
Kyaw Oo
ကိုဗစ်ရောဂါသည် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုကို ဖိစီးနှိပ်စက်နေသဖြင့် ယနေ့ကမ္ဘာ၏ အဆိုးဆုံး သဘာဝဘေးအန္တရာယ်ပင် ဖြစ်သည်။ လူသားအတော်များများကို ဒုက္ခပေးနေသော ယင်းရောဂါသည် လုံးဝမပျောက်ကွယ်သော်မှ တစ်ချိန်တွင် လျော့ နည်းကျဆင်းမည်ဟု မျှော်လင့်ချက်ရှိသည်။
အခြားသဘာဝဘေးတစ်မျိုးဖြစ်သော ရာသီဥတုပြောင်းလဲမှုသည်မူ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးနှင့် နေရာဒေသမရွေး မည် သည့်လူသားကိုမျှ မချွင်းမချန်ဘဲ အသေအချာသက်ရောက်လွှမ်းမိုးမည်ဖြစ်၍ ကိုဗစ်ထက်ပင် ကြောက်စရာ ကောင်း သည်ဟု ပညာရှင်များက လက်ခံထားပြီး ဖြစ်သည်။
ကိုဗစ်ရောဂါလျော့နည်းကျဆင်းရန် မျှော်လင့်ချက်ရှိသော်လည်း ရာသီဥတုပြောင်းလဲမှု လျော့နည်းသွားရန် မဖြစ်နိုင်တော့ဘဲ ယခုထက်ပိုမဆိုးရန်သာ အသည်းအသန် အားထုတ်နေကြရသည်။
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်များဖြစ်သော အပူချိန်မြင့်တက်ခြင်း မိုးသည်းထန်ခြင်း ရေကြီးခြင်း မိုးခေါင်ခြင်း ရေခဲပြင်အရည်ပျော်ခြင်း ပင်လယ်ရေပြင် မြင့်တက်လာခြင်း စသည့် အကျိုးဆက်များကို အဆိုးရွားဆုံးခံရမည့် နိုင်ငံများတွင် မြန်မာသည် ထိပ်ဆုံးနားတွင် ရှိနေသည်။
ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်အတော်များများသည် ရေနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသဖြင့် အခုပင် လျော့နည်းလာပြီဖြစ်သော ရေကောင်းရေသန့်အရင်းအမြစ်များကို ထိန်းသိမ်းရေးသည် လွန်စွာ အရေးကြီးနေသည်။ ရှောင်လွှဲရန် မဖြစ်နိုင်သလောက်ခဲယဉ်းသော သဘာဝဘေးကိုရင်ဆိုင်ရန် အကောင်းဆုံးပြင်ဆင်မှုသည် ယင်းဘေးအန္တရာယ်အကြောင်း ဂဃနဏသိရှိလျက် မည်သည်ကို ဆောင်ရမည်၊ မည်သည်ကို ရှောင်ရမည်စသည်တို့ကို နားလည်သဘောပေါက်ထားခြင်းပင် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် ရာသီဥတုပြောင်းလဲခြင်းအကြောင်း၊ ယင်းဖြစ်စဉ်နှင့် ဆက်နွှယ်နေသော ရေကောင်းရေသန့်အရင်းအမြစ်များအား ထိန်းသိမ်းရေးတို့ကို အများပြည်သူတို့ ကျယ်ပြန့်စွာ သိရှိအောင် အားထုတ်လုပ်ဆောင်နေကြရာ ယင်းလုပ်ငန်းစဉ်များကို အားကျအတုယူ၍ ရေဖူလုံရေးနှင့် ပြောင်းလဲနေသော ရာသီဥတု(Water Security and the Changing Climate) ခေါင်းစဉ်ဖြင့် kyawoo.com ဝက်ဘ်ဆိုက်ကို ရေးသား ဖန်တီး လွှင့်တင်လိုက်ပြီ ဖြစ်ပါသည်။
ဤဝက်ဘ်ဆိုက်မျိုးကို အစုအဖွဲ့တစ်ခုခုက ရေးသားရမည်ဖြစ်သော်လည်း အခြေအနေအရ ကျွန်တော် တစ်ဦးတည်း အားထုတ်လုပ်ဆောင်ခြင်းဖြစ်၍ လိုအပ်ချက် အားနည်းချက်စသည်တို့ မလွဲမသွေ ရှိနေမည်ဖြစ်ရာ တွေ့ရှိပါက အများအကျိုးအတွက် ထောက်ပြဝေဖန်နိုင်ပါကြောင်း ပြောကြားလိုပါသည်။
အောက်ပါလင့်ခ်ကိုနှိပ်၍ ဝင်ရောက်ပါရန်။
Categories: U - Z