Mi Aung

Memories of Mi Aung (53)

ကြုံလေ ဘုံပွေ

၁၉၉၀ခုနှစ်အလွန်နှစ်ဆီတုန်းက – – -သတင်းစာကြော်ငြာလေးတွေကြည့် ကိုယ်နဲ့ကိုက်ညီမည်ထင်တဲ့ အလုပ်ကလေး တွေ တွေ့ရင် ခဲတံအနီလေးနဲ့ခြစ်ပြီးမှတ်ထား။ အဲ့ဒီအချိန်တုန်းက ယ္ခုခေတ်လို လွယ်လွယ်ကူကူ ဆက်သွယ်မေးမြန်းနိုင်တဲ့ တယ်လီ ဖုန်းကလဲမရှိဆိုတော့၊ ကိုယ်တိုင်ဘဲအပင်ပမ်းခံပြီး လိုက်စုံစမ်းရတာပါ။ “ထီးဖြူ၊ ဖိနပ်ပါး” ရတာများပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတဲ့ကြော်ငြာလေးကတော့ ခနောင်(အရှေ့)ကျေးရွာက တွဲဖက်အထက်တန်းကျောင်းအတွက် ဆရာမတွေခေါ်တာပါ။ ဘယ်နေ့၊ဘယ်အချိန် လူကိုယ်တိုင် လာရောက်လျှောက်ထားပြီး၊ အင်တာဗျူးပါ​ တခါထဲဖြေရမယ် ဆိုတော့ အပြေးအလွှားသွားရတာပေါ့။ သာကေတက ဆရာကြီးဦးအောင်ချိန်ရဲ့အိမ်မှာ ရွာကဘုန်းဘုန်းကိုယ်တိုင် မေးမြန်းပြီး၊ တခါထဲ ခန့်မှာပါ။ (ဆရာကြီးဦးအောင်ချိန်က စည်းကမ်းအလွန်ကြီးပြီး၊ အလွန်သမာသမတ်ရှိပါတယ်။) အလုပ်သွားလျှောက်တယ်ဆိုကထဲက ကိုယ့်အားကိုယ်ကိုးပြီးသွားရမှာမို့၊ သာကေတကိုမေးမြန်းပြီးသွားရတော့တာပေါ့လေ။

လိပ်စာလေးကိုင်ပြီး စုံစမ်းနေတုန်းမှာဘဲ ကိုယ့်ထက်နဲနဲလေးငယ်မယ်ထင်ရတဲ့ အမျိုးသ္မီးလေးကလဲ ဆရာမလျှောက် ဖို့လာ တာပါ။ သူက အင်္ဂလိပ်စာသင်မှာတဲ့။ ဒီလိုနဲ့ ကျမတို့ရှာနေတဲ့အိမ်လဲတွေ့လို့ ဘုန်းဘုန်းနဲ့ ဆရာကြီးတို့မေးသမျှဖြေပြီး၊ လစာတွေသတ်မှတ်လို့ တစ်နှစ်စာချုပ်ချုပ်ပြီး၊ တစ်နှစ်မပြည့်ခင်ထွက်ရင်တော့ လစာပြန်လျှော်ရမယ်လို့ သတ်မှတ်ပါတယ်။ စုစုပေါင်းကျမအပါအဝင်ဆရာမ (၅) ယောက်ပါ။

သွားရမည့်နေ့နဲ့အချိန်တွေကိုသတ်မှတ်ပေးပြီး၊ “စုရပ်” က ကျောက်တန်းကူးတို့ဆိပ်မှာပါ။ အင်္ကျီအဖြူ၊လုံချည်အစိမ်းတွေ ကမန်းကတမ်းချုပ်လို့၊ သယ်သွားရမည့်ပစ္စည်းတွေပြင်ဆင်ရတာပေါ့၊ လျှပ်စစ်မီးမရှိတာမို့ မီးသွေးမီးပူကအစ ပါအောင် သယ်ရတာ။ (တစ်အိမ်ထောင်စာပါဘဲ။) သွားရမည့်နေ့ကျတော့ညီမဝက်ပေါနဲ့မောင်လေးဖိုးချိုတို့က ကျောက်တန်းကို လိုက်ပို့ပေးကြပါတယ်။ ခနောင်သွားမည့်မော်တော်က ရေလှည့်နဲ့ထွက်တာမို့ ရေတက်ရေကျကို စောင့်ပြီးမှထွက်တာပါ။ ကျမကို အတူသွားမည့်အဖေါ်တွေနဲ့ထားခဲ့ပြီး၊ ဝက်ပေါနဲ့မောင်လေးပြန်သွားတော့ ငိုချင်လိုက်တာလေ။

နေ့လည်လောက်ကျမှ မော်တော်ထွက်ရတော့ ညနေ အတော်ကြီးစောင်းတော့မှ ခနောင်ရွာကိုရောက်ပါတော့တယ်။ ဆရာမ (၅ ) ယောက်နေဖို့ အိမ်တစ်လုံး သီးသန့် ငှားပေးထားတာပါ။ ကျမ၊ ဒေါ်တင်လေးအောင်၊ ဒေါ်ရီရီဆွေ၊ ဒေါ်အမာရီတို့က အရင် ရောက်ပြီး၊ သင်္ချာနဲ့ရူပဗေဒသင်မည့်ဆရာမလေးက နောက်မှရောက်လာတာပါ။ ရောက်တဲ့ညကတော့ အိမ်ကပါလာ တဲ့ထမင်း လေးဘဲစားပြီး၊နောက်နေ့မနက်ကစလို့ ရွာက တစ်လတိတိ တစ်နေ့တစ်အိမ်ထမင်းကျွေးကြတာပါ။

တစ်လပြည့်လို့ကိုယ့်ထမင်းကိုယ်ချက်စားရတော့၊ ဆန့်နို့ဆီဗူးတစ်လုံးချက်ရင်း၊ ဘဲဥ၂လုံးပါတခါထဲထည့်ပြုတ်လိုက်တာပါဘဲ။ ဆွမ်းတော်ကပ်ဖို့နဲ့ ည၊ မနက်စာပါ။ ညနေ ကျောင်းကပြန်ရောက်လို့၊ ထမင်းစားတဲ့အခါများမျက်ရည် ပိုးပိုးပေါက် ပေါက်ကျ ရတော့တာပါဘဲ။ သံပုံးလေးပေါ်ဖယောင်းတိုင်မီးလေးတင်ပြီးထွန်းလို့၊ မုန့်ပုံးပေါ်ထမင်းစားပန်းကန်ပြားလေးတင်ပြီး၊ ဘဲဥပြုတ်တစ်လုံးရယ်၊အိမ်ကသယ်လာတဲ့အခြောက်အခြမ်းလေးတွေနဲ့ညစာစားကြရတာပါ။ ကျမကတော့အိမ်နဲ့လဲတခါမှ မခွဲဘူးတာမို့ ညမိုးချုပ်ရင်လဲငိုရတာပါဘဲ။

ကျောင်းဆောင်က ဆောက်လို့မပြီးသေးတော့ ဘုန်းကြီးကျောင်းမှာ (၉ ) တန်းနဲ့ ( ၁၀) တန်းကိုသင်ရပါတယ်။ တွဲဖက်အထက် တန်းကျောင်းမို့ အဲ့ဒီ အတန်း ၂တန်းအတွက် မြေစိုက် ထရံ တဝက်ကာပြီး ဓနိမိုးထားတဲ့ ၂ခန်းစာလေးပါ။ မိုးရွာရင် မိုးပက် ပါသေးတယ်။ ရွာမှာစာသင်ရတဲ့ ကလေးတွေခမျာ တဲတန်းကြီးကိုစာသင်ခန်းလုပ်လို့၊ ကျူရှင်ဆိုတာဘာမှန်း မသိကြရှာတာမို့ သိပ်ကိုသနားစရာကောင်းတာပါ။ အဲ့ဒီတုန်းကတော့ ရွာမှာ သြဇာရှိတာဘုန်းကြီး မို့ လူတွေအားလုံး ကဘုန်းဘုန်းရဲ့ စကား ကိုနားထောင်ကြပါတယ်။

ညဖက်ကျရင်တော့ ဆရာမတွေအိမ်ကို ကလေးတွေက ကိုယ့်ဖယောင်းတိုင်လေးကိုယ်ယူလာကြပြီး၊ မသိတဲ့စာမေးရင်း စာ ကျက်ကြပါတယ်။ ည ၉နာရီလောက်ကျရင်တော့ အိမ်ပြန်သွားကြရှာတာ။ ၉ တန်းကျောင်းသူ နွယ်နွယ်ဦးဆို တဲ့သ္မီးလေးက တော့ ကျမနားမှာလာနေပေးပါတယ်။ ကျမတို့ ရောက်စဥ်အချိန်တုန်းကတော့ အိမ်တိုင်းမှာအိမ်သာ မရှိဘူးဆိုရင် ယုံပါ့မ လားဘဲ။ ခုတော့ တိုးတက်နေလောက်ပါပြီ။

စနေ၊ တနင်္ဂနွေကျောင်းပိတ်တာနဲ့ အိမ်ပြန်ဖို့ကိုသောကြာနေ့ညကထဲကပြင်ဆင်ရတာ။ ခနောင်ကနေစားစရာ(ဘဲဥနဲ့ ငါးပု ဇွန် ) တွေဝယ်ပြီး၊ အိမ်ကိုသယ်လာ၊ ရန်ကုန်ကစားစရာတွေဝယ်ပြီးခနောင်ကိုပြန်နဲ့၊ ရတဲ့လစာမလောက်ပါဘူးဆို။ နောက်တော့ အမေက “ပြန်လာခဲ့၊ ညည်းလစာလဲပြန်ရော်ခဲ့”ဆိုပြီး၊ တချက်လွတ်အမိန့်ပေးတော့တာပါဘဲ။ မော်တော်နဲ့ ပင်လယ်ဝက နေ သွားရတာမို့ မိုးနဲ့လေနဲ့ စိတ်ပူနေတာ အိပ်မပျော်ဘူးတဲ့လေ။ (ရန်ကုန်ကိုအပတ်စဥ်ပြန်တာက ကျမတစ်ယောက်ထဲမို့ ရွာမှာ ကျန်ခဲ့တဲ့ဆရာမလေးတွေစားချင်ရှာကြမှာဆိုပြီး၊ ဝက်သားပေါက်စီကစလို့စုံစီနဖါ ဝယ်လာခဲ့တာပါ။)

ခနောင်ကိုပြန်ဖို့ကတော့ – ကျမတို့ကြည့်မြင်တိုင်အိမ်ကနေ မနက် ၈နာရီ လောက်ပုဇွန်တောင်-ညောင်တန်းသင်္ဘော ဆိပ် ကိုသွား၊ သီတာသင်္ဘောနဲ့သန်လျင်ကိုကူး၊ကျောက်တန်းကိုကားစီး၊ ကျောက်တန်းမော်တော်ဆိပ်ကနေမော်တော်စီးရင် ညနေ မိုးချုပ်ခါနီးမှ ခနောင်ကိုရောက်တာပါ။ ခုတော့ ကားလမ်းလဲပေါက်၊ လျှပ်စစ်မီးလဲရနေပြီဆိုတော့ မြို့ကြီးဖြစ် နေ လောက်ပါပြီ။

ဖေါ်ရွေလှတဲ့ အကျွေးအမွေး ရက်ရောလှတဲ့သူတွေနေတဲ့ ခနောင်ရွာလေးကို တစ်ခေါက်လောက်တော့ ရောက်အောင်သွား ချင်ပါသေးတယ်။ ခုလောက်ဆိုကလေးတွေက လူကြီးတွေဖြစ်ပြီး၊ သူတို့ကို ခဏလောက်သာ စာသင်ခဲ့ဘူးတဲ့ဆရာမကို မှတ်မိပါ့မလားဘဲ။ ကျမကတော့ သူတို့ရွာကပြန်ရမယ်ဆိုတာသိသိ ချင်းဘဲ အမှတ်တရလေးဖြစ်ရ လေအောင် ကိုယ်သင် ရတဲ့ဘာသာရပ်နဲ့ မဆိုင်ပေမဲ့၊ မြန်မာစာဆရာမကိုခွင့်တောင်းပြီး “တို့ဆရာမ” ဆိုတဲ့ခေါင်းစဥ် လေးနဲ့စာစီစာကုံး လေးတစ် ပုဒ်ရေးခိုင်းပြီး၊ မကြာခဏ ဖတ်ပြီးလွမ်းနေမိတာ။ နာဂစ်ဖြစ်မှ သူတို့လေးတွေရဲ့ စာရွက်လေးတွေ ရေမျောသွားရတာပါ။ ကျမက ဇီဝဗေဒ နဲ့ ဓါတုဗေဒ သင်ရတာပါ။ (ခနောင်ကပြန်ရောက်တာနဲ့ ဖက်စပ် ၇ မှာအလုပ်ဝင်ရပြန်ပါရော။)

သံယောဇဥ် ထားတတ်လေ ဒုက္ခများရလေပါဘဲလား – – – –

အေးအတူ ပူအမျှနေခဲ့ကြတဲ့ သူငယ်ချင်းဆရာမတွေကိုလဲ အမြဲသတိရနေတာပါ။

ကျမ ပွေလီပုံက တစ်မျိုးနော်၊ အလုပ်မရှိရင်မနေနိုင်တာလေ။ ခုတောင် အလုပ်ခန့်မည့်သူများရှိရင် – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s