Mi Aung

Memories of Mi Aung (78)

အမြင်မှန်၊အတွေးမှန်

ဒဂုံရောက်ခါစက မြို့ထဲကိုသွားချင်ရင်၊ ကျမတို့ရပ်ကွက်ရဲ့တဖက်ရပ်ကွက်မှာနံပါတ်(၆၁)ဗိုက်ပူဘတ်(စ)ကားကြီးကိုသွားစီးရတာ။သွက်သွက်လေးလျှောက်ရင်မိနစ်( ၂၀ )လောက်လျှောက်ရပါတယ်။ (မိုးတွင်းများဆို ရွှံ့အလူးလူးနဲ့၊တဗိုင်းဗိုင်းနဲ့ချော်လဲတာကရှိသေး။ တကယ်တော့လယ်မြေတွေကိုမြေကွက်ဖေါ်ထားတာကို။တချို့လမ်းတွေဆို ဂဝံကျောက်တုံးကြီးတွေ အဖုအထစ်တွေနဲ့မို့၊ ခရောင်းလမ်းကိုလဲလျှောက်ခဲ့ရပါတယ်။)

ဗိုက်ပူကားကြီးတစ်စီးမှာတော့ ဒရိုင်ဘာရဲ့နောက်ကအခန်းအကန့်လေးမှာ ” ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ” လို့ရေးထားတာလေးကို သိပ်သဘောကျမိတာပါ။~ဒီစာတန်းလေးဖတ်မိပြီး၊ ဘယ်သူ့ကိုမှ မမြင်ဘဲ ကိုယ့်ကိုကိုယ်သာ မြင်မိခဲ့တော့တာပါဘဲ။ အော်၊ ငါတို့က သွားရေး၊လာရေး၊စားသောက်ရေးကစလို့ ပိုက်ဆံသာရှိရင် အိမ်ပေါ်ကဆင်းပြီး၊ လမ်းထိပ်ကိုထွက်လိုက်တာနဲ့ အဆင်သင့်၊ လွယ်လင့်တကူ အားလုံးရနိုင်တဲ့နေရာကနေ ဒီလိုဝေးသီခေါင်ဖျား ဘာလိုချင်ချင်ခက်ခဲလှတဲ့နေရာကိုရောက်လာရတာ ၊ ကိုယ့်ရဲ့စိတ်စေတနာအကျိုးပေးလေလားလို့။

စနေ၊တနင်္ဂနွေလိုနေ့ရောက်ခါမှ တစ်ပါတ်စာဟင်းစားဝယ်ချင်ရင်သင်္ကန်းကျွန်းက၊ဘုရားလမ်းစျေးကိုညီအစ်မနှစ်ယောက်သားသွားဝယ်ရတာ။ဆန်တို့မီးသွေးတို့ပါ ဝယ်ရတဲ့အခါများ၊ တခါဘူးလေးမှလုပ်ဖို့ဝေးလို့၊မတွေးဘူးခဲ့တဲ့၊ “ခေါင်းပေါ်ရွက်ပြီးသယ်လာရ” တာမျိုးတွေလဲလုပ်ခဲ့ရပါသေးတယ်။ တကယ်ပါဘဲ၊ ဒီလိုမျိုးတွေလုပ်ရတဲ့အကြိမ်တိုင်းမှာ ဗိုက်ပူကားကြီးပေါ်ကစာတန်းလေးကို မြင်မိပြီး၊ ကိုယ့်ကို သတိပေးနေသလိုခံစားမိပါတယ်။ “ငါမကောင်းခဲ့တာပါလား” လို့။

ဟင်းသီးဟင်းရွက်တွေများဝယ်လာတဲ့အခါ၊ သောက်ရေအိုးအဟောင်းကြီးထဲကိုထည့်ပြီးသိမ်းရတာ။ #(လျှပ်စစ်မီးကမရသေးတော့ ရေအိုးကြီးက ကျမတို့ရဲ့ရေခဲသေတ္တာပေါ့လေ။) အသားတွေကိုပြုတ်ထား၊ ငါးလေးတွေကိုကင်ထားပြီး၊ချက်ပြုတ်စားခဲ့ရတာလဲမမေ့နိုင်စရာပါဘဲ။

ညနေ ၅နာရီမတိုင်ခင် အိမ်ကိုအရောက်ပြန်ရတာ။ကားဂိတ်ကနေ ကျမတို့အိမ်ကိုပြန်တဲ့လမ်းမှာ အိမ်လေးတစ်လုံး၊နှစ်လုံးသာရှိပြီး၊ ကိုင်းပင်ကြီးတွေက လူတစ်ရပ်လောက်ရှိတာ။ တခါတော့ ကျမက”မလှချင်”မဟုတ်လား။နုနု နဲ့ လှည်းတန်းမှာဆံပင်သွားကောက်ပြီးပြန်တာ၊ အချိန်က( ၅ )နာရီကျော်သွားလို့ အိမ်အပြန်လမ်းကို၊ကြောက်ကြောက်နဲ့ပြေးရတာ။ ခုပြန်တွေးမိတော့ရီစရာပေါ့လေ။

ဒီလောက်ခေါင်တဲ့အရပ်များ ဘာလို့နေသေးလဲလို့ မေးချင်ကြပါလိမ့်မယ်။ အဲ့ဒီအချိန်က ရှိတဲ့ငွေလေးနဲ့ “ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံ”လုပ်ရတာကိုး။နောက်ပြီး ညီမလေး ဝက်ပေါအလုပ်သွားဖို့ကလဲ ဖယ်ရီ ရှိတာမို့ပါ။ (ဒါတောင်ဖယ်ရီကားဆိုက်တဲ့နေရာကနေ အိမ်ကို မိနစ်(၂၀)လောက်လမ်းလျှောက်ဝင်ရတာ။ဒါပေမဲ့ တစ်ရပ်ကွက်လုံးကဒီဖယ်ရီဘဲစီးကြတာမို့ ပြန်လာကြရင်ပျော်စရာကြီး။ တဂျုံးဂျုံးနဲ့ တီအီး (TE)ကားကြီးပါ။)

ညနေ ၆နာရီလောက်ဆို တိတ်ဆိတ်နေတော့တာပါဘဲ။ ဖယောင်းတိုင်မီးလေးထွန်းပြီးတော့ပေါ့။တစ်လမ်းလုံးမှာမှ ( ၄ ) အိမ်လောက်ဘဲ လူရှိတာကို။ ခုတော့ လူတွေပေါလိုက်တာမှ မိုးလင်းကနေမိုးချုပ်တဲ့အထိ “လူသံဆူသံ” သောသောညံနေတာပါဘဲ။ အမေရှိတုန်းကဆိုရင် “ဘယ့်နှယ်လဲအမေရေ၊လူစည်ကားချင်သေးသလား” လို့ပြောရတာ။အမေကစည်စည်ကားကားဖြစ်စေချင်တာမို့ပါ။

အော်၊ အရင်းစစ်လိုက်ရင်တော့ ကိုယ်ပြုခဲ့ဘူးတဲ့ ကံ အတိုင်းပါဘဲ။ ရှေးက ဘယ်လိုကုသိုလ်မျိုးတွေပြုခဲ့ဘူးလဲမှမသိတာလေ။ # ကံ၊ကံ၏အကျိုးကိုယုံရမှာပါ။ ဒါကြောင့် ဆရာတော်ကြီးတွေက သစ္စာသိပြီးလှူတဲ့အလှူမျိုးကို လှူပါလို့​ မိန့်ကြတာ။

“စေတနာ ကံဖွဲ့” ဆိုတဲ့ အဆိုအရတော့ မသိလို့လုပ်ခဲ့မိတဲ့ စေတနာအကျိုးတွေကရောင်ပြန်ဟပ်တာပါ။ မသိတဲ့အချိန်က သူများကိုဒုက္ခရောက်အောင်လုပ်ခဲ့မိလို့သာ၊ ကျမတို့လဲ အခိုက်အတန့်ဒုက္ခရောက်ကြရပြီး၊ပင်ပမ်းဆင်းရဲခဲ့ရတာဖြစ်ပါလိမ့်မယ်လို့ဘဲ မိမိကိုမိမိ ကောက်ချက်ချမိတာပါဘဲ။

ခုများတော့ ကြောက်လိုက်တာလေ။အသက်လေးလဲ ရလာပြီဆိုတော့၊တရားလေးလဲနာရင်းနဲ့ ပြန်ပြီးတွေးတောဆင်ခြင်ရတာပေါ့လေ။

#ဘာလေးကိုလှူလှူ စိတ်စေနာမှန်မှန်နဲ့ သစ္စာသိပြီးလှူရတော့မှာ။ #ဆုတောင်းတွေလဲမှားမှာစိုးရိမ်ရ။(ကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားနိုင်မှ ဖြစ်မှာမို့ပါ။) #တရားတွေနာရင်းအသိတရားလေးရမိသလို၊ သွားရင်းလာရင်းဖတ်မိခဲ့တဲ့စာတန်းလေးကြောင့်၊ ကိုယ့်အတွက်တော့အများကြီးကို အကျိုးရှိခဲ့တာပါ။ကျေးဇူးကြီးလှပါတယ်။

**ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်တာ**တဲ့။

##အသိလေးရအောင် လို့ “သတိ”ပေးခဲ့တဲ့”စာတန်း”ပိုင်ရှင်လဲ ကျန်းမာချမ်းသာပြီး၊တရားထူးတရားမြတ်ရကြပါစေ။ #ဒီစာတန်းလေးဖတ်မိပြီး၊ မိမိကိုယ်ကို ဝေဖန်ပိုင်းခြားနိုင်ကြပါစေ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s