွေဟာ ငယ်စဥ်အခါက ကြား သိ ကြုံတွေ့ခဲ့ဘူးတာလေးတွေကိုစွဲစွဲမြဲမြဲမှတ်မိနေတတ်ကြလေသလားလို့။ အမေနဲ့အဖေ စိတ်ဆိုးလို့ အဖေတို့ရဲ့အိမ်ကနေ အမေကသေတ္တာဆွဲပြီးဆင်းသွားတာ၊ ဝမ်းကွဲအစ်မ မတင်ဦးက ကျမကိုခါးထစ် ခွင်ချီပြီးချော့ခဲ့တာတွေကို ရုပ်ရှင်ကြည့်သလို ပြန်ပြီးမြင်ယောင်မိတာ စသဖြင့်ပေါ့။ (၃နှစ်သ္မီးသာသာလောက်ကပေါ့။)

အဖေက လွန်ခဲ့တဲ့( ၅၃ )နှစ်ကထဲက ကွယ်လွန်သွားခဲ့တာမို့( ၁၀)နှစ်စာသာသာလောက်ကိုသာ အဖေ့စရိုက်၊ အဖေ့အကြောင်း တွေကို မှတ်မိနေရတာပါ။ ရှေ့ သုံးနှစ်သ္မီးလောက်ကတော့သိတာမရေရာလှပေမဲ့၊( ၄ ) နှစ်သ္မီးလောက်ကျတော့ အတော်လေး မှတ်မိလာခဲ့ပါပြီ။

အဖေ ဆုံးတော့လေ စိတ်ထဲမှာ ငါတို့အဖေမှ သေရတယ်လို့ ရှက်နေမိတာ။ လူတောထဲတောင် မသွားရဲသလိုကိုခံစားရတာပါ။ သူများတွေကတော့ အဖေရှိကြတာပါလားရယ်လို့လဲ မနာလိုဖြစ်ခဲ့ဘူးတာပါ။

တကယ်တော့ အားကိုးစရာအဖေမရှိတော့တာကို ဝမ်းနည်းအားငယ်နေတာပါလားဆိုတာ အတော်လေးကြာမှ သိနားလည် ခဲ့ပါတယ်။

ကျမတို့မောင်နှမတွေက အမေ့ထက်အဖေ့ကိုပိုချစ်ကြတာ။ အဖေက အလိုလိုက်တာကို။ စားချင်တာဆိုလဲ အချိန်တော်တယ်၊ မတော်ဘူး တွေးမနေဘဲ သားသ္မီးကို ကျွေးတတ်တာ။ အမေကတော့ ညမိုးချုပ်ရင် အစာမကြေမှာ နေမကောင်းဖြစ်မှာစိုးရိမ်လို့ ဘယ်သောအခါမှ အလိုမလိုက်တတ်ဘူး။

အဖေကတခါဘူးမှကိုကျမတို့မောင်နှမတွေကို ရိုက်ဖို့နေနေသာသာ၊လက်နဲ့တောင်မရွယ်တတ်ပေမဲ့၊ အဖေ ခပ်တည်တည်နေ တဲ့အခါများမှာတော့ ပြန်မပြောဝံ့ဘဲ ငြိမ်နေကြရတာ။ လွန်ခဲ့တဲ့တစ်ပါတ်လောက်ကတော့ မိုးလင်းနေမှကြံကြံဖန်ဖန် အိပ်မက် မက်တာ၊ အဖေက ကျမကိုရိုက်လို့ ရှိုက်ကြီးတငင်ငိုလိုက်ရတာ။ “ဝက်ပေါက အစ်မဘာဖြစ်လို့လဲ” လို့မေးတာ ကိုတောင် “အဖေက ငါ့ကိုတခါဘူးမှမရိုက်ဘဲ၊ ခုအဖေရိုက်လို့” လို့ပြန်ဖြေပြီးတော့ကို ဆက်ငိုနေမိသေးတာ။ ငိုရတာမောလိုက်တာလေ။ အမယ်လေး အမေကတော့ ဆူလိုက်၊ ရိုက်လိုက်၊ လိမ်ဆွဲလိုက် လုပ်တတ်ပေမဲ့ သိပ်မကြောက်ပါဘူး။

ဝက်ပေါ ငယ်ငယ်ကဆို သိပ်ဆော့တာ။ကျောင်းသွားဖို့ အချိန်နီးလို့ ဝက်ပေါဆော့နေရာကပြန်မရောက်သေးရင် အဖေက ကြိမ်လုံးကိုင်ပြီး၊ “သ္မီးရေ”လို့ခေါ်လို့ကတော့ ဝက်ပေါက အိမ်ကို အရင်ဦးအောင်ပြေးလာပြီး အဖေလိုက်လို့မရတဲ့နေရာကနေ အဖေ့ကို “အဖေ လာရိုက်လေ”လို့ခေါ်ရင် အဖေကအော်ရယ်တတ်တာ။ (ကျမတို့ ကြည့်မြင်တိုင်အိမ်ရဲ့နောက်ဖက် ရေကပြင်က ညွတ်နေလို့၊ အဖေက ဝဝကြီးမို့ မသွားရဲဘူး။) နောက်ပြီး ဝက်ပေါရဲ့ကျောင်းက နေ့လည်ကျောင်းမို့ တစ်မနက်လုံး ဗြောင်းဆန် အောင်ဆော့တတ်တာပါ။

မောင်လေးဝင်းမောင်ကိုတော့ ယောကျ်ားလေးဖြစ်ပြီး၊စိတ်ကောက်တတ်တာမို့ အဖေကခြောက်လှန့်ရုံလေး ရိုက်တတ်ပါတယ်။ ညီမလေးမိမာနဲ့မောင်လေးဖိုးချိုတို့ကတော့ အတော်ငယ်ကြသေးတာမို့ အဖေ့ကို မှတ်မိသလို မမှတ်မိသလို ဇဝေဇဝါဖြစ် နေ ကြမှာပါ။ မိမာဆိုရင်ကျောင်းတောင်မနေရသေးပါဘူး။ ဖိုးချိုလေးကတော့ အဖေသွားလေရာခေါ်သွားတတ်ပေမဲ့ လုံးဝ မမှတ် မိလောက်ပါဘူး။ သူတို့နှစ်ယောက်ကသနားစရာပါ။

တခါတော့ အမေသိပ်သဘောကျတဲ့ ဟင်းသောက်ပန်းကန်လုံးကြီးကို ကျမက ချခွဲပစ်လိုက်တော့၊ အဖေလေ ပန်းကန်လုံးကို မီးဖိုအောက်ထဲ ကမန်းကတမ်းထိုးထည့်ထားလိုက်တာ။ပြီးတော့ ပြောလိုက်သေးတယ်။ (ထင်းမီးဖိုခုံ အောက်ကနိမ့်တော့ ငုံ့ပြီး သေသေချာချာကြည့်မှ မြင်ရတာမို့။) “တိတ်တိတ်နေ၊နင့်မိထွေး မသိစေနဲ့” တဲ့။ တစ်ရက်ကျတော့ ကျမက “အဖေ နော်၊ ပန်းကန် လုံးကွဲသွားတဲ့အကြောင်း အမေ့ကိုတိုင်လိုက်မယ်” လို့ပြောတော့ အဖေရယ်လိုက်တာလေ၊ ခုထိ မြင်ယောင်နေ မိပါသေးတော့ တယ်။ အော် ကလေးဆိုတော့ ကိုယ်အရိုက်ခံရမယ်ဆိုတာမတွေးမိတာပါလားလို့။

အဖေ အမြဲ ကျမတို့ကိုပြောတတ်တဲ့ “မိထွေး”ဆိုတဲ့ စကားလေးဟာ ရင်ထဲစွဲပြီး အမှတ်ရနေတာမို့၊အမေက တကယ်များ တို့ “မိထွေး” လေလားလို့ ထင်မိယောင်မှားဖြစ်ခဲ့ဘူးပါတယ်။ ဒါကြောင့် ကလေးတွေကို စကားပြောရင် မိဘတွေ သတိထားသင့် ကြဖို့ နဲ့ စိတ်အနာဖြစ်စေမည့်စကားမျိုးတွေကို မပြောမိစေဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အမေနဲ့ကျမက ချွတ်စွပ်ကိုတူတာပါ။

အဖေဆုံးတော့ “သ္မီးတို့ ဘယ်သူနဲ့နေရမှာလဲ” လို့အော်ငိုမိတာ ၊ နောက်မှ အမေ့ကိုအားလဲနာ၊ သနားလဲသနားလိုက်တာ။ အမေက အရင်ကွယ်လွန်ခဲ့ပြီး အဖေကျန်နေခဲ့ရင် ကျမတို့ ဘယ်လိုအခြေအနေ ဖြစ်လာနိုင်မလဲ ဆိုတာလဲ ခုနစ်စဥ်အမျှင်တန်း တွေးမိတာ – – –

သူတော်ကောင်းတွေအမြင်မှာတော့ “အကုသိုလ်စိတ်” လို့ပြောကြလေမလား – – –

လူမမယ် ကလေးငါးယောက်ရဲ့ တာဝန်ကို အမေမို့သာ ထမ်းနိုင်ခဲ့တာ – – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s