RIT Saya

Tekkatho Moe War (5)

မာန်တင်း ဟန်ကင်း ဘဝင်ရှင်းသော မောင်မာဃ နှင့် ရိုးသားတည့်မတ်သူအားလုံး အတွက်…..သည်နေ့ ၁၁ အောက်တိုဘာ ၂၀၂၁ Weekly တွင် စာရေးသူ၏ ဆောင်းပါး။

“ပျောက်ဆုံးခဲ့လေသော အရယ် အပျော် အလွမ်းများ”

(၁)

ရယ်မောခြင်းဆိုင်ရာ သုတေသီတစ်ဦးက ရယ်မောခြင်းသည် လူတိုင်းလိုလိုပိုင်ဆိုင်သော လှုပ်ရှားလည်ပတ် နေသည့် ယန္တရားတစ်ခုဖြစ်သည် ဟု ဆိုခဲ့ဖူးသည်။ စကြဝဠာတစ်ခုလုံးရှိ လူသားအချင်းချင်း ပြောဆိုသောစကားလုံးများ အနက်ရယ်မောခြင်းဟူသည့် စကားသည်လည်း အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်နေသည် ဆိုသည်။ အရေအတွက် ထောင်ချီသောဘာသာစကားများ၊ ထောင်ပေါင်းရာချီသော တိုင်းရင်းဘာသာစကားရှိနေ၊ ကွဲပြားနေစေကာမူ ရယ်မော ခြင်းဘာသာစကားတစ်မျိုးတည်းကို လူတိုင်းညီတူ ” ပြော “ဆိုကြသည်။

ကလေးငယ်တို့သည် စကားမပြောတတ်သေးချိန်ကတည်းကပင် ပြုံးရယ်တတ်နေကြပြီဖြစ်သည်။ သုတေသီတို့၏ အဆိုအရ ရယ်မောခြင်း သို့မဟုတ် ပြုံးရယ်ခြင်းသည် ဦးနှောက်ကထိန်းညှိပေးသော လူ့အပြုအမူ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည် ဆိုသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင်မိမိ၏ဆိုလိုရင်းရည်ရွယ်ချက်ကို သဘောပေါက်စေသည့် အချက်ပြအမူအရာ တစ်ခုလည်း ဖြစ်သည်။ ရယ်မောခြင်းသည် လက်ခံသဘောတူခြင်းနှင့်အပေါင်းလက္ခဏာဆောင်သော အပြန်အလှန်ပြု မူဆက်ဆံခြင်းကို ဖော်ပြသည်။ ထို့ပြင်ကူးစက်လွယ်ရောဂါတစ်ခုကဲ့သို့ ရယ်မောခြင်းသည် တစ်ဖက်လူထံမှ အပေါင်း လက္ခဏာဆောင်သော တုံ့ပြန်ချက်အနေနှင့် ရယ်မောခြင်းကိုနှိုးဆွကာ ရိုက်ပြန်လာတတ်သည် ဆိုသည်။ ရယ်မောခြင်း၊ ပြုံးပျော်ခြင်းသည်ကျန်းမာရေးနှင့်သက်ဆိုင်သည့် သွေးကြောများ၏ အလုပ်လုပ်ဆောင်မှုနှင့်ယှက်နွှယ်မှုရှိသည်ဟု ၂၀၀၅ခုနှစ်တွင်ဆရာဝန်များဖြစ်သူ ဒေါက်တာမိုက်ကယ်မီလာ နှင့် ဒေါက်တာ ဝီလျံဖရိုင်း တို့က သုတေသနရလဒ်တစ်ခုအဖြစ် ထုတ်ပြန်ခဲ့သည်ဆိုသည်။ ရယ်မောခြင်းဖြင့် သွေးကြောများ၏ အတွင်းသားမျက်နှာပြင်တစ်လျှောက် ကို ကျယ်စေကာ သွေးပိုမိုလည်ပတ်စေသည်။ သောကဖိစီးမှုဆိုင်ရာ ဟော်မုန်းဓာတ်ကိုလည်းလျော့နည်းစေသည်။

စိတ်ပညာရှင် Sigmund Freud ကလည်း ရယ်မောခြင်း၊ ပြုံးရယ်ခြင်းသည် စိတ်ပင်ပန်းမှုကိုသက်သာစေကာ စိတ်စွမ်းအင်ကိုပါ မြှင့်တင်ပေးသည် ဆို သည်။ စိတ်နှင့်ကိုယ်ကျန်းမာရေးကို ဤရွေ့ဤမျှ အထောက်အကူပြုသောပြုံးရယ်ခြင်းကိစ္စအား လူတို့က မည်သည့်အတွက်ကြောင့် လိုလိုလားလားအသုံးမချသနည်း။ မလိုလားသည်တော့မဟုတ်နိုင်၊ လိုလိုလားလားရှိကြသည့်တိုင် ပြုံးရယ်ပျော်ရွှင်နိုင်သည့် အခြေအနေမျိုး သူ့အတွက် လူမှုဘဝ​ ​ေလာက က ဖန်တီးပေးထားခြင်းမရှိ၍လည်းဖြစ်မည်။ လက်ရှိကာလ၌ ရယ်မောပျော်ရွှင်စေမည့် အခြေအနေမျိုးသည်ကော တည်ရှိနေပါသလား။ ဖြေဆိုရန် အတော်အတန်ပင် စဉ်းစားရကျပ်နေပေဦးမည်။

(၂)

အရယ်၊ အပေျာ်ဟူသော ပြုံးရယ်ခြင်း၊ ပျော်ရွှင်ခြင်းတို့မှာ စိတ်ချမ်းသာခြင်းနှင့် ဆက်စပ်မှုရှိနေကြောင်းတွေ့ရသည်။ စိတ်ချမ်းသာမှုသည် စိတ်ထဲ၌ဖြစ်သည့် တာရှည်ခံသော ကောင်းသည့်ခံစားမှုတစ်မျိုးဖြစ်သည်ဟု ဆိုကြသည်။ စိတ်တည်ငြိမ်အေးချမ်းမှု၊ ပီတိဖြစ်မှု၊ ကျေနပ်ရောင့်ရဲမှုတို့သည်လည်း စိတ်ချမ်းသာမှုပင်ဖြစ်သည်။

ပျော်ရွှင်ဖွယ်ကောင်းသည့်အလုပ်တစ်ခုခုအားလုပ်ပြီးပျော်နေခြင်းမှာလည်း စိတ်ချမ်းသာခြင်းဟုခေါ်ဆိုနိုင်ပေသည်။

စိတ်ချမ်းသာမှုမရှိလျှင် မည်သည့်ကိစ္စကိုပဲလုပ်လုပ် ဆီလျော်မှုကင်းမဲ့​ နေမည့်အ​ပြင် အဓိပ္ပါယ်လည်းရှိမည်မဟုတ်။ တက္ကသိုလ်တွင် ကျေးဇူးရှင်ဆရာတို့အားပင့်ဖိတ်၍ပူဇော်ကန်တော့​မှုသည် မြန်မာ့ရိုးရာယဥ် ကျေးမှုကိုထိန်း သိမ်းခြင်း မည်သဖြင့် ပါဝင်သူမှန်သမျှ ပြုံးပျော်ကြည်နူးကာ စိတ်ချမ်းသာကိုယ်ချမ်းသာ မဖြစ်သူရှိမည်မထင်။ လူဟူသည် အသိဉာဏ် ရှိသောသတ္တဝါဖြစ်သောကြောင့် စဥ်းစားနိုင်သည့်အရည်အချင်းကိုအသုံးချသူဖြစ်သည်။ ထိုစဥ်းစားနိုင်သည့် အရည်အချင်း ကြောင့် သူနှင့်သူ့ပတ်ဝန်းကျင်လောကတစ်ခုလုံးတိုးတက်လာရသည်။ သို့သော်လည်း အသိဉာဏ်ရှိပြီး စိတ်မချမ်းသာ ပါကယင်းအသိဉာဏ်သည် ဘာအဓိပ္ပါယ်မျှရှိမည်မဟုတ်တော့။ ကုသိုလ်နှင့်အကုသိုလ်ကို စိတ်ချမ်းသာမှု၊ စိတ်မချမ်းသာ မှုအပေါ်အခြေခံ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဟု ဆရာတော်ဦးဇောတိက က ရေးသားမိန့်ဆိုတော်မူခဲ့သည်။

မိမိအတွက်နှင့်တကွ အများအတွက်ပါ စိတ်ချမ်းသာမှုဖြစ်စေရန်ပြုမူဆောင်ရွက်လျှင် ယင်းမှာ ကုသိုလ်ဖြစ်လျက်၊ မိမိ အတွက်ရော အများအတွက်ပါ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုဖြစ်စေခြင်းသည် အကုသိုလ် ဟုမိန့်တော်မူသည်။ သို့ဖြစ်ရကား လောကကြီးအားပို၍ပို၍တိုးတက်ကောင်းမွန်လာစေရန် ပြုလုပ်ဆောင်ရွက်လိုသည်ဆိုလျှင် လူအများအား စိတ်ချမ်းချမ်း သာသာနေနည်း သင်ပေးခြင်းသည်အကောင်းဆုံးဖြစ်သည်ဟု ဆိုရပေမည်။ ထိုသို့နေတတ်ပြီဆိုပါက မိသားစုလည်း စိတ်ချမ်းသာ၊ တစ်နိုင်ငံလုံးလည်းအဆင်ပြေမည်သာဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစားအဖွဲ့အစည်းဆိုသည်ကလည်း တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာရှိရန် နှင့် စည်းကမ်းဥပဒေဘောင်အတွင်းနေထိုင်ရန် ဆောင်ရွက်ပေး သူဖြစ်ရာ လုပ်တတ်လျှင် ကုသိုလ်ရသည့် အလုပ်ဖြစ်မည်မှာမလွဲ…။

(၃)

ရန်ကုန်စက်မှုတက္ကသိုလ်အင်ဂျင်နီယာကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ က ဦးစီးဦးဆောင်ပြုလုပ်သော တစ်ကမ္ဘာလုံး ဆိုင်ရာ ဆရာပူဇော်ပွဲ (WWSPZP- Worldwide Saya Pu Zaw Pwe) အကြောင်းအားအကျဥ်းအားဖြင့်ဖော်ပြရလျှင် နိုင်ငံ တကာနှင့်ရပ်ဝေးရပ်နီးမှ လာရောက်သည့် ကျောင်းသားဟောင်းများအရေအတွက်မှာ တစ်သောင်းထက်မက ကျော်လွန် ကြောင်းသိရသည်။ ဖိတ်ကြားထားသော ကမ္ဘာ့နိုင်ငံစုံရှိဆရာ ၃၀၀ ကျော် အပါအဝင် လူပင်လယ်ကြီးအင်အားစုကြီး တစ်ရပ် လုံးအတွက် နေထိုင်စားသောက်ရေးမှအစ စီစဥ်​သူများအတွက် ဦးနှောက်စားစေသည်။ ပြီးတော့ ဤပွဲကြီးသို့ လာသမျှ အားလုံးကို နေ့ည စဥ်ဆက်မပြတ်သုံးဆောင်လိုရာ သုံးဆောင်စေ၊ အခမဲ့ကျွေးမွေးခြင်းအစီအစဥ် စီမံထားခြင်းမှာလည်း ထူးခြားသော ဝိသေသလက္ခဏာတစ်ရပ်ပင်…။

ပရိသတ်အားလုံးအတွက် အကအလှ တေးဂီတ ​ဖျော်ဖြေမှုကလည်းတစ်ဘာသာ။ ယင်းအစီအစဥ်အားလုံးအတွက် သူ့ကဏ္ဍနှင့်သူ သီခြားလှူဒါန်းသူများ အချိန်တန် ထွက်ပေါ်လာမှုသည်ပင် အံ့ဖွယ်ဘနန်း။ အစီအစဥ်များအနက် အကျွေးအမွေးကိစ္စပြောပါမည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံရင့်ကျက်ပြိးသူ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ​”မောင်မာဃ” က သူ့ထံသို့ ပြင်ပရှိ အစားအသောက်လုပ်ငန်းသမားအများအပြားဆက်သွယ်လာသည်တွင် တာဝန်ယူပေးမည်ပြောသည်။ အမှန်စင်စစ်ဤမျှများပြားသော (လူအရေအတွက် ၁၅၀၀၀)ကိုတစ်ကြိမ်တည်းနှင့် ကျွေးမွေးရန်မှာ လက်တွေ့၌ ​မဖြစ်နိင်မှန်းသိသည်။ လုပ်ငန်းရှင်တစ်ဦးကပင်စကားပါးလိုက်သေးသည်။ စီစဥ်သူ “မောင်မာဃ” ကို “ဆရာ့အတွက်လည်း ကျေးဇူးမမေ့ပါဘူး” ဟု… ။ ယင်းအပေါ် သူက “ဟား ဟား.. ဘာရမလဲ.. လူ့ပါးစပ်ဆိုတာ.. တစ်ယောက်ယောက်ကမဟုတ်တာလုပ်ရင် တစ်နေ့နေ့တော့ ပေါ်တာချည်းပဲ… ငြင်းလိုက်တာပေါ့..”။ မာန်တင်း ဟန်ကင်း ဘဝင်ရှင်းသူတစ်ယောက်အဖြစ်သိထားပြီး ရင်းရင်းနှီးနှီးအတူတကွဆက်ဆံ အလုပ်လုပ်လာခဲ့သည်မှာ သူ ကျောင်းသား ဘဝကတည်းက ဖြစ်သည်။ မာန်မာနတင်းသည်၊ ဟိတ်ဟန်မရှိ၊ တစ်ခုခုလုပ်လျှင် ဘဝင်ရှင်းမှ လုပ်သည်။

သို့ဖြစ်ရကားအစားအသောက်ကိစ္စနှင့်ပတ်သက်၍ ​ကျောင်းသူဟောင်းတစ်စုအား ဆပ်ကော်မတီ တစ်ခုဖွဲ့စေပြီး ပါဝင် လုပ်ဆောင်စေသည်။ ယင်း ဝါရင့်ကျောင်းသူဟောင်းများသည်ခေသူမဟုတ်၊ ချက်ပြုတ်ရေး၊ စားသောက်ရေးဆိုင်ရာ လုပ်ငန်းများ၌ အကျွမ်းတဝင်ရှိပြီးသားမို့ အစစ အဆင်ပြေသွားတော့သည်။

(၄)

ခြုံငုံပြောရလျှင် ထိုနေ့နှင့်ထိုညသည် အားလုံးအတွက် ပြုံးရယ်ခြင်း၊ ပျော်ရွှင်ခြင်းအတိပြီးသောနေ့နှင့်ည ဖြစ်ခဲ့သည်။ အက၊ အလှ၊ တေးဂီတတို့အား မနက် ၂ နာရီတိုင်အောင် ရှုစားနားသောတဆင်နေပါသော်လည်း အတွေးဦးနှောက်ထဲတွင်မူ အရိပ်များ ရွေ့ရှားလျက်ရှိနေသည်။ တစ်ခါတစ်ရံ စိတ်အာရုံသည် စင်ပေါ်သို့ရောက်ရှိခြင်းမရှိဘဲလွင့်မျောနေသည်။ ပြုံးရယ်ပျော်ရွှင် ခြင်းတည်းဟူသော စိတ်ချမ်းသာမှုမျိုးကို နောင်ဘယ်တော့များမှ ​ထပ်မံခံစားထိတွေ့ရမည်နည်း။

လွမ်းတမိသည်မှာအမှန်…။ ၂၀၁၆ မှရေတွက်လျှင် အရယ်၊ အပျော်တို့သည်စိတ်ချမ်းသာခြင်းနှင့်အတူ ပျောက်ဆုံး ခဲ့ပြီလား မသိ….။ မျက်စိအာရုံထဲတွင် ဟိုးအဝေးသို့မှန်းဆ တမ်းတသည့်အရာတစ်ခုသည် စဥ်ဆက်မပြတ် မရှိအရပ်တစ်ခုသို့ လွင့် မျောလျက်ရှိနေပါသေးသည်။

ရေးသူ –တက္ကသိုလ် မိုးဝါ

Maung Mar Ga wrote :

ဆရာကချီးကြူးတော့ဘာပြန်ပြောရမှန်းမသိအောင်ကျေးဇူးတင်ပါတယ်ဆရာရေ

ဘ၀င်ရှင်းတယ်ဆိုတာအဲဒါပါဘဲနာမည်ဆိုတာငွေနဲ့၀ယ်လို့မရဘူးလေ

ဘသူ့မှမပြောပါဘူးဆရာကြီးနဲ့ကျန်တော်ဘဲသိတာဆိုပြီးလဘ်ထိုးမှာကိုများယူလိုက်မိရင်သွားပြီပေါ့

စာကြည့်တိုက်ဆောက်လုပ်ရေးလဲအဲလိုဘဲရှင်းအောင်ကန့်ထားတာ တို့ALUMNIကငွေဘဲရှာပေးသူလုပ်မယ်သုံးသူလုံး၀မလုပ် စာကြည့်တိုက်ငွေထဲကလဘက်ရည်တခွက်တောင်တဖွဲ့လုံးမသောက်ဖူးတော့ဘ၀င်ရှင်းမှရှင်း

Categories: RIT Saya

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s