Mi Aung

Memories of Mi Aung (57)

ပြန်ဆုံခွင့်

မနေ့က ပေါ်ဆန်းမွှေးလမ်း၊သုဝဏ္ဏ ကိုရောက်တော့ ညီအစ်မလိုနေခဲ့ကြတဲ့ သူငယ်ချင်း အေးအေးဝင်း (Shirley Win) ကို သတိရမိပါတယ်။သူနဲ့ကျမက တန်းခွဲမတူပါဘူး။ သူနဲ့ ၆တန်းနှစ်မှာ စပြီးခင်ခဲ့ကြတာပါ။ (သူက တီချယ် Rosie Tint ရဲ့ ( အေ) ခန်းနဲ့ ကျမက တီချယ် Betty Tintရဲ့ (ဘီ) ခန်းပါ။) ကျမက မိတ်ဆွေအပေါင်းအသင်းကိုများတာပါ။ (အမေကဆို “လူတွေသာ ပြောင်းသွားတယ်၊ ငါ့သ္မီးကတော့ ‘မလဲ’ဘူးနော်” လို့ပြောတတ်သေးတာပါ။)

သူက ဝင်းနွဲ့ဆွေနဲ့ တွဲတာမို့၊ ကျမတို့သူငယ်ချင်းအေးအေးချစ်ကြောင့်ခင်မင်မိသွားကြတာပါ။ များသောအားဖြင့်မိန်းကလေး ကျောင်းတွေက “အချစ်တော်”ရောဂါ ထကြတာလေ။ ညနေဖက်ကျောင်းကားစောင့်ကြရင်းနဲ့လဲ စကားပြောဖေါ်ဖြစ်ကြတာပေါ့။ သူက အလုံ လျှပ်စစ်ဝင်းထဲမှာနေတာပါ။ သူတို့အဖေက ရန်ကုန်တိုင်းလျှပ်စစ်က ငွေစာရင်းအရာရှိပါ။ သူက ကျမတို့အတန်းက Nora Wong နဲ့ ကျောင်းကားတူပါတယ်။ (ခုချိန်ခါမှာတော့ အလုံက လျှပ်စစ် (EPC)ဝင်းရော၊ Nora တို့နေခဲ့တဲ့ ရေခဲစက်ဝင်း ကြီး ရော မရှိတော့ပါဘူး။)

နောင်ခါကျတော့ Shirleyတို့နဲ့ မိသားစုလိုက်ခင်သွားကြတာ၊ သွားအတူစားအတူပါဘဲ။ သူတို့အဖေ အန်ကယ်ဦးမောင်မောင် ဝင်းကဆိုရင် ကျမတို့ညီအစ်မတွေကို သိပ်ချစ်တာ။ စာကျက်လို့တဲ့လေ။ Shirleyတို့က မောင်နှမတွေအများကြီး (၇)ယောက် တောင်မှ။ အန်တီဒေါ်တင်တင်ကဆို နားလေးတာမှ သူ့ကိုစကားပြောချင်ရင်လက်ဟန်ခြေဟန်နဲ့ပြောရတာ။ အားကြီးသဘော ကောင်းတာပါ။ အန်ကယ်က မန္တလေးကိုတာဝန်နဲ့ပြောင်းရတော့ Shirley က သူတို့အစ်ကို အကြီးဆုံး ကိုကိုစိုးဝင်းရဲ့ ပေါ်ဆန်း မွှေးလမ်း၊ သုဝဏ္ဏ အိမ်မှာနေခဲ့ရတာ။ သောကြာနေ့ညနေဆိုရင် ကျမတို့အိမ်မှာညအိပ်ပြီး၊ တနင်္ဂနွေနေ့ညမှ သုဝဏ္ဏကိုပြန် လိုက် ပို့ရတာပါ။

အဲ့ဒီအချိန်တုန်းက သုဝဏ္ဏဆိုတာ ဝေးသီခေါင်ဖျားပါဘဲ။ ခုတော့လဲ ဘယ်လိုမှကိုမမှတ်မိနိုင်တော့တာမို့၊ သူတို့နေခဲ့တဲ့အိမ်ကို မှတ်မိဖို့နေနေသာသာ၊ မှန်းလို့တောင်မရပါဘူး။

အမေတို့မန္တလေးသွားရင်လဲ သူတို့အိမ်မှာဘဲတည်းကြရတာပါ။ တစ်ဦးနဲ့တစ်ဦးအတော်ကို သံယောဇဥ်ရှိကြတဲ့ မိသားစုတွေ လို့ခေါ်ရမှာပေါ့။ ကျမ ၁၀တန်းအောင်ပြီးတဲ့အချိန်အထိကိုအဆက်အသွယ်မပြတ်ရှိခဲ့ကြတာ။ Shirley Winက ၁၀ တန်း မအောင်တော့၊ အန်ကယ်က မန္တလေးကိုပြန်ခေါ်ထားပါတယ်။ ကျမ ဘွဲ့ရတဲ့အထိကို သူတို့မန္တလေးမှာဘဲနေကြတာပါ။ ဒီလိုနဲ့ ကျမလဲ လုပ်ငန်းခွင်ဝင်ရပြီဆိုတော့ တဖြည်းဖြည်းအဆက်ပြတ်သွားလိုက်တာ အန်ကယ်ဆုံးတာရော၊ အန်တီဒေါ်တင်တင်ဆုံး တာရောကိုမသိလိုက်တော့ပါဘူး။

ကျမတို့ စကားဝါပင်လမ်းမှာနေတဲ့အချိန်က သူ့မောင်လေး လာမှဘဲ အန်ကယ်နဲ့အန်တီဆုံးတာသိလိုက်ရတာ။ Shirley ကလဲ ကျမတို့ကို အဆက်အသွယ်လုံးဝမလုပ်လိုက်တာ ယနေ့အထိကိုပါဘဲ။ သူက ဘယ်သူနဲ့တွေ့တွေ့ အဆင်ပြေအောင်နေတတ်ပြီး စိတ်သဘောကောင်းတဲ့သူပါ။ ( သံယောဇဥ်ကြီးတဲ့ ကျမတို့ကသာ စုံစမ်းမေးမြန်းနေမိတာ။) လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်ကတော့ Shirleyရဲ့ အမျိုးသားဆုံးတာကို သတင်းစာမှာတွေ့လိုက်ရလို့ လိပ်စာလေးတောင် မှတ်ထားမိပါသေးတယ်။ ပြည်မှာပါ။ အခြေအနေပေးရင်တော့ သွားပြီးကို ရှာပါဦးမယ်။

တကယ်တော့ “ဆန်ဆုံစား၊ကံကုန်သွား” ဆိုတာသိပ်ကိုမှန်တဲ့စကားပါ။

မဆုံနိုင်ကြတော့ဘူးဆိုရင် ဘယ်လောက်ဘဲ ချစ်ပါတယ်၊သံယောဇဥ်ရှိကြပါတယ် ဆိုပေမဲ့ တစ်မြို့ထဲနေတာတောင် မတွေ့နိုင်ဘဲ “ဝေး”နေတတ်ကြတာ။

ဆုံနိုင်ကြတုန်းလေးတော့ – – – –

မဆုံနိုင်ကြတော့ဘူးဆိုရင်တော့လဲ သူနဲ့ကိုယ်နဲ့”ရေစက်” မရှိတော့လို့ ဘဲလို့မှတ်ရတော့မှာပါဘဲ။ * * *

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s