Mi Aung

Memories of Mi Aung (81)

မေ့ထားလိုက်တော့မယ်

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနေ့ရက်တွေကိုသာအမှတ်ရချင်တတ်ကြတာ၊သဘာဝပါ။ တောင်တွေးမြောက်တွေး၊တွေးနေမိရင်းနဲ့ အတိတ်မေ့သွားတဲ့သူတွေအကြောင်းကိုစဥ်းစားမိတာလေး။ စိတ်ဆရာဝန်မဟုတ်လို့ အဲ့ဒီအတွေးက မှားချင်လဲမှားမှာပါ။

သိခဲ့ဘူးတဲ့မိတ်ဆွေတချို့ထဲက ဘာကိုမှမမှတ်မိတော့ဘူးဆိုတဲ့လူမျိုးကိုတွေ့ဘူးခဲ့တာမို့၊ သူ့ရဲ့ခါးသီးလှတဲ့ဘဝပေးအခြေအနေကိုပြန်ပြီးမြင်ယောင်ကြည့်တော့၊ ကိုယ်သာဆိုရင်လဲခံစားနိုင်မှာမဟုတ်ပါဘူးလို့။

မိဘမရှိ၊အဒေါ်တစ်ယောက်ရဲ့ကျွေးမွေးစောင့်ရှောက်မှုနဲ့ စတုတ္ထတန်းလောက်အထိသာကျောင်းနေခဲ့ရရှာပြီး၊ နောက်ပိုင်းစျေးရောင်းနေရရှာတာပါ။ ကျမက ဒုတိယတန်းနှစ်မှာ ကျောင်းပြောင်းသွားတာမို့ တချို့သူငယ်ချင်းတွေကိုမမှတ်မိပါဘူး။ ကျမ(၁၀)တန်းလောက်ရောက်မှာစျေးဝယ်ရင်းနဲ့ ပြန်ဆုံတော့ သူကစပြီးနှုတ်ဆက်တော့မှ မှတ်မိတာပါ။

ငယ်စဥ်တုန်းက သူငယ်ချင်းကမှတ်မိတယ်ဆိုတော့ ဝမ်းသာလိုက်တာ။ မိုးကလဲရွာနေတာမို့ ၊ သူ့ကို”ဘယ်မှာနေလဲ” လို့မမေးမိပေမဲ့၊ သူ”ဒီမှာအမြဲစျေးရောင်းတာလား”လို့တော့မေးမိပါတယ်။ စျေးသွားတိုင်းလဲ အမြဲနှုတ်ဆက်နေကြပါ။ပြုံးချိုချိုနဲ့ တကယ်ကိုချစ်စရာကောင်းတာပါ။

ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းသူအရွယ်မို့၊ အခြေအနေကိုမခန့်မှန်းတတ်ပါဘူး။ သူ့ကို ကိုယ်ကဘာမှ အကူအညီ လဲမပေးနိုင် ခဲ့တာလဲအမှန်ပါ။ ဒါပေမဲ့၊အလိုက်ကန်းဆိုးမသိတတ်လိုက်တာများ “သူငယ်ချင်းရေ ဘုရားပန်းလေးကပ်ဖို့” ဆိုပြီး ကိုယ့်ကိုအတင်းပေးခဲ့ရင်တောင်ယူလာခဲ့မိသေးတာ။~ကိုယ်လဲအလုပ်အကိုင်တွေရလို့သိတတ်တဲ့အချိန်ရောက်မှ ” ငါ သူ့ကို ဖေးမကူညီခဲ့သင့်တာ” လို့တွေးမိတာပါ။ တွေးမိတဲ့အချိန်၊ ကူညီပေးနိုင်တဲ့အချိန်ရောက်လို့ “သူ”စျေးမရောင်းတော့ဘူးလားလို့ မေးမိတဲ့အချိန်မှာတော့၊ “ရူးသွားပြီ”ဆိုတာသိလိုက်ရတာပါဘဲ။ စိတ်မကောင်းလိုက်တာလေ။

တခါတလေ စျေးကိုလာတတ်တယ်ဆိုပေမဲ့လဲ၊ “ဘာကိုမှမမှတ်မိတော့ဘူး၊သူ့အဒေါ်ကလဲအသက်ကြီးပြီမို့စျေးတော့လာကြောင်း၊ စျေးရောင်းတာတော့ အဖြောင့်ဘဲ” လို့ပြောကြတာမို့။ ကျမအိမ်မပြောင်းခင်တစ်ခေါက်သွားပြီးတွေ့ပါသေးတယ်။ အမယ်လေး ကျမကိုတော့ နံမည်ခေါ်ပြီး၊ မတွေ့တာကြာတဲ့အကြောင်း၊ အိမ်ထောင်ကျပြီလား၊ အရင်အိမ်မှာဘဲလားလို့ စုံနေအောင် မေးတော့တာဘဲ။ ဘာကိုယုံရမယ်မှန်းမသိအောင်တောင်ဇဝေဇဝါဖြစ်သွားမိပါတယ်။

တချိန်ထဲမှာဘဲ ကျမကို”ရှင်ကဘယ်သူလဲ”လို့မေးလိုက်တော့မှ သူများတွေပြောတာဟုတ်မှန်းသိရတာပါ။ အော် သူ”မေ့ပင်အောက်”ကိုရောက်သွားရှာပြီလို့၊ စိတ်မကောင်းစွာနဲ့မျက်ရည်ဝဲမိပါတယ်။

“မိဘမဲ့” ခဲ့တဲ့ဘဝတွေများ တယ်ကြောက်စရာကောင်းတာပါလား။ ပညာသင်ဖို့ဆိုတာကလဲ ကိုယ့်မိဘအရင်းကသာ “ငါတို့ဘာလုပ်ရ လုပ်ရ ငါ့သားသ္မီးကိုတော့ ပညာတတ်အောင်သင်ရမယ်၊ လူတန်းစေ့နေနိုင်အောင်လုပ်ပေးရမယ်”ဆိုပြီး၊ ကျားခုတ်ကျားခဲ ကြိုးစားရုန်းကန်တတ်ကြတာ။

သူ့ခမြာမှာတော့ အဒေါ်ဆိုလို့သာ၊ ၄၇ဝမ်းကွဲလောက်တော်တာမို့ ၊ ၄ တန်းအထိကျောင်းထားပေးခဲ့တာဘဲ၊ ကံကောင်းလှပါပြီ။ ကိုယ်တွေက သူ့ကိုအဒေါ်ရဲ့ဆိုင်မှာစျေးရောင်းပေးရတာပါလားဆိုတာမျိုးလေးသာအပေါ်ယံလေးသိကြရတာလေ။ ကိုယ်မသိမမြင်တာတွေလဲအများကြီးရှိရှာမှာပေါ့။ အဲ့ဒါကြောင့် သူအားလုံးကိုမေ့ပစ်လိုက်တာဖြစ်မှာပါ။

ဒီလိုမျိုးအဖြစ်တွေမြင်ရသိရတော့ တကယ်ကြေကွဲရပါတယ်။ဒါကြောင့် –

မိဘမစုံတဲ့ဘဝတွေက ကင်းဝေးကြပါစေ။

စိတ်အနာတရတွေ ကင်းရှင်းကြပါစေ။

ခါးသီးလှတဲ့ဘဝတွေ မတွေ့မကြုံကြရပါစေနဲ့လို့ – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s