လမ်းကြိုက်ခင်
အချိန်ကာလများ ကုန်လွယ်လိုက်တာ။ အချိန်တွေ ကုန်သွားသလိုများ လူတွေ၊ ကိုယ်အပါအဝင်ပေါ့ အသိဥာဏ်ပညာ၊အလိမ္မာနဲ့စာနာစိတ်တွေသာ တိုးလာကြမယ်ဆိုရင်ဘယ်လောက်များကောင်းလိုက်မလဲနော်။ မနေ့တနေ့ကလိုဘဲထင်နေပေမဲ့ အမေ ခွဲသွားတာ ဒီနေ့ {2-10-2021}( ၈ )လတင်းတင်းပြည့်သွားပြီ။
ဒီမနက်တော့ ရွှေခြံဓမ္မရိပ်သာကျောင်းကိုဆွမ်းဟင်းဂျိုင့် ပို့ပါမယ်။ မနေ့ ကစျေးဝယ်ပြီးကထဲက ဆိတ်သားကို ဆား နနွင်းနယ်ပြီးဒိန်ချဥ်နဲ့ နှပ်ထားတာ။ ဆိတ်သားဟင်း၊ငါးသလဲထိုးကြော်၊ ကညွတ်ကြော်ချက်လေး နဲ့ ခရမ်းချဥ်သီးပန်ထွေဖျော် လေးပါ။ ကိုယ်နိုင်တဲ့အားလေးနဲ့ အမေ့အတွက်ရည်စူးအလှူလေးမို့ အမေနဲ့တကွ ဝေနေယျသတ္တဝါအားလုံး အမျှ အမျှ အမျှရ၍ချမ်းသာကြပါစေ။
ရွှေခြံဆရာတော် ဘဒ္ဒန္တရဇာဂရိယျ ကအမေ့ရဲ့သိက္ခာထပ်ထားတဲ့ ဆရာတော်ပါ။ သိက္ခာမထပ်ခင်ကထဲက အမေကမောင်လေးဖိုးချိုနဲ့ တူတာမို့သူ့သားလိုဘဲ စိတ်ထဲထည့်ထားရှာတာပါ။ ဆရာတော်ကလဲ ရိပ်သာမှာ အမေက အသက်အကြီးဆုံးယောဂီမို့ ဂရုစိုက်ရှာပါတယ်။ အမေ အသက်၉၀နားကပ်လာကထဲက အမေ့ကိုရိပ်သာဝင်ရင် ဂီလာနယောဂီလို အမေ့အတွက်ညနေစာကို ဝေယျာဝစ္စအဖွဲ့ကိုစီစဥ်ပေးဖို့ မှာထားပါတယ်။
ညီမဝက်ပေါ စိုက်ပျိုးရေးက ပင်စင်ယူတော့၊ သူ့ရဲ့ Gratuity လေးရလာပါတယ်။ “အစ်မရေ ဆရာတော်ကိုသိက္ခာထပ်ရအောင်၊ အမေလဲစိတ်ချမ်းသာအောင်ပေါ့ ” တဲ့။ “ဝက်ပေါရေ ၊အစ်မတို့ ဒီပိုက်ဆံတွေ မရခင်တုန်းကလဲ ထမင်းစားရတာပါဘဲ၊ လှူသာလှူ” လို့လဲ ပြောလိုက်ရော၊ချက်ချင်းကို စီစဥ်ပြီးလှူဖြစ်သွားကြတာ။ ထောပတ်ထမင်း ကို “ရွှေပြည်စိုး”၊ ညီမလေးမျိုးမျိုး တို့ဆီက မှာကျွေးတာပါ။ ကျမတို့သားအမိတွေ ဘယ်လောက်များပျော်လိုက်ကြသလဲဆိုရင်၊ ကိုယ့်ဝမ်းကိုတောင်မဖြည့်မိကြပါဘူးဆို။ ဝက်ပေါကလဲ နှစ်ပေါင်းသုံးဆယ်အလုပ်လုပ်လာခဲတဲ့ သန့်ရှင်းသောပိုက်ဆံနဲ့လှူရတာမို့ ပိုပြီး ကြည်နူးရတာပါ။
အဲ့ဒီနှစ်မှာဘဲ မိုးကုတ်ကိုသွားဖို့ ၊ထုံးစံအတိုင်းကိုတင်ထွန်းတို့ကဆော်သြပြန်ပါရော။ ဝက်ပေါက “အစ်မရေ ကုန်ကုန်ခမ်းခမ်း၊ ဒီတခါတော့ မိသားစုအားလုံးသွားကြမယ်” တဲ့။ – အမေ၊ဝက်ပေါ၊မိမာ၊ သ္မီးသုံးယောက်နဲ့ကျမ – ကိုတင်ထွန်း – ခင်စန်းနု – ကိုပေါက်(မြင့်ခင်)- ရွှေပေါ၊သ္မီးမေသူခိုင် – ဘုရင့်နောင်တာဝါက အန်တီအေး။ – ဘုရင့်နောင်တာဝါက ချိုချိုနဲ့ သူ့သူငယ်ချင်း – အစ်မ မချို၊ – သူငယ်ချင်း မစိန်ရည်။ ဘယ်လောက်များအုပ်စုတောင့်လိုက်သလဲလို့။ ရန်ကုန်ကမန္တလေးကို အဝေးပြေးကားကြီးနဲ့ညကားပေါ့။ ထုံးစံအတိုင်း လမ်းတွေကြပ်နေလို့ ကြည့်မြင်တိုင်ကလာရတဲ့လူတွေက ကားမမှီလို့ ဖုံးတွေဆက်ပြီးရင်တထိတ်ထိတ်နဲ့။ နောက်တော့ မြို့အထွက်က Terminal ဆီဆိုင်ရှေ့ကို အမှီလာခိုင်းလို့ အဆင်ပြေသွားရတာ။ကျမတို့ကတော့ မစိန်ရည်ကို အင်းစိန်၊ ဘိုကုန်းမှာဝင်ခေါ်ပြီး၊ အဝေးပြေးဂိတ်ကိုအချိန် မှီရောက်သွားလို့သာတော်တော့တယ်။
မနက်အစော မန္တလေးရောက်တော့ မိုးကုတ်ကမောင်လေး မောင်သန်းဌေးက ကားနဲ့လာကြိုရရှာတာ။ကားနှစ်စီးနဲ့ မိုးကုတ်ကိုတက်လိုက်ကြတာ။ မိုးကုတ်အတက်လမ်း၊ လက်ပန်လှက ထမင်းဆိုင်ကလဲ စားစရာအစုံရတော့၊ ကိုယ့်အိမ်ကိုယ့်ယာမှာစားကြရသလိုပါဘဲ။ အဲ့ဒီအချိန်က မိုးကုတ်မှာ “တောင်နေကြာတွေပွင့်နေပြီ”လို့ ယောင်းမလေးမခင်ရီကလှမ်းခေါ်တာ။ ဟုတ်ပါ့၊ တောင်စောင်းမှာ ဝါဝါထိန်နေတာလှလိုက်တာ။ ဆတ်စလူးအုပ်စုက – -“တောင်နေကြာပွင့်”တာကို အကြောင်းပြုလို့၊ မိုးကုတ်တခွင် လှည့်လည်လိုက်ကြတာပေါ့။
အသက်အကြီးဆုံးအမေက အေးဆေးပါဘဲ။ ကျမညီမအငယ်မိမာကတော့ မိုးကုတ်သွားတဲ့လမ်းပေါ်မှာ ဗိုက်နာလို့ ၊လမ်းဘေးမှာကားရပ်ခိုင်းပြီး၊ကိစ္စရှင်းခိုင်းရတာ၊ ပြောမဆုံးပေါင်၊တောသုံးတောင် ဆိုသလိုပါဘဲ။သူက ငယ်ငယ်ကထဲက လုပ်ချင်တာလုပ်ရမှ၊ သိပ်သီးမခံတတ်ပါဘူး။ခုဆိုရင်တော့ သူ့သ္မီးသုံးယောက်နဲ့ အမြဲ ပူညံဆူညံပါ။
အမေ့ကို ဆရာတော်ကမလိုက်စေချင်လို့ ကျောင်းမှာဘဲနေခဲ့ခိုင်းတာပါ။ အမေတို့များ မလိုက်ရမှာစိုးလို့ ဆရာတော်ကို “သားရယ် စိတ်မပူပါနဲ့၊ အမေကမိုးကုတ်အထိလိုက်မသွားပါဘူး၊မန္တလေးကအမျိုးအိမ်မှာနေခဲ့မှာပါ” လို့ကျေနပ်အောင် နှစ်သိမ့်ခဲ့သေးတာ။ တရားစခန်းပွဲရက်လဲဖြစ်နေတော့၊ “ဒီလောက်အေးတာ မယ်တော်ကြီးကိုခေါ်သွားရမလား “ဆိုပြီး၊ အပြစ်တင်နေတာတဲ့။ သူ့မယ်တော်ကြီးက ခရီးသွားချင်လိုက်တာမှ” ပြာ”နေတာကိုမသိရှာဘူး။
ကျမတို့ ယောင်းမရတာ ကံကောင်းတာများ၊ မိုးကုတ်အိမ်ကိုရောက်တာနဲ့ မောင်သန်းဌေးနဲ့ဇနီးမခင်ရီက အမေ့ကို သိုးမွှေးဆွယ်တာနဲ့ချည်ကတ္တီပါ လုံချည်ကို ထိုင်ကန်တော့ကြတာ။အမေလဲပါလာမယ် ဆိုတာနဲ့ လျှပ်စစ်စောင်ကအစ ပြင်ဆင်ထားကြရှာတာ။ အိပ်ကြရတာတော့ တိုးတိုးဝှေ့ဝှေ့ပေါ့။ တအားအေးတာနဲ့အတော်ပါဘဲ။
အေးတယ်သာဆိုပါတယ်။အမေကတော့ အစောကြီးရေချိုးခန်းဝင်ပြီး၊ရေချိုးထွက်လာလို့ သူ့ကိုစိတ်ပူရသေးတာ။ ပြောလိုက်သေးတယ်။”သူများက ကိုယ့်ကိုမစောင့်ရစေနဲ့” တဲ့။ ခရီးသွားရင် ဘယ်လိုမျိုးနေရမယ်ဆိုတဲ့ သင်ခန်းစာကိုလဲ သင်ပေးသွားတာပါ။ မိုးကုတ်ရောက်ပြီး နောက်တစ်နေ့မနက် မောင်လေးတို့အိမ်မှာ အလှူလုပ်တာမို့ မစားဘူးတဲ့ “နန်တုံ” လဲစားခဲ့ရဘူးပါသေးတယ်။~မိုးကုတ်တခွင်လှည့်ပြီးတော့ မေမြို့ကိုဆင်းလာကြပြီး၊ ချိုချိုရဲ့မိတ်ဆွေအိမ်မှာညအိပ်ကြပါတယ်။ အိမ်ရှင်က အိမ်ထဲမှာပစ္စည်း အပြည့်အစုံရှိတယ်၊ ကြိုက်သလောက်နေဆိုပြီး သော့ပေးလိုက်တာမို့၊ ကျမတို့အဖွဲ့ လွတ်လွတ်လပ်လပ်နေခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်လို့မဆုံးပါဘူး။
မေမြို့တစ်ခွင်လည်ပတ်ပြီးတော့မှ ရန်ကုန်ကို ညကားစီးပြီးပြန်လာခဲ့ကြတာပါ။
စိတ်အေးချမ်းသာစွာ သွားခဲ့ကြရတာမို့ – – – – နောက်ထပ်သွားချင်ကြသေးလားလို့တော့ မမေးမိစေနဲ့နော်။ ။
Categories: Authors