Mi Aung

Memories of Mi Aung (65)

ရသစုံတဲ့အိမ်

ကိုယ့်ရဲ့ချက်မြှုပ်နေရာလေးဖြစ်တဲ့ ကြည့်မြင်တိုင်၊စကားဝါပင်လမ်းအိမ်လေးကတော့ ပျော်လဲပျော်ခဲ့၊ သောကတွေလဲများခဲ့ရတဲ့ နေရာလေးပါ။ မေ့သလားမေးရင်တော့မမေ့ပါဘူး။ လွမ်းနေသလားမေးရင်တော့လဲ မလွမ်းပါဘူး။ ဘာဖြစ်လို့တခုတ်တရရေးနေသလဲလို့မေးရင်တော့၊ မေ့လောက်စရာ တစ်ကွက်မှမရှိတဲ့ နေရာလေးမို့ပါ။

ကျမတို့မောင်နှမတွေက ဒီအိမ်ကြီးပေါ်မှာဘဲ ကြီးပြင်းခဲ့ကြရသလို၊ ကျမတို့အဖေကတော့ ဒီအိမ်မှာနေရင်း ခေါင်းချခဲ့တဲ့နေရာပါ။ အဖေဆုံးပြီးတဲ့နောက်ပိုင်း၊ အမေ့မှာပိုက်ဆံတွေအများကြီးနဲ့ပြည့်ပြည့်စုံစုံနေခဲ့ကြရသလို၊ ဆင်းဆင်းရဲရဲလဲနေခဲ့ကြရဘူးတာမို့ “ရသစုံသောအိမ်ဂေဟာကြီး” လို့ပြောရမလိုပါဘဲ။ အမေ့ရဲ့အဖေဦးဖိုးဆန်းဆုံးပြီးနောက် ကျန်ခဲ့တဲ့ တစ်အိမ်ထဲသော အမွေဆိုင် အိမ်ပါ။

အမေကတော့ သူ့မိဘများခေါင်းချခဲ့တဲ့အိမ်မို့ သိပ်ကိုမြတ်နိုးတန်ဖိုးထားခဲ့တာပါ။ ဒါပေမဲ့လဲ အချိန်တန်တော့ မောင်နှမတွေ ရောင်းချပြီး၊ ခွဲခြမ်းစိပ်ဖြာခဲ့ကြတာဆိုတော့ ဘယ်လောက်ဘဲ ခင်တွယ်ပါစေ၊ အချိန်တန်တော့ခွဲခဲ့ကြရတာပါဘဲ။ အဲ့ဒီအချိန် ကထဲက ဘာကိုမှ တွယ်တာစရာမကောင်းပါလားဆိုတဲ့ သင်ခန်းစာတစ်ခုရလိုက်တာပါဘဲ။

ပေ (၂၅ ×၅၀)ကို ဘေးနှစ်ဖက်ကိုတစ်ပေစီချန်ပြီး၊ဆောက်ထားတဲ့ သွပ်မိုး၊ပျဥ်ကာ ပျဥ်ခင်းအိမ်ပါ။ ထပ်ခိုးလဲပါ ပါတယ်။ ကျမတို့မိသားစုက ခေါင်းရင်းခန်းမှာနေကြပြီး၊ ခြေရင်းခန်းကိုငှားထားတာပါ။ နောက်ပိုင်းမှာတော့ အိမ်ငှါးတွေဆင်းသွားပြီး၊ ဦးတို့ကကျမတို့ရဲ့ခြေရင်းခန်းကိုပြောင်းလာကြပါတယ်။ အခုနေရတဲ့အိမ်ထက်စာရင်တော့ စကားဝါပင်လမ်းအိမ်က အတော် ကျဥ်းတယ်လို့ခေါ်ရမှာ။ ဒါပေမဲ့ ဧည့်အလွန်ပျော်တဲ့အိမ်ပါ။

ဧည့်အလွန်ပျော်တာတော့ တကယ်ကိုစံတင်ရလောက်တာပါဘဲ။ သူငယ်ချင်းတွေနေ့နေ့ညည ဆုံကြတာကတော့ ကျမတို့ ရဲ့အိမ်မှာပါဘဲ။ အမေက သူ့မှာရှိရှိ၊မရှိရှိ လူလာတာနဲ့ထမင်းကျွေးချင်တတ်တာက ၊ သူ့စေတနာပေါ့လေ။ ဒီည ပွဲသွားကြည့် ကြမယ်ဆိုရင်တော့၊ “စုရပ်”ကစကားဝါပင်လမ်းအိမ်။ ဘတ်စ်ကားမှတ်တိုင်နဲ့လဲနီး၊ အချိန်မရွေး စားချင်တာ လဲဝယ်လို့ ရတာဆိုတော့ အိမ်မှာဘဲချိန်းကြပြီး၊ ညနေကျတော့ရေမိုးချိုး၊ လှတပတတွေပြင်ဆင်လို့စားစရာတွေအစုံထည့်ကာနဲ့ ပွဲခင်းဆီကိုလှမ်းကြတာ။

မောင်လေး ဝင်းမောင်က သူ့သူငယ်ချင်းရဲ့ကားကိုငှါးပြီး ၊ သူ့နှမတွေနဲ့သူငယ်ချင်းတွေကိုဇာတ်ပွဲရုံအထိလိုက်ပို့တတ်တာ။ တကယ်မမေ့နိုင်ပါဘူး။ ကျမက ရင်ကြပ်တတ်တော့ Amino ကိုဘူးလိုက်ထည့်ပေးတတ်သေးတာ။ ပွဲကြည့်ပြီးပြန် ရောက်ရင် ဆေးပုလင်းကိုဖွင့်ကြည့်တတ်သေးတာ။ ပြီးတော့ “ငါ့အစ်မက ပွဲကြည့်နေရရင် ရင်မကြပ်ဘူးနော်” လို့ပြောတတ်သေးတာပါ။

သူငယ်ချင်း နုနုကလည်းကျမတို့ရဲ့ ပွဲကြည့်ဖေါ်ပေါ့။ သူကတော့ သူ့ရဲ့မိတ်ဆွေ မွှေးမွှေးတို့ ညီအစ်မတွေကိုပါ ကျမတို့အိမ် ကိုခေါ်လာတတ်သေးတာပါ။ ပွဲကိုသွားကြည့်ကြပြီး၊နှစ်ပါးခွင်ပြီးတာနဲ့ အိမ်ပြန်ကြမယ်ဆို၊ မိုးကမလင်းသေးတော့ ကျမတို့ အိမ်ကိုဘဲ ပြန်လာကြပြီး တိုးတိုးဝှေ့ဝှေ့အိပ်ကြရတာ။ အိမ်ကျဥ်းကျဥ်းလေးထဲမှာ ဖြစ်သလိုအိပ်ကြပြီး၊ ကိန်းခန်းမကြီးဘဲ နေခဲ့ ကြဘူးတဲ့ မိတ်ရင်းဆွေရင်းတွေပါဘဲ။ ခုများတော့လဲ နုနုတို့မိသားစုနဲ့ကလွဲလို့ မဆုံဖြစ်ကြတော့ပါဘူး။ အော်၊ ဆုံကြတုန်း ကြုံကြတုန်းလေးမှာ စိတ်တူကိုယ်တူ ခင်မင်ကြသူများပေမို့ ယနေ့တိုင်မမေ့နိုင်ဖြစ်နေမိတာနေမှာ။

အိမ်ကနေ ပွဲသွားကြည့်ကြဖို့ ပြင်ကြဆင်ကြဆိုတော့ မမေ့နိုင် အမြဲသတိရနေတာလေးလဲရှိပါသေးတယ်။ နုနုနဲ့ မွှေးမွှေးတို့ ညီအစ်မတွေက ပွဲကြည့်မည့်ည ဝတ်ဖို့ ထမီဆင်တူချုပ်ထားကြတာကိုး၊ နုနုရဲ့သ္မီး မီးမီး အတွက်ကတော့ ကြိုးတစ် ချောင်းနဲ့ဂါ ဝန်လေး။ မီးမီးကမဝတ်ချင်လို့ အသံမထွက်ဘဲမျက်ရည်ကျလို့၊ ရွှေနုက ကလေးကိုလိမ်ဆွဲ။ အမေကဆိုတာစိတ်ဆိုးလိုက်တာလေ။ အမေက မီးမီးတို့မောင်နှမနှစ်ယောက်ကို အတော်ချစ်တာ။ အထူးသဖြင့် မိဘမစုံတဲ့ကလေးကိုပိုဂရုစိုက်တတ်တာပါ။ကျမတို့လဲ မိဘမစုံဘူးလေ။ မီးမီးကိုတွေ့တိုင်းကို ဒီအဖြစ်လေးကိုပြောမဆုံးပါဘူး။တော်တော်ဆိုးတဲ့ ရွှေနု။

အိမ်မှာအိပ်ကြမယ်ဆိုတော့လဲ၊ ကြမ်းပေါ်မှာဖျာတွေခင်း၊ ခေါင်းအုံးတွေ၊စောင်တွေချပြီး၊ ခြင်ထောင်ကြီးတစ်လုံးထောင်ပြီး၊ ခြင်ထောင်ထဲမှာစကားတွေဖေါင်ဖွဲ့ပြီး အိပ်လိုက်ကြတာပါဘဲ။ပကာသနမဖက်တဲ့ချစ်ခင်ရင်းနှီးမှုတွေပါ။ ခုကာလလို ရောဂါတွေသာကြောက်ရမည့်အချိန်ဆို ခက်ရချည်ရဲ့။ စားကြမယ်ဆိုတော့လဲ တစ်ပန်းကန်ထဲ ကိုဇွန်းသုံးလေး ချောင်းတပ် ပြီး၊အလုအယက်စားကြပြန်တာပါ။ ရေနွေးကြမ်းကို မတ်ခွက်ကြီးထဲထည့်ပြီး၊သူတစ်ငုံ၊ငါတစ်ငုံနဲ့ ဟန်ကိုကျလို့။ ဘယ်မှာလဲ ကူးစက်တတ်တဲ့ရောဂါ။

ရှေးတုန်းက ဒေါင်းလန်းကြီးနဲ့ စားကြတာကိုမမှီပေမဲ့၊ ချစ်ခင်ရင်းနှီးစွာနဲ့ တစ်ပန်းကန်ထဲမှာ စုပေါင်းစပ်ပေါင်းစား ခဲ့ကြဘူးတာ ကိုတော့ စံတင်ထားရမှာပါ။

တို့တတွေခရီးထွက်ကြမယ်ဟေ့လို့ ဆိုပြန်ရင်လဲ၊ မနက်အစောထွက်ကြမှာမို့ ကျမတို့အိမ်မှာ စုပြီးအိပ်ကြတာပါဘဲ။ တညလုံးမအိပ်နိုင်ကြဘဲ စကားတွေပြောကြပြီး၊ လမ်းရောက်မှ ကားပေါ်မှာ အိပ်ငိုက်ကြတာ။ ငယ်တုန်းမို့သာ ထူပေထာပေ ခံနိုင်ကြတာ။ ခုလိုအသက်အရွယ်များဆိုရင်တော့ ခွေကနဲလဲသွားနိုင်ပါတယ်။

ပျော်သင့်တဲ့အချိန်မှာ ငယ်ရွယ်တုန်းပျော်ကြပါ။

ထို့အတူ ကြိုးစားသင့်တဲ့အချိန်မှာ အချိန်ကာလအလိုက်ကြိုးစားကြပါ။

အချိန်အခါသင့်သလို နေထိုင်တတ်မှ

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s