Authors

Mi Aung (65) *

သဲသဲလှုပ် ဆုတောင်း

အောက်ဖက်ကရှေ့သွားလေးရဲ့အောက်ခြေမှာအဖုလေးဖြစ်နေခဲ့တာ အတော်ကြာပါပြီ။ အဲ့ဒီအဖုလေးရဲ့အပေါ်ဖက်ကသွားလေးက လှုပ်နေတော့၊ မနေနိုင်မထိုင်နိုင်အမြဲတန်း လျှာနဲ့ထိုးနေတတ်တာ။ အဲ့ဒီလျှာကလဲ အငြိမ်မနေနိုင်ဘဲ သူငယ်ချင်းဆရာဝန်မနဲ့ ဆရာဝန်ကတော်တို့ကိုပြောမိပြန်တော့၊ သူတို့ကသဲသဲလှုပ်။ လူမှာ ပိုနေတာဆို ဘာမှမကောင်းဘူးဆိုဘဲ။ ဆရာဝန်ပြမှဖြစ်မယ်ပေါ့။ ကင်ဆာဖြစ်တတ်တယ်တဲ့။

လှည်းတန်းကိုမနက်စောစောချိန်းကြပြန်ပါရော။ ဟားဟား၊ သူတို့ပြပေးမယ်ဆိုတဲ့ ဆေးခန်းက ဗုဒ္ဓဟူးနေ့မို့ပိတ်ပါတယ်။ ဆရာဝန်မကြီးက ရှည်ပြန်ပါလေရော။ လှည်းတန်းမှာရှိတဲ့ အခြား “သွားဆေးခန်း” ပြမယ်ဆိုတော့၊ သူတို့ရဲ့”လူမမာကျမ” ကလိုက်ရတာပေါ့။” ဆရာဝန်မရောက်သေးပါဘူး၊ ဒဂုံကနေ လာနေပါပြီ” ဆိုတော့၊ “နောက်မှပြကြတာပေါ့” လို့ဆိုလိုက်ရတယ်။

သုံးယောက်လုံးကခြေမှာ”ဗွေ”ပါသူတွေဆိုတော့လှည်းတန်းစင်တာမှာ ကော်ဖီသောက်၊ နောက်သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီးလှမ်းခေါ်နဲ့ တစ်နာရီလောက်အတွင်းကို ရှုပ်ရှက်ခတ်ပစ်လိုက်ကြတာ။ မယ်မငြင်း ကလဲ အချိန်မီရောက်အောင်လာရှာပါတယ်။ ဒါပေမဲ့ သူ့မြေးမကိုကြိုဖို့တော့ ကျောင်းမဆင်းခင်ပြန်ပို့ပေးရမည့် ဂတိကလဲထားရသေးတာ။ အဲ့ဒါဒေါ်နုနုပေါ့။ (မှတ်ချက်။ ။ရွှေနုက သူ့သားသ္မီးနဲ့မြေးအတွက်အလွန်တာဝန်ကျေတဲ့သူမို့၊ လေးစားရပါတယ်။ကျမရဲ့ အမေ လိုဘဲ “အာဂ”မိခင်ပါ။) **ကဲ၊ ဘာလုပ်ကြမလဲ??

ခေါင်သူကြီးဆရာဝန်မက ဘုရားကိုဆိုတော့ ကားမောင်းပို့တဲ့ဆရာဝန်ကတော်သူငယ်ချင်းက “အို ကေ” ပေါ့။

ရှေလိုက်ကြတာများ၊ ဘုရားဖူးပြီး မပြန်ဖြစ်သေးဘူး၊ ဆံပင်ပြင်ဆိုင်ကိုဝင်ကြပြန်တော့ ဆရာဝန်မ ဒေါ်စိန်ရည်နဲ့ ဆရာဝန်ကြီးကတော်ဒေါ်လှလှမြင့်တို့က ဆံပင်ဆေးဆိုးကြ ဆံပင်ပြင်ကြပေါ့။ ကျမ နဲ့ နုနု က ခေါင်းလျှော်ပေါ့။ “သွား”အောက်က”အဖု” ကိုပြဖို့သွားကြတာလေ။”အဖုကိစ္စ” မေ့ကြပြီး “ဗြူတီပါလာ”မှာ အပြတ်ရှိုင်းနေကြတာ။ပြီးတော့ အစားကိုတက်သုတ်ရိုက်စားပြီး၊ကလေးကျောင်းကြိုဖို့အမှီပြန်ပြေးကြရတာ၊ အလှပြင်ဆိုင်မှာ တယ်လီဖုန်းက မေ့ကျန်ခဲ့လို့လဲပြန်ပြေးယူရသေး။ * ပြန်ကြလို့မှ ကျမအိမ်ကိုရောက်ခါရှိသေးတယ်၊ မစိန်ရည်ကဖုန်းဆက်ပြီး၊ “နင်က ‘သွား’ကိုမပြချင်တာလား၊ဘာညာနဲ့ ရန်လုပ်ပါလေရော။” သူ့အကျင့်ကအမြဲအဲ့ဒီလိုဘဲ။သူငယ်ချင်းတွေကိုမချစ်တာလဲမဟုတ်ဘူး။ ဂျီကျ ဂျစ်ကျလိုက်ရမှ နေလို့ထိုင်လို့ကောင်းတတ်တဲ့လူမျိုး။ * နောက်တော့လဲသူမဟုတ်သလိုပါဘဲ။ ကျမကလဲ ဂျစ်ကန်ကန်မို့၊ “ဆေးခန်းကို ငါ့ဖါသာသွားမယ်၊ နင်တို့မလာခဲ့နဲ့လို့” ပြန် ဂျစ်လိုက်တာပေါ့။

နောက်တရက် လမ်းပေါက်တစ်ခုရသွားပြန်တာမို့ လမ်းကြိုက်မမများ အိမ်ပြင်ထွက်ခွင့်ရသွားကြပါတယ်။ ဆေးခန်းကို အစောဆုံးရောက်အောင်သွားမယ်ဆိုပြီး ချိန်းကြပြန်တော့၊ ကျမကလှည်းတန်းက” နိုင် ထားဝယ်” ဆေးခန်းကို မနက်၈နာရီအရောက်သွားရပြန်ပါရော။ နုနုနဲ့လှလှမြင့်တို့ကလဲ ရောက်လာကြပါတယ်။ မမဂျစ်လဲလိုက်လာတာပေါ့။ဘယ်နေနိုင်လိမ့်မလဲ။ သူက လှလှမြင့်ကို “you ဝင်လိုက်သွားပါဦးလို့” ပူပန်စွာနဲ့ပြောနေတာ။ ဆရာဦးဝင်းနိုင်က ဘာမှမဖြစ်ပါဘူးဆိုပြီး ၊အဖုလေးကိုဖေါက်၊ သွားကလှုပ်လို့ရှည်နေတာလေးကို ကျောက်စက်နဲ့စား ပေးလိုက်ရုံလေးပါဘဲ။

အစောကြီးပြီးသွားတော့ အိမ်မပြန်ကြသေးဘဲ၊ရန်ကုန်မြို့ထဲက စျေးဆိုင်တွေကို ဝယ်ဝယ်၊မဝယ်ဝယ် လျှောက်ကြည့်၊ မောသွားတော့စားကြသောက်ကြနဲ့ တနေကုန်ပေါ့။ လည်ပတ်ပြီးကာမှ လှလှမြင့်က ဆေးဝယ်ရဦးမယ်ဆိုတော့ အင်းစိန်လမ်းမပေါ်၊ဘူတာရုံလမ်းထိပ်က ဆေးဆိုင်မှာ ကားရပ်ပြီး၊ ဆေး ဝင်ဝယ်ရရှာတာ။ ကားသော့ဖြုတ်မသွားနဲ့သူငယ်ချင်းလို့လဲကျမတို့သုံးယောက်ကပြောလိုက်သေးတာ။ မကြာပါဘူး၊ ကားတွေကိုဖမ်းတဲ့ ကရိန်းကားကြီးက တစ်ဖက်ခြမ်းကနေ ကျမတို့ကားရပ်တဲ့ဖက်အခြမ်းကို လာနေတာ။ သူတို့ကိုမြင်မြင်ချင်းဘဲ အိမ်ရှေ့မှာ ကြက်မွှေးလေးကိုင်ပြီး၊ သူ့အလုပ်သူလုပ်နေတဲ့လူကို ကျမတို့က ကားပေါ်အတင်းတက်ခိုင်းပြီး မောင်းခိုင်းရတာ၊ ဒီလူလဲ “ဘုမသိ ဘမသိ” နဲ့ ကားစက်နှိုးပြီးထွက်ရတာပေါ့။

ကားဖမ်းတဲ့လူတွေလာ​နေပြီဆိုပြီး၊ ဆေးဝယ်နေတဲ့လှလှမြင့်ကို ပြေးခေါ်တဲ့မစိန်ရည်နဲ့ နှစ်ယောက်သားထွက်လာတော့ ကားကမရှိ။သူတို့နှစ်ယောက်အတော်လန့်သွားတာပေါ့။ ရွှေနုနဲ့ကျမက ကားမှမမောင်းတတ်တာလေ။ ရွှေနုက နောက်လှည့်ကြည့်ပြီး သူတို့ထွက်လာတာလဲမြင်ရော ၊ ကားကိုအတင်းနောက်ပြန်ဆုတ်ခိုင်းတာ။ မောင်းပေးတဲ့လူကလဲ ကျမတို့ပြောတဲ့အတိုင်းမောင်းပေးရှာပြီး၊ သူတို့နှစ်ယောက်ကိုတွေ့မှ ကားပေါ်ကဆင်းသွားတာ။ ကျေးဇူးတင်ပါတယ် အကြိမ်ကြိမ်ပြောရင်း ကားပြန်မောင်းလာလိုက်တာ၊ ဟိုလူရဲ့ ကြက်မွှေးပါလာလို့ ပြန်လှည့်ပေးရပါသေးတယ်။

မကြီးမငယ်နဲ့ လေးယောက်ပေါင်း ပြီးအလွန် “ကဲ” ကြသူများပါ။ တော်သေးတာက “လူလယ်” မဟုတ်ဘဲ ရိုးသားသူမို့သာ။ နို့မို့ဆိုရင် “အသက်၇၀နားနီးနေတဲ့မိန်းမနှစ်ယောက် ကားတင်ပြေးခံရခြင်း” ဆိုပြီး၊သတင်းစာထဲပါလာမှဖြင့်ခက်ရချည့်ရဲ့။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ပျော်တတ်ကြတာမို့ နားလည်ကြမှာပါ။ လေးယောက်သားတွေ့လိုက်လို့ကတော့ အသက်က (၇၀÷၄) ဖြစ်သွားကြတာ၊မလွန်ပါဘူး။အသက်ရှည်စွာအနာမဲ့ဖို့အရေး ပျော်အောင်နေကြခြင်းပါနော်။~လက်ဖက်ရည်ဆိုင်ဆိုလဲ ရှာဖွေပြီးထိုင်လိုက်ကြတာပါဘဲ။ ခုလို “ပါဆယ်”ဘဲရောင်းရင်တော့ ဒုက္ခ။ ဘယ်အိမ်က ဘယ်လိုကောင်းတာတွေကျွေးကျွေး၊ အပြင်ရောက်တာနဲ့လက်ဖက်ရည်ဆိုင်ရှာကြတဲ့ “ဂျပိုး”တွေပါ။

ချစ်တဲ့မျက်စေ့နဲ့ကြည့်ရင်တော့ အပြစ်မဖြစ်ဘူးပေါ့။

ကျမရဲ့”သွား”လေးကတော့ အိမ်မှာနေရင်းကျွတ်ထွက်သွားရရှာပါတယ်။သွေးတောင်မထွက်ဘူး။ သူငယ်ချင်းတွေ စိတ်ပူပေးကြတဲ့မေတ္တာကြောင့်ထင်ပါရဲ့။ ခုတော့ ရှေ့သွား ဟောင်းလောင်းလေးနဲ့။~ဟိုးအဝေးကြီးကနေပြောသေးတာ၊ “မိအောင်၊သွားပြန်စိုက်မှဖြစ်မှာနော်၊ကျန်တဲ့သွားတွေယိုင်ကုန်လိမ့်မယ်” တဲ့လေ။အဲ့ဒါ မစိန်ရည်ပေါ့။

” သွား” စိုက်ဖို့ ခုကထဲက လမ်းပေါက်ရှာထားကြတာ။

ပြန်ဆုံချင်ပါပြီ။ မတွေ့ရတာလဲကြာလှပြီမို့။

ဆုတွေတောင်းရင်း – – – – –

သက်ရှည် နာကင်းဖို့ ဂရုစိုက်ကြရင်း – –

ဆုံနိုင်ခွင့်လေးကိုမျှော်လင့်လျက်

Categories: Authors

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s