Mi Aung

Memories of Mi Aung (54)

လူဆိုး

P I C မှာ၁၉၇၈ ခုနှစ်၊ မေလ( ၂ )ရက်နေ့မှာစပြီးအလုပ်ဝင်ခဲ့ပါတယ်။ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဦးလေး ဦးသိမ်းဖေရဲ့ ထောက်ခံချက် နဲ့ အလုပ်ရခဲ့ရတာပါ။ (ရေနံဓါတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ Petrochemical Industry Corporation.) ရေနံရုံးတို့ အခွန် ရုံးတို့ဆိုတာ လူခံမရှိရင် အလုပ်ဝင်လို့မရတာမို့ ဦးလေးကိုကျေးဇူးတင်လို့မဆုံးပါဘူး။

ပထမဦးဆုံး ရေနံဓါတု-စီမံရေးဌာနရဲ့ ပြည်တွင်းဝယ်ယူရေးဌာနမှာပါ။ ကနဦးဆရာကတော့ ဌာနမှူး ဦးအောင်မြင့်ပါဘဲ။ အလွန်သဘောကောင်းတာမို့ သူ့ဌာနကလူတွေက သိပ်မကြောက်ကြပါဘူး။ အလုပ်စတက်တဲ့နေ့ကတော့ သိတဲ့သူမရှိလို့ ယောင်ချာချာနဲ့ ဒီနေရာမှာထိုင်ဆိုလို့သာ စားပွဲကုလားထိုင်နဲ့ထိုင်နေလိုက်ရတယ်၊ အတော်ကိုအူကြောင်ကြောင်နိုင်တာပါဘဲ။ ၁၀ နာရီလောက်ရောက်တော့ ကျမစားပွဲရှေ့ကခုံကိုအစ်မတစ်ယောက် ရောက်လာလို့ ကြည့်လိုက်တဲ့အခါ၊ “ထခုန်မိမ တတ်” ကိုပျော်သွားရပါတယ်။ “အားကိုးရာ”တွေ့သွားတဲ့ကလေးလိုပါဘဲ။ St.Philomena’s က စီနီယာမမ Kathleen Than (ဒေါ်သန်းသန်းအေး) ရယ်ပေါ့။ အစ်မက ဖေးဖေးမမ သင်ပေးခဲ့၊ စောင့်ရှောက်ခဲ့တာပါ။

ကျမကိုဌာနမှူးက ဒေါ်ခင်မိမိအောင်လို့ခေါ်လိုက်တော့၊ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ဘူးတာ “ဒေါ် ” တပ်ပြီးခေါ်လိုက်လို့ပါ။ ကျောင်းပြီးခါစ ကလေးတွေးမို့ ရယ်စရာကြီးဖြစ်နေမိရပါတယ်။ စာရွက်တစ်ထပ်၊ ခဲတံတစ်ချောင်းနဲ့ မျဥ်းလုံးတစ်ခုပေးပြီး၊ မျဥ်းကြောင်းတားခိုင်းတာဆိုတော့၊ အမယ်လေးတော်၊ လူကိုနှိမ်လိုက်တာလို့အောက်မေ့မိတာပါဘဲ။ တကယ်တော့ မျဥ်းလုံး နဲ့ညီအောင်တားတာလဲ မလွယ်လှတာမို့ ပညာတစ်ခု အသင်ခံလိုက်ရတာပါ။ စာရေးမအသစ်ချပ်ချွတ်၊ ရုံးကို ရောက်စမှာဘာ လုပ်တတ်မှာလိုက်လို့။ ခုမှနားလည်မိတာ၊ မူကြိုကလေးကို ခဲတံနဲ့စာအုပ်ပေးပြီး၊ ဝလုံးဖြစ်ပြီးရော ရေးခိုင်းသလိုပါလားလို့။

တစ်ပါတ်လောက်နေတော့မှ ဖိုင်လေးတွေ တွဲပုံနဲ့ ပစ္စည်းအမှာစာလေးတွေကို သင်ရေးလေး၊ရေးခိုင်းတာပါ။ အလုပ်ရဲ့လက်ဦး ဆရာပါဘဲ။ ကိုယ့်ဌာနနဲ့မဆိုင်တဲ့အလုပ် လာခိုင်းလို့ကတော့ မမKathleen က လုပ်ပေးစရာမလိုဘူး၊ ထားလိုက်လို့ ပြောပြီး၊ ခပ်တည်တည်နဲ့ “မိမိ မလုပ်ပေးနဲ့” လို့ပြောတာမှတ်မိနေပါသေးတယ်။

အလုပ်စဝင်တော့ တစ်နေ့၅ကျပ်ပြား၄၀နဲ့ နေ့စားလရှင်း လုပ်ခဲ့ရတာ။ တစ်နှစ်နီးပါးကြာတော့မှ တစ်လကို ၁၈၅ကျပ် ဖြစ်သွား တာ။ ဒါပေမဲ့ အဲ့ဒီအချိန်က ညီအစ်မ ၂ယောက် ရတဲ့ပိုက်ဆံလေးနဲ့ မောင်လေး၂ယောက်နဲ့ညီမလေးကို ကျောင်းထား နိုင်ခဲ့ ပါ တယ်။ နေ့လည်ဖက်လည်း နေ့စဥ်မဟုတ်ရင်တောင် ရက်ခြားလောက် ရုံးအောက်ကိုဆင်းပြီး မုန့်စားနိုင်ပါသေးတယ်။ ရုံးက လွစ္စလမ်းအောက်ဖက်မှာမို့ ပန်းဆိုးတန်း ဘဏ်တွေကြားမှာရောင်းတဲ့ အစားအသောက်တွေကို မက်မက်စက်စက်ကိုသွားစားကြရတာပါ။

တစ်နှစ်ခွဲလောက်ကြာတော့ ညွှန်မှူး (စီမံ)ရဲ့ဌာနမှာ မမလေး (ဒေါ်သီရိတင့်)နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ရပြန်ပါရော။ အဲ့ဒီတုန်းက လူကလဲငယ်သေး သွက်သွက်လက်လက်လဲရှိတာမို့ များပြားလှတဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တာ။ ခုချိန်မှာဆို ဘယ် လုပ်နိုင်ပါလိမ့်မလဲ။ နောက်အန်ကယ်ဦးတင်မောင်အေးက ရာထူးတိုးပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြန်တော့ မမလေးနဲ့ ကျမတို့ တာဝန်အရမ်းပိ ခဲ့ကြရ ပါတယ်။ ကျမတို့ရဲ့စွမ်းအင်ဝန်ကြီးကလဲ အလုပ်တအားလုပ်တာမို့ အန်ကယ် ရဲ့အနားမှာနေ ရတဲ့သူတွေ နေ့မအား ညမနား အလုပ်လုပ်ခဲ့ကြရတာ။ ဒါပေမဲ့ ကျမတို့ဝန်ထမ်းတွေကမငြီးမငြူဘဲ ပျော်ပျော်ပါးပါးကို အလုပ် လုပ်ခဲ့ကြတာပါ။ မိသားစုစိတ်ဓါတ်ရှိတဲ့ လူကြီးနားနေခဲ့ရတာမို့လဲ ကျေးဇူးတင်ရပါတယ်။

ရုံးကတော့ ယောက်လမ်းကိုတခါရွှေ့၊နောက်ပြီး မင်းရဲကျော်စွာလမ်းကိုတခါရွှေ့ ခဲ့ကြရပါသေးတယ်။ မင်းရဲကျော်စွာလမ်းရုံးက ယ္ခုကုတင်၅၀၀ဆေးရုံဆောက်ထားတဲ့နေရာပါ။ တကယ်ကိုဘဲ ဘေးဘီမှာဝယ်စားစရာမရှိလေတော့၊ လွစ္စလမ်းရုံးနဲ့ ယောက် လမ်းရုံးကိုလွမ်းခဲ့မိပါသေးတယ်။ ကျမတို့က အစားသမားတွေလေ။ နောက်ပိုင်း ကိုထွန်းကျော်၊ ကိုခင်မောင်လှိုင် နဲ့ကျမတို့ ဌာန စိတ်မှူးရာထူးတိုးတော့လစာ ၃၂၀ကျပ်ရပါတယ်။ ခုခေတ်အဆိုအရတော့ အရာရှိငယ်ပေါ့လေ။

၁၉၈၆ခုနှစ်ကုန်ခါနီး ရာထူးတိုးပြီး၊ ၁၉၈၇ခုနှစ်၊ဇွန်လမှာ အလုပ်နှုတ်ထွက်စာတင်၊ အလုပ်ကထွက်လာခဲ့တာပါ။ တခါတလေ လူ့ဘဝဆိုတာ မှန်းတာကတစ်မျိုး၊ ဖြစ်လာတတ်တာကတစ်မျိုးမို့ ဘာကိုမှ ပုံသေတွက်ထားလို့မရပါဘူး။ ၁၉၈၈ ခုနှစ်၊ ဇန္နဝါရီ လရောက်မှ နှုတ်ထွက်ခွင့် အမိန့်စာကျတာမို့ လစာကရနေပါသေးတယ်။ လစာအိတ်လေးတွေက အန်ကယ်အိမ်မှာရောက် နေလို့သွားယူတဲ့နေ့က မှတ်မှတ်ရရ ၂၅ကျပ်တန်၊ ၃၅ကျပ်တန် နဲ့၇၅ကျပ်တန် တွေသိမ်းတာကြေငြာတဲ့နေ့ပါ။ ကံမကောင်း လိုက်ပုံများ သုံးလစာ စာအိတ်ထဲမှာ သုံးလို့ရတဲ့ပိုက်ဆံက တစ်ရာကျော်လေးဘဲပါပါတယ်။ အန်ကယ့်ရဲ့ဇနီး တီတီ (ဒေါ်တင်မမ)က သုံးဖို့ တစ်ရာထပ်ပေးလိုက်လို့သာတော်တော့တယ်။ အန်ကယ်နဲ့တီတီ တို့က ကျမတို့ရဲ့ကျေးဇူးရှင်တွေပါ။

ဝက်ပေါနဲ့မိမာလေးက သူတို့ရွှေလေးတွေ ပေါင်နှံပြီးအရင်းအနှီးလုပ်လို့၊ မုံရွာကစောင်တွေယူရောင်းတော့၊ ရတဲ့ပိုက်ဆံကလဲ သိမ်းတဲ့အထဲမိနေပြန်တာမို့၊ လူတွေအတော် အနေကြပ်ကြတာပါလားလို့။

လူ့ဘဝများ အကောင်းနဲ့အဆိုး ရောပြွမ်းနေကြတာ၊ တွေးကြည့်ရင် အလွန်ကြောက်စရာကောင်းတာဘဲ။

ကျမတို့တွေ အလုပ်စလုပ်ကထဲက တစ်နေ့တော့ “ရာထူးရာခံလေး” ရှိအောင်ကြိုးစားကြမယ်ဆိုတဲ့စိတ်လေးတွေ ကိုယ်စီ ရှိကြမှာပါ။

ကျမအဖြစ်ကတော့ – ရာဇပလ္လင်နဲ့ မထိုက်တန်ဘူးထင်ပါရဲ့လေ။ စိတ်မြန်လက်မြန်နဲ့ လုပ်ချင်တာကို ဇွတ်လုပ် တတ်တဲ့ ဥာဥ်ဆိုးကြောင့်လဲပါ ပါတယ်။

(ကျမက အလုပ်ကိုမကြောက်တတ်တော့ ဒီအလုပ်မဟုတ်ရင် နောက်အလုပ်တစ်ခုလုပ်မယ်ဆိုတဲ့ စိတ်မျိုးကရှိတာကိုး။ ဘာအလုပ်မှမရှိရင် မုန့်ဟင်းခါးချက်ရောင်းမယ်ဆိုတဲ့လူမျိုးပါ။)

အမေနဲ့တူလို့ဆိုးတာလား?
အဖေနဲ့တူလို့ဆိုးတာလား?
မိဘ ခေါင်းကိုလွှဲချတာမဟုတ်ပါဘူးနော်။
မိဘဆိုတာ သားသ္မီးကို လိမ္မာအောင်၊ လူမှုဆက်ဆံရေးပြေပြစ်အောင် သင်ကြားပေးတတ်တာချည်းမို့ ၊ ကျမရဲ့မိဘတွေလဲ ထို့အတူပါဘဲ။
ဘယ်သူနဲ့ဘဲတူတူ ဒီဇွတ်လုပ်တတ်တဲ့ ဥာဥ်ကို အမြစ်ဖြတ်ပစ်ရမှာ။

လူဆိုးပါဆို – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s