Mi Aung

Mi Aung (76) *

ကောင်းဆိုးနှစ်တန်

အကောင်းလောကဓံကိုပျော်ပျော်ကြီးလက္ခံနိုင်ရင်၊အဆိုးလောကဓံနဲ့ကြုံရရင်လဲ မတုန်မလှုပ်ရင်ဆိုင်နိုင်ကြရမှာပါ။ အကောင်းကံ၊အဆိုးဒဏ်မခံနိုင်ကြရင်တော့ ပြိုလဲသွားရတော့မှာပါဘဲ။

လူရယ်လို့ဖြစ်လာပြန်တော့ ငိုတခါရယ်တလှည့်ပေါ့လေ။ လူတစ်ဦးစီမှာ တော့ ကံတွေကတစ်မျိုးစီပါလာတတ်ကြတာပါ။ မွေးစမှသေသည့်တိုင်အောင်ပြည့်စုံတဲ့သူနဲ့ဘဝတစ်လျှောက်လုံး အမျိုးမျိုးသော ဒုက္ခကိုရင်ဆိုင်ရသူနဲ့ဆိုတာကတော့၊ တရားသဘောအရ ပြုခဲ့ဘူးသောကံ အတိုင်းမို့၊”အကြောင်းအကျိုး”တွေပါဘဲ။

ကိုယ့်တွေရဲ့ ကံအကြောင်းတစ်ခုထဲမှာဘဲ၊ နိမ့်လိုက်၊မြင့်လိုက်နဲ့အမျိုးမျိုးအဖုံဖုံကြုံခဲ့ဘူးတာမို့၊ယ္ခုအသက်အရွယ်အရသာ “အော်၊ဒါတွေဟာဖြစ်တတ်တဲ့သဘာဝတွေပါလား၊ကံအကြောင်းတရားတွေပါလား” လို့ဆင်ခြင်နိုင်တာပါ။ ကျမတို့မိသားစုမှာ အမေ့ရဲ့အမွေဆိုင်အိမ်လေးကလွဲလို့ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ အမေ့အနေနဲ့ သူစီးပွါးရှာတတ်ပုံမျိုးနဲ့ဆိုရင် အိမ်တွေအများကြီးဝယ်နိုင်တာပေါ့။ ဒါပေမဲ့အမေက အိမ်ဆိုတာငွေအိပ်တယ်။လုပ်ငန်းမှာဘဲထည့်သုံးမယ်ဆိုတဲ့လူမျိုးပါ။

ထုံးစံအတိုင်း အမွေလဲခွဲကြရော၊ ကျမတို့ညီအစ်မမှာ နေစရာအတွက် အမိအရရှာကြရတော့တာပါဘဲ။ ရှိတဲ့ပိုက်ဆံလေးနဲ့ အိမ်လေးတစ်လုံးဖြစ်အောင်ဝယ်ကြရတာ။ အိမ်ဝယ်ဖြစ်အောင်တိုက်တွန်းတဲ့ ဦးလှိုင်ကိုကျေးဇူးတင်မဆုံးပါဘူး။ အိမ်ရဲ့အောက်ထပ်က မြေကြီးနဲ့ အုတ်လေးပတ်ထားပြီး၊ပြူတင်းတံခါးပေါက်ဖိုးမတတ်နိုင်လို့ ဝါးကပ်နဲ့အသေပိတ်ထားပြီးနေခဲ့ကြရတာ။သားအမိသုံးယောက်ထဲပါ။

ငယ်တုန်းကတော့ “အလုပ်ဟူသမျှဂုဏ်ရှိစွ”ဆိုသလိုဘဲ အားကြိုးမာန်တက်ရုန်းခဲ့ရလို့၊ လူလူသူသူအိမ်တစ်လုံးဖြစ်လာခဲ့တာပါ။ အမေကအမြဲပြောတတ်တယ်။ “ငါ့သ္မီးတွေကိုကျေးဇူးတင်ပါတယ်” လို့၊ အမေဆုံးခါနီးအထိကိုပြောစဲပါ။ အမေစိတ်ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လဲ၊ ကျမတို့ညီအစ်မတွေ၊ ကိုယ်နဲ့တကွ ကိုယ့်ကိုယ်စောင့်နတ်ကိုကျေးဇူးတင်နေရပါတယ်။

ဒီလိုနဲ့ အိမ်ဆိုတာလေးမယ်မယ်ရရပြီးလို့မှ အမောလေးပြေယုံရှိသေးတယ်။ “လောကဓံ”များကြောက်စရာကောင်းလိုက်ပုံက၊ နာဂစ်မုန်တိုင်းကမွှေသွားလိုက်တာလေ။ ကျမဆိုတာအော်ပြီးတော့ကိုငိုမိတာပါ။ဘာဖြစ်လို့လဲလို့မေးရင်၊ ဘုရားတရားတွေလဲကိုးကွယ်ဆည်းကပ်ပါရဲ့နဲ့ ဒီလောက်ကံဆိုးရသလားဆိုပြီး၊ရှက်မိတာနဲ့၊ ဒီအိမ်ကိုဘယ်လိုပြန်ပြုပြင်ရပါ့မလဲလို့ တွေးပြီးဝမ်းနဲမိတာပါ။

မှတ်မှတ်ရရ လကုန်ပြီးခါစ၊ အိမ်မှာစားစရာဝယ်ထားတာကလဲပြတ်၊မနက်မှစျေးဝယ်မယ်လေဆိုပြီးနေလိုက်တာ၊ ကွေကာအုတ်လေးနှစ်ထုတ်ဘဲရှိတော့တာ။ အမေရယ်၊ ဆုရယ်၊ ဝက်ပေါရယ်၊ ကျမရယ်၊ကြောင်လေးတစ်ကောင်ရယ်နဲ့ မုန်တိုင်းတိုက်နေတာကို ကြောက်လန့်တကြားနဲ့၊အမေကတော့” သူလဲတောသူပါဘဲ၊ ဒီလိုမျိုးတစ်ခါဘူးမျှမကြုံဘူးပါဘူး” တဲ့လေ။

ညဥ့်လယ်လောက်ရောက်တော့ အိမ်ရှေ့ကတမာပင်ကအမြစ်ကျွတ်ထွက်ပြီး၊တံခါးပေါက်မှာလဲကျလို့၊ ည၂နာရီလောက်လဲရောက်ရော အိမ်ရှေ့ခန်းက သွပ်မိုးရဲ့မျှားတန်းကကျိုးပြီးလေတိုက်တိုင်းအမိုးကလန်လိုက်ပြန်ကျလိုက်နဲ့။ အိမ်ပေါ်ထပ်ကိုလဲမတက်ရဲ၊ သွပ်ပြားပြုတ်ကျမှာကြောက်လို့။ အိမ်အနောက်ဖက်ကသွပ်တွေကတော့ စက္ကူကိုဆွဲဆုပ်ပစ်ထားသလိုပါဘဲ။အောက်ထပ်မှာရေလျှံနေတော့တာပေါ့။ (ကံအားလျော်စွာ အောက်ထပ်ကိုသံမံသလင်းခင်းပြီးလို့သာပေါ့။ နိုမို့ဆိုရင်တော့ မတွေးရဲစရာပါဘဲ။)

အမေ့ကိုတော့အအေးမိမှာစိုးလို့၊မိုးရေမကျတဲ့နေရာလေးမှာ ကုလားထိုင်နဲ့ထိုင်ခိုင်းထားပြီး၊ အဝတ်ကိုမကြာခဏလဲပေးနေရတာ။ (ဒီကြားထဲအမေက မကြခဏ ရှူးပေါက်ချင်လို့ ၊နောက်ဖေးခန်းကိုထီးဆောင်းပြီးပို့ပေးရတာလေ၊ မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာသလိုပါဘဲ။ခေါင်းပေါ်ကိုသွပ်ပြားပြုတ်ကြမှာစိုးလို့ပါ။) မနက်လင်းတဲ့အထိလေကမငြိမ်သေးတဲ့ကြားထဲကနေ ကျမတို့ရဲ့ ညီမဝမ်းကွဲ နန်းဦးရဲ့ယောကျ်ားကိုမျိုးမြင့်နဲ့သားလေးနှစ်ယောက်က ကျမတို့အိမ်ကို လာကြည့်ပေးကြတာ။ အဲ့ဒီအချိန်မှာဘာမှ လုပ်လို့မရသေးပေမဲ့ ကျေးဇူးတင်လိုက်တာလေ။

လေလဲငြိမ်ပြီးမိုးတိတ်သွားတော့ ဝက်ပေါက စျေးထိပ်ကစျေးဆိုင်ကို စားစရာပြေးဝယ်တော့၊ စျေးဆိုင်က ကိုမြင့်စိန်က “ဒီအစ်မ၊ ခက်တော့တာဘဲ၊မြန်မြန်ပြန်”ဆိုပြီးစားစရာတွေထည့်ပေးလိုက်တဲ့စေတနာကိုလဲ တကယ်တန်ဖိုးထားမိပါတယ်။(ဝက်ပေါက အိမ်ပြန်ရောက်တော့၊ကျမကို ငိုမနေနဲ့၊ ထွက်ကြည့်ဦး၊ ငါတို့တစ်အိမ်ထဲဖြစ်တာမဟုတ်ဘူးလို့ ဆူသေးတယ်။) နေ့လည်၁နာရီလောက်အထိ သားအမိ၊မြေးအဖွားတွေ ဘာမှမစားရသေးမှန်းသိသွားတဲ့ အိမ်ရှေ့အိမ်ကမော်မော်က သုံးဆင့်ဂျိုင့်လေးနဲ့ငါးခြောက်၊ကြက်ဥကြော်လေးနဲ့ထမင်းလေးလာပေးလို့ မျက်ရည်တွေကြားကကျေးဇူးတင်စွာနဲ့စားခဲ့ရတဲ့ထမင်းတစ်နပ်ပါ။ စိတ်သောကများ၊တယ်ကြောက်စရာကောင်းတာပါဘဲ။( ၄ )ယောက်စားတာကိုမကုန်ဘူး။

တစ်နေကုန်ငိုရင်းနဲ့အိမ်ထဲကရေတွေခပ်ထုတ်လိုက်ရတာ။ ညဖက်အိပ်ဖို့နေရာလေးရအောင်၊ ဟိုရွှေ့ဒီရွှေ့နဲ့ မနားမနေလုပ်လိုက်ကြရတာလေ။ ဒါကကိုယ့်အိမ်လေးထဲမှနေဖို့ ပြန်ပြင်ဆင်ရတာလောက်ဘဲရှိသေးတာနော်။ # #အိုးမဲ့အိမ်မဲ့သာဆိုရင် ဆိုပြီး၊တွေးကြောက်မိတာ။ တရားမရှိလို့မဟုတ်ပါဘူး။ ကိုယ်ချင်းစာတွေးလေးတွေးမိတာလေးပါ။ ကျမခံစားမိသလိုလေးခံစားမိကြမှာပါ။

ညနေခင်းလေးရောက်တော့ ညီအစ်မနှစ်ယောက် ရွှေခြံဘုန်းကြီးကျောင်းကိုသွားပြီး၊ တာလပတ်ငှားရတာ။အိမ်ပေါ်ထပ်ကိုတာလပတ်ခင်းထားမှ မိုးရွာရင် အောက်ထပ်ကိုရေ မကျမှာလေ။

မိုးလေကင်းလို့ ညဖက်အဆင်ပြေသလိုလေး အိပ်ကြရတာပေါ့။ အိပ်ပျော်မယ်လို့မထင်လီုက်ပါနဲ့။ အိမ်ပြန်ပြင်ဖို့ တွေးလိုက်တာလေ၊ တစ်ကမ္ဘာလုံးကိုခြေဆန့်ပြီးပတ်မိတော့တာပါဘဲ။ အတွေးနဲ့ပိုက်ဆံရှာနေမိတာ။ဓနိဘဲမိုးရလေမလား၊တာလပတ်ဘဲမိုးထားရလေမလားနဲ့။

# ကံကောင်းချင်တော့ ကျမရဲ့အလုပ်ရှင်အန်တီဒေါ်လှကြည်က အိမ်ပြင်ဖို့ငွေထုတ်ပေးသလို၊ တီတီကလဲပေးပါတယ်။ #ရွှေခြံဆရာတော်ကလဲ သူ့မယ်တော်ကြီးကိုစောင့်ရှောက်ရှာတာပါဘဲ။

#တစ်သက်စာကျေးဇူးတင်ရတာပါ

#ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေဆိုလဲ ဝိုင်းဝန်းပြီးဖေးမကူညီစောင့်ရှောက်ကြတာပါဘဲ။

ဖြစ်ကြောရှည်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ * ခုနေအခါများသာဆိုရင်တော့၊ အားလုံးကြပ်တည်းကြတာမို သူ့ကိုကိုယ်မကူနိုင်၊ကိုယ့်ကိုသူမကူနိုင်နဲ့ အတော်ကြီးကိုဒုက္ခရောက်ကြမှာ။*

#ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးဂုဏ်ကျေးဇူးကို အစဥ်ပွါးများလို့ အန္တရာယ်ကင်းအောင်နေတတ်ကြပါမှဘဲ – – -။ #နင်လားဟဲ့လောကဓံ ဆိုပြီးရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဘူးပေမဲ့၊ အိုမင်းလာတဲ့အချိန်မှာတော့ “ငါက လောကဓံ” ဆိုပြီး လာခဲ့မှာကိုတော့ မတွေးဝံ့စရာမို့ – – –

#တရားသဘောကိုဆင်ခြင်ရင်းနဲ့ – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s