Mi Aung

Memories of Mi Aung (55)

Update : October 19, 2021

ပန်းပျိုးသူ

ဆိတ်ဖလူးပန်းပင်လေးလိုချင်လွန်းလို့ စျေးကနေ အပင်ပေါက်လေးကို ၇၀၀ကျပ်ပေးပြီးဝယ်လာခဲ့တာ။ အပင်ကတစ်တောင် လောက်ဘဲရှိတာလေ။ စိုက်ဖို့နေရာရွေးရင်းနဲ့ အိမ်ရှေ့မှာချထားမိတာ၊ ကြက်က လာပြီးဆိတ်လို့ ၊ စိတ်တိုပြီးတွေ့တာနဲ့ ကောက် ပေါက်ပစ်လိုက်တာပေါ့။ တဒင်္ဂစိတ်မထိန်းနိုင်တာလေ။ ကြက်ဆိုတဲ့အမျိုးကလဲ မျက်စိလျင်ပါ့။ ပြေးလိုက်တာ တန်းနေ ရောဘဲ။

ခုတော့ သူ့ကိုနေရာတကျစိုက်ထားတာ ၇ပေလောက်တောင်ရှိနေပြီး၊ အခက်အလက်တွေဝေဝေဆာဆာနဲ့။ သူများတွေဆီမှာ ဆိတ်ဖလူးပန်းတွေ ပွင့်ပြီး ကြွေကျနေတာများ ကောက်လို့တောင်မနိုင်ဘူးဆိုတော့၊ မနက်တိုင်း သွားကြည့်ရတာအမောပါဘဲ။ တကယ့်ကို “မျှော်တော်ယောင်”ပါ။

အမေ့ရဲ့သရက်ပင်တွေကြီးလာတော့လဲ၊ဒီလိုပါဘဲ။ အမေက သရက်ပင်အတော်ကြီးလာတဲ့အထိ ရေလောင်းစိုက်ခဲ့ရရှာတာ။ အမေကစိုက်ထားတယ်ဆိုတော့လဲ၊ ကျမကလမ်းသွားရင်းနဲ့ သရက်ပင်မြင်တိုင်း မော့ကြည့်မိပြန်ရော။ သူများအပင်တွေမှာ သရက်တွေဖူးပြီဆိုရင်၊ အိမ်ပြန်ရောက်တာနဲ့ ကိုယ့်အိမ်က အပင်ကို မော့ မော့ပြီးကြည့်ရတာ၊ ဇက်တောင်နာပါတယ်ဆို။ အဲ့ဒါကို တွေးကြည့်တော့ လူဆိုတာ မနာလိုစိတ် အနည်း နဲ့ အများဆိုသလို ရှိတတ်ကြမှာပါလားလို့ပါ။ သူများအပင်ဖူးတာ ကိုတွေ့တာနဲ့ ငါတို့ရဲ့အပင်လေးရော ဖူးမှဖူးသေးရဲ့လားလို့ ယှဥ်ကြည့်မိတာကိုက “ပြိုင်ချင်ဆိုင်ချင်” တတ် တာမဟုတ်ပါလား။

သရက်သီးလေးတွေသီးလာပြန်တော့လဲ၊ ကြီးစေချင်လှပြီ။ သရက်သီးအကင်းလေးတွေ ကြွေပြန်တော့လဲ အိပ်ယာကနိုးတာနဲ့ ကောက်ဖို့အလုပ်ပိုတစ်ခုတိုးပြန်ရော။ ကောက်ပြီးရင်လဲ ဟိုပေးချင် ဒီပေးချင်နဲ့ရှုပ်ရှက်ကိုခတ်နေတော့တာပါဘဲ။ သရက်သီး တွေကြီးလာပြန်တော့လဲ၊ အပင်ကကြီးတော့ ခူးလို့ကမမှီ၊ ခူးဖို့လူခေါ်ရ၊ ခူးပြီးတော့ သိမ်းရ၊ မှည့်အောင် ကုက္ကိုရွက်၊ ပိတောက် ရွက်တွေခူးပြီးအုပ်ရနဲ့။ မှည့်ပြန်တော့ အမျိုးတွေ၊မိတ်ဆွေတွေပေးချင်နဲ့။

လူတွေများ ရှင်းအောင်ကိုမနေတတ်ကြပါလား၊ တော်တော်အရှုပ်ကြိုက်ကြတာဘဲ။

“သရက်သီးဘဲ ဝယ်စားနိုင်ကြပါတယ်အမေရယ်” လို့ပြောမိတဲ့အခါများ၊ “မတူဘူးလေအေ၊ ဒီအသီးက ဆေးတို့ပြီး မှည့်တာ မဟုတ်ဘူး၊ ပိုကောင်းတယ်” တဲ့လေ။ ကိုယ့်ပစ္စည်းမှ ပိုကောင်းတယ် ဆိုတဲ့ “အစွဲ”လေးတွေပေါ့လေ။

ပစ္စည်းလေးတောင် ကိုယ့်ပစ္စည်းမှပိုကောင်းတယ်ထင်တတ်ကြရင်၊ ကိုယ့်သားသ္မီးဆိုရင်ပိုဆိုးတော့မှာပေါ့နော်။ သူများထက် ပိုကောင်းစေချင်၊တော်စေ တတ်စေချင်တာမိဘတိုင်းပါဘဲ။ကောင်းတာလေးမှလဲစားစေ့ချင်ကြတာပါ။

မိဘဆိုလို့ ဟိုးလွန်ခဲ့တဲ့အနှစ် (၃၀) ကျော်လောက်ကိုစိတ်က ပြန်တွေးမိသွားတာလေးပါ။ စနေ၊ တနင်္ဂနွေလိုနေ့မျိုး ဆိုသူငယ် ချင်းတွေက ကျမရဲ့အိမ်မှာဆုံကြတာများပါတယ်။ သူတို့ကလေ “မိအောင် ချက်တာမှစားကောင်းတယ်” ဆိုတော့လဲ အမြှောက် ကြိုက်တဲ့ကျမက ချက်ရပြုတ်ရတာပေါ့။ များများစားစား အကောင်းစားချည်းမဟုတ်ပါဘူး။ မုန်လာဥချဥ်းရေဟင်း လေးကိုနံနံ ပင်လေးအုပ်လို့၊ ငပိရည်လေးဖျော်လို့၊ ငါးကြင်းခပ်ရွယ်ရွယ်လေးတစ်ကောင်ကိုကြော်ပြီး၊ အာလူးလေးလဲလေးစိတ်စိပ်ပြီးကြော်၊ ကြက်သွန်အကွင်းလိုက်၊ခရမ်းချဥ်သီးအကွင်းလိုက်လေးနဲ့ငါးကြင်းကြော်နဲ့ရောသမလိုက်တာပါ။ (ဟင်းပွါးသွားအောင် အကြံ အဖန်လုပ်ရတာလေ။ အဲ့ဒီအချိန်က “ဝန်ထမ်းဘဝ”မို့ပါ။ ကျွေးလဲကျွေးချင်၊ အကုန်အကျလဲသက်သာ၊ စားလဲစား ကောင်း ရအောင်။)

နုနုတို့ မစိန်ရည်တို့က ကလေးတွေတောင် အတော်ကြီးနေကြပါပြီ။ များသောအားဖြင့်တော့ နုနုက သားသားနဲ့မီးမီးကိုပါ ခေါ် လာတတ်တာ။ သူက သူ့ကလေးတွေကိုဘယ်သူနဲ့မှစိတ်မချရှာဘူး။ တကယ့်ကို “တော်ဝင်”တဲ့မိန်းမ၊ သားသ္မီးကိုသိပ်ဂရု စိုက် တဲ့မိန်းမပါ။ (သူငယ်ချင်းနုနုအတွက် အမြဲ ဂုဏ်ယူရပါတယ်။)

ကျမက “သားတို့စားကောင်းရဲ့လား “လို့မေးရင် ကလေးတွေကရယ်ပြတတ်ပါတယ်။ နောက်တော့မှ “စားကောင်းပါတယ် အန်တီ၊ မေမေရှေ့မှာ စားကောင်းတယ်ပြောရင်၊ အဲ့ဒီဟင်းဘဲ အမြဲချက်ကျွေးမှာစိုးလို ပြန်မပြောတာပါ” တဲ့လေ။ ကျမလေ ရယ်လိုက်ရတာ။ ခုတော့ ပြန်တွေးမိပါတယ်။ ဒါလဲ သားသ္မီးအပေါ်ထားတဲ့ “အမေ့မေတ္တာအနန္တပါလား” လို့။

မစိန်ရည်ရဲ့ သားနှစ်ယောက်ဆိုလဲ ကျမတို့ကချစ်ရတာပါဘဲ။ သက်မင်းဇော်နဲ့ရဲမာန်လေး ၂ယောက်လုံးကိုပါ။ ကိုလှမင်းနဲ့မစိန် ရည်ကတော့ကလေးတွေကို “ကိုယ့်အားကိုယ်ကိုး”တတ်အောင်ထားတတ်တဲ့မိဘမျိုးလို့ဆိုရမှာပေါ့။ ကျမတို့အိမ်ကို လာတဲ့ အခါ၊ သား၂ယောက်ကို သူတို့အဖွားနဲ့ဘဲထားခဲ့တတ်တာ။ ဒါပေမဲ့ သက်မင်းဇော်လေးငယ်ငယ်က ကျမရဲ့မွေးနေ့မို့ အိမ်မှာ ခေါက်ဆွဲကြော်ကျွေးတာ။ စားကြဖို့စားပွဲကခင်းထားပြီး၊ ကျမက ဟင်းချိုပန်းကန်ကိုစားပွဲပေါ်တင်ထားတယ်။ “မစိန်ရည်ရေ ကလေးကိုကြည့်နော်လို့”ပြောပြီး အိမ်ထဲဝင်ခါရှိသေးတယ် ကလေးက စားပွဲပေါ်တက်လိုက်ပါလိမ့်မယ်၊ ဟင်းရည်ပူတွေ လောင် သွားတာ၊ ကျမလေ လန့်လဲလန့်၊စိတ်လဲပူနဲ့ ဘာလုပ်ရမှန်းကိုမသိတော့တာ။ အမယ်လေး မမနဲ့ ကိုယ်တော်ချောက သတင်းစာ ကြည့်နေတာကိုး။ နောက်တော့မှ ကလေးကိုချီပြီး၊ အိမ်ပြန်ပြေးကြတာ။ ကြီးကြီးမားမား ဘာမှဖြစ်မသွားဘူးဆိုတာတောင် ကလေးမှာ အနာရွတ်တော့ထင်သွားရှာတာ။ကလေးကို တခါလေးခေါ်လာပါတယ်။ (အမေဆို သိပ်ကိုစိတ်ဆိုးတာ၊ သူကလဲ သားသ္မီးကို ပိုးမွေးသလိုမွေးတတ်တာမို့။)

ကျမရဲ့သူငယ်ချင်းနှစ်ယောက်က တစ်ယောက်တစ်မျိုးစီပါဆို။ နုနု သားသ္မီးကိုထိန်းကျောင်းပုံနဲ့ မစိန်ရည်ထိန်းကျောင်းပုံ မတူ တာကိုပြောတာပါ။ ဒါပေမဲ့ ကလေးတွေအားလုံးက လိမ္မာကြရှာတော့ မိဘတွေ ရင်အေးကြရတာပေါ့။

ခု ပြန်တွေးမိတော့လဲ ရယ်စရာတွေချည်းပါဘဲ။

အပင်လေးတွေလဲ အတူတူပါဘဲ။ ဂရုစိုက်လိုက်ကြရတာ။ ကြက်ဆိတ်မှာစိုးရိမ်ရတာနဲ့၊ လူခူးမှာစိုးရိမ်ရတာနဲ့ အရိပ်တကြည့် ကြည့်နေလာကြရတာ။ သူငယ်ချင်းတွေ သားသ္မီးမွေးထားသလိုပါဘဲလားလို့ နှိုင်းယှဥ်ပြီးတွေးမိသွားတာပါ။

အနှစ်နှစ်အလလပြုစုပျိုးထောင်လာလိုက်ရတာ။ ဟိုရှေ့ရက်တွေက လေတွေတိုက်လို့ သစ်ကိုင်းတွေအိမ်ပေါ်ကျတာနဲ့၊ အပင် တွေခုတ်ပစ်လိုက်ရတာနှမျောလိုက်တာ။ ကျမအိမ်က အပင်တွေဆို ၂၈နှစ်နီးပါး ဂရုတစိုက် ပြုစုခဲ့ရတာပါ။ ခုတ်ပစ်လိုက်တော့ လဲ တစ်မနက်နဲ့ကုန်သွားတာပါလား။

အော် ပျိုးထောင်ခဲ့ရတာကအနှစ်နှစ်အလလ၊ဖျက်ဆီးပစ်လိုက်တော့ တစ်ခဏပါလား။ ။

တွေးကြည့်ဘူးကြပါရဲ့လားလို့ – – – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s