Mi Aung

Memories of Mi Aung (62)

သတိရမိတာ

တစ်နေ့ကမိုးတွေသိပ်ရွာလို့၊ ငယ်တုန်းက အဖေနဲ့ တံစက်မြိတ်အောက်မှာ အိုးတွေချပြီးတိုက်ကြတာလေးကို အမှတ် ရနေ မိတယ်။ မိုးရေနဲ့တိုက်ချွတ်ဆေးကြောလိုက်တဲ့ ဒန်အိုးလေးတွေများပြောင်လက်သွားတာပါဘဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျမ တို့လဲအိမ်တွေရှင်းရင်း၊ ရှိတာတွေ အကုန်ချပြီး ဝက်ပေါကဆေး၊ ကျမကသိမ်းနေရတာ။ လွှင့်ပစ်ရတာတွေကတစ်ပုံပေါ့။ မိုးရွာထဲတော့မဟုတ်တော့ပါ။ အခုအသက်အရွယ်နဲ့အခြေအနေကတော့ မိုးရွာထဲကို ဘယ်လိုများဆင်းဝံ့ပါလိမ့်မလဲ။ ခုချိန်မှာ ဖျားနာလို့ကတော့ တခါထဲ နောင်ဘဝ ရောက်သွားလေမလားဘဲ။

ခပ်ငယ်ငယ် ပျော်ခဲ့ရတဲ့အချိန်လေးတွေကိုလဲမမေ့ပါဘူး။သူငယ်ချင်းတွေကိုလဲ သတိရနေစဲပါဘဲ။ ကျောင်းနေစဥ်ကထဲက ခင်မင်ခဲ့ကြသူတွေမဟုတ်ပေမဲ့၊ ညီရင်းအစ်ကိုမောင်ရင်းတမျှပမာချစ်ခင်ကြတာပါ။ အဲ့ဒီအချိန်က သူ့ကိုယ်မသိ၊ ကိုယ့်သူ မသိနဲ့ဘဲ တစ်ယောက်စကား တစ်ယောက်နားနဲ့ “ရုက္ခဗေဒဘွဲ့ရအသင်း” ကိုတည်ထောင်ခဲ့ကြရပါတယ်။ ဝန်ထမ်းတွေ၊ ကုန်သည်၊စျေးသည်၊ ဘွဲ့ရခါစလူငယ်လေးတွေစုံလို့ပါဘဲ။ ဘာအကျိုးအမြတ်ကိုမှမမြှော်ကိုးဘဲ၊ အသင်းအတွက် ရံပုံ ငွေရှာ ကြမယ်ဆိုလဲတပျော်တပါးပါဘဲ။

ကျမတို့မှာ ရုပ်ရှင်လက်မှတ်တွေ လိုက်ပြီးရောင်းရသလို၊ ဘူးသီးကြော်သည်လဲလုပ်ကြရပါသေးတယ်။ နင်မှပင်ပမ်းတယ်၊ ငါမှပင်ပမ်းတယ်ဆိုတာလဲမရှိ၊ တစ်ယောက်နဲ့တစ်ယောက် “တွက်ကပ်”ခြင်းလဲမရှိကြပါဘူး။ မှတ်မှတ်ရရ တပ်မတော်ကပွဲရုံမှာ “လွမ်းရတဲ့အဖြစ်လေးတွေ” ဆိုတဲ့ရုပ်ရှင်လေးကို ပြပြီးအသင်းအတွက်ပိုက်ဆံရှာခဲ့ကြမိလို့များ၊ ခုချိန်ခါမှာ သူငယ်ချင်းတွေ တကွဲတပြားစီဖြစ်ပြီး လွမ်းနေကြရသလားလို့ပါ။ ရုပ်ရှင်လက်မှတ်တွေကို” RC” ထဲမှာလဲ ပြေးရောင်းလိုက်၊ မိတ်ဆွေ တွေကို အနိုင်ကျင့်ပြီးရောင်းလိုက်နဲ့ အားနာရမှန်းလဲမသိခဲ့ပါဘူး။

ရွှေတိဂုံဘုရားပွဲမှာ ဘူးသီးကြော်ရောင်းခဲ့ကြတာတော့ ပျော်လဲပျော်၊ စိတ်လဲညစ်ပါဘဲ။ မိုးစုတ်စုတ်ချုပ်မှ ဘူးသီးကြော် ၊ ဘရာ ကြော် ကြော်ပေးတဲ့စျေးသည်ကိုတော့ ကျမရဲ့သူငယ်ချင်း၊ ယ္ခုကွယ်လွန်သွားပြီဖြစ်တဲ့ “တင်တင်မာ” ခမြာမှာညတိုင်းကို ပြန်လိုက်ပို့ပေးရရှာတာ။ သူကအားလုံးကိုအနွံတာခံရှာတာ။ တင်တင်မာရဲ့ဘော်ဒီဂတ်ကတော့ ကိုမင်းဇော်၊ ကိုဇော် ဝင်းနဲ့ကို တင်အောင်ပေါ့။ ကျမတို့ အမြဲတန်းရယ်ပွဲဖွဲ့ခဲ့ရတာတော့ တင်တင်မာက ” အမယ်လေး၊ ကံကောင်းလို့ ဘရာကြော် ကတော် မဖြစ်တယ်” တဲ့လေ။

တင်တင်မာနဲ့စပြီးခင်ခဲ့ကြတာကတော့၊ ဘွဲ့ရအသင်းသူ၊ အသင်းသားတွေ မိတ်ဆက်ကြတဲ့ ဒေးစွန်ပါဘုရား ကိုသွား ဖူးကြ တဲ့နေ့ပါဘဲ။ကျမနဲ့အေးအေးချိုက လမ်းမှာစားကြဖို့ ဝက်သားပေါက်ဆီတွေ ဝယ်သွားကြတာ။ တင်တင်မာနဲ့ဝင်းဝင်းအေးက ကျမတို့နောက်ကခုံမှာထိုင်လို့ပေါ့။ ဘုမသိ၊ ဘမသိနဲ့ ကျမကဝက်သားပေါက်ဆီကို တင်တင်မာဆီ အတင်းထိုး ပေးပြီး ကျွေးနေ မိတာ။ သူကတော့လက်ကလေးကာပြီး၊ ရယ်လို့။ အားနာလို့ထင်ပြီးအတင်းကိုပေးတော့မှ၊ သူကအစ္စလမ်ဖြစ်နေမှန်းသိရတာ။ အဲ့ဒီတော့မှ အားနာလိုက်တာလေ။ ၁၉၈၅ခုနှစ်ကပါ။

အသက်ငယ်တုန်းကတော့၊မိုးရွာမကြောက်၊ နေပူမကြောက် ဘယ်နေရာမဆို သွားကြမယ်ဆိုတာချည်းပါဘဲ။ ဆတ်ဆတ်ဆော့ ဆော့ ရွာသာကြီးကို ပျော်ပွဲစားထွက်မယ်။ ကြံကြံဖန်ဖန် ငါးမျှားပြီးချက်စားကြမယ်ဆိုလို့ မိုးရွာထဲလဲသွားကြတာပါဘဲ။ ရွှံထဲဗွက်ထဲမှာ “ယနုံး” ထိုးကြတာ၊ ဘာငါးမှလဲမရ။ ဗွက်တွေပေ၊ ရေတွေစိုလို့။ တော်သေးတာက ပဲကုလားဟင်းတစ် အိုးနဲ့ ဗလခြောင်ကြော်လေးချက်လာကြလို့သာ၊ အဲ့ဒီနေ့ကထမင်းမငတ်ကြတာ။ ရွာသာကြီးက ကိုနန္ဒတို့ ကိုတင်အောင် တို့ရဲ့ မိတ်ဆွေ”တဲ”လေးမှာထမင်းစားကြရတာ။ ငယ်တုန်းတော့ကြံဖန်ပြီးပျော်ကြတာပါဘဲ။ မရိုသေစကား မလီ (Lily Ba Thein) နဲ့ နီနီကရှူးပေါက်ချင်လှပြီဆိုလို့၊ ရထားလမ်းဘေးမှာ “တို့တွေကာထားပေးမယ်”ဆိုပြီး၊ တာလပတ်အစကြီးကို ကျမကတဖက်၊ အေးအေးချိုကတစ်ဖက်ဆွဲပြီးကာထားရတာ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရထားကြီးကလဲဖြတ်လာရော၊ တာလ ပတ်ကြီးက လေတိုးလို့လန်သွားပါလေရော။ လေတိုက်တိုင်းရယ်ကြရတယ်ဆိုတာ ဒါမျိုးနေမှာ။ သွားကြတာကလဲ ပတ်ပ လစ်ကာအမိုးဖွင့်၊ မိုးတွေကရွာလို့၊ ဒါပေမဲ့ ဖျားရ၊ နာရမှန်းလုံးဝမသိ။ ပျော်ဖို့သာစဥ်းစားကြတဲ့အရွယ်တွေကိုး။

ငြိမ်ငြိမ်ကိုမနေတတ်ကြတဲ့အရွယ်တွေဆိုတော့၊ တော်ကြာ သံလျင်သွားကြဦးမယ်ဖြစ်ပြန်ရော။ ကျောက်တန်းရေလည် ဘုရား ကိုတော့ သံလျင်ကနေကျောက်တန်းကိုသွားတဲ့လိုင်းကားကိုစီး၊ ဘုရားဖူးပြီးအပြန် “ထမလုံ” မှာဆင်းလို့၊ သီဟိုခြံမှာထမင်း စားပြီး၊ ညနေစောင်းမှ သီတာသင်္ဘောကြီးစီးပြီး ပြန်ခဲ့ကြတော့၊ ခရီးစဥ်တစ်ခု အောင်မြင်စွာပြီးဆုံလေသတည်းပေါ့။

ခုများတော့လဲ တစ်မြို့ထဲနေကြပြီး၊ လုံးဝကိုအဆက်အသွယ်ပြတ်သွားကြတာများလေ၊ ကိုယ်လိုဘဲ အမှတ်ထင်ထင် သတိရ နေ တဲ့သူရှိသလို၊ “ဟုတ်လား၊ အဲ့ဒီတုန်းက ဒီလိုမျိုးလား”ဆိုပြီး မေ့နေကြသူတွေလဲရှိကြမှာ။ နှစ်တွေလဲကြာခဲ့ပြီလေ။ ကျမတို့ အသင်းက တက္ကသိုလ်ဌာနပေါင်းစုံက ဆရာကြီး၊ ဆရာမကြီးတွေကိုလဲ တက္ကသိုလ်ဓမ္မာရုံကြီးမှာ အာစရိယပူဇော်ပွဲတွေလဲ ကျင်းပနိုင်ခဲ့ကြပါသေးတယ်။

ခုချိန်ခါမှာပြန်တွေးကြည့်တော့လဲ အိပ်မက်လိုပါဘဲလား။

ဆုံလိုက်ကြ၊ ခွဲခွါသွားလိုက်ကြနဲ့ပါဘဲ။

ပျော်ခဲ့ကြဘူးတာလေးတွေကိုဘဲသတိရရင်းနဲ့၊ ဘဝရဲ့လက်ကျန်အချိန်လေးတွေကို ကုသိုလ်စိတ်လေးတွေထားပြီးနေထိုင်ကြရတော့မှာ ။

လူငယ်လူရွယ်လေးတွေ ဥာဏ်ရည်လဲထက်မြက်တုန်း၊ ခွန်အားလဲပြည့်တုန်းအခိုက်မှာ မိမိရဲ့ဘဝကို လိုအပ်တဲ့နေရာမှာ အစွမ်းကုန်ကြိုးစားကြရမှာ။ အချိန်လွန်မှကြိုးစားဖို့ဆိုတာကတော့ ရတော့ရနိုင်ကောင်းပါရဲ့။ သို့ပေမဲ့လဲ စိတ်ထင်တိုင်းမပေါက်ရောက်နိုင်ပါဘူး။ ပျော်လဲပျော်ကြ၊ ကြိုးစားလဲကြိုးစားနိုင်ကြပါစေ။

အခွင့်အရေးဆိုတာ၂ခါမလာပါဘူး။

အေးချမ်းသာယာကြပါစေ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s