
Irrespective of years gone by, my beloved mother and benefactor still remains in my heart.
I wrote the poem for Thway Thauk Magazine in May 1964 in memory of my mom who passed away on March 10, 1964.
နှစ်ကာလ ဘယ်လောက်ပဲ ကုန်လွန်ကုန်လွန်ကျွန်ုပ်နှလုံးသားထဲမှာလည်း ကျေးဇူးရှင် မေမေရှိနေသေးသည်ပဲ။၁၉၆၄ ခုနှစ် မေလထုတ် သွေးသောက်မဂ္ဂဇင်းတွင် ကျွန်ုပ်ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်…။
” ဖြတ်၍မရသော သံယောဇဥ် “
(၁၀- ၃ -၁၉၆၄ နေ့တွင်ကွယ်လွန်ခဲ့သောချစ်မေမေ…..သို့)
ချစ်တဲ့မေမေ…
မြေထိ မတတ်၊ ဦးခေါင်းညွှတ်၍
စိုစွတ် မျက်ရည်၊ ပေါက်ပေါက်မြည်အောင်
ဖြေဆည်မရ၊ ကြင်လွန်းစွလည်း
ဘဝ လမ်းခွဲခဲ့ရပြီ။
ချစ်တဲ့မေမေ…
သည်မြေကမ္ဘာ၊ သည်လူ့ရွာသို့
သင်သာ ကျွန့်အား
တံခါးပေါက်ဖွင့်၊ ပို့ပေးလင့်သော
သွေးနှင့် တစ်ကြိမ်၊ သင့် သားအိမ်မှ
စိုးရိမ် မွေးထုတ်၊ နာမ် ရုပ် တို့ပင်
သင့်ဝိညာဥ်မှ၊ ကြင်နာတစ်ဖန်
ဖြည့်ဆည်းပြန်မို့
ပွင့်အန် သစ္စာ၊ သင်နှင့်သာလျှင်
မခွာ ဝိညာဥ်၊ အသက်ရှင်၍
သေလျှင်တူဘိ၊ ယုံကြည်မိလည်း
မငြိတော့ပါ၊ သည်လူ့ရွာကို
ဘာကြောင့် သံယောဇဥ်ဖြတ်သနည်း။
ကျွန်တို့လမ်းသည်၊ မတူပြီကော…
ညလည် တစ်ကွေ့၊ ပန်းမျိုးစေ့သို့
ချမ်းမြေ့ သင့်မှာ၊ ရှိနေပါလည်း
ထွန်ကာ နေဆဲ၊ မြေစိုင်ခဲ မှ
တွဲရရွဲလှ၊ သီးမြမြနှင့်
ဘဝဘယ်ချိန်ရောက်မည်နည်း။
ချစ်တဲ့ မေမေ….
မျက်ရည်ကျလျက်၊ နမ်းနှုတ်ဆက်၍
လေးနက် ဝင်းထိန်၊ တည်ငြိမ်ကြည်လင်
သင့်ဝိညာဥ်မှအားအင် ပြည့်ဝ၊ စဥ် မ, စ,ပါ
ရွရွ ခွာမြန်း၊ ခြေကိုလှမ်းမည်
မောပန်း လှစ်ဟ၊ ဆုံးဖြတ်ရစဥ်
ကျွန့် ဝိညာဥ်ကား၊ လွင့်ပါး မစောင်း
သင့်အလောင်းနား၊ ခုတင်နားတွင်
လုံးလျား ငြိတွယ်နေပါပြီ။ ။
တက္ကသိုလ် မိုးဝါ
၂၂. -၃ -၁၉၆၄
(သွေးသောက်မဂ္ဂဇင်း- ၁၉၆၄မေလ)
Comments
Categories: Poems and Translations