Mi Aung

Memories of Mi Aung (49)

အတွေး

မိဘကို လုပ်ကျွေးပြုစုပါ။ ဂရုစိုက်ပါ။ မိဘကိုအလုပ်အကျွေးပြုတဲ့သူဟာ ဘယ်တော့မှမဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး။ လူမှုကွန်ယက်မှာ ဒီလိုမျိုးတွေ အမြဲတန်းလိုတွေ့နေရ၊ ဖတ်နေရတော့ ကျမခေါင်းထဲမှာ အတွေးလေးတစ်ခုပေါ်လာမိလို့ပါ။

မိဘမစုံတဲ့ဘဝမှာ ကျင်လည်ခဲ့ရဘူးသူမို့ မိဘရဲ့တန်ဖိုးကြီးလှပုံကို ငယ်ကထဲကသိခဲ့ရပါတယ်။ အဖေက လွန်ခဲ့တဲ့ (၅၃)နှစ် ကထဲက ကျမတို့မိသားစုကို ခွဲသွားခဲ့တာမို့ အဖေ့ကို အလုပ်အကျွေးမပြုခဲ့ရပါဘူး။ အမေကတော့ အသက်(၉၆)နှစ်အထိ ကျန်းကျန်းမာမာနဲ့နေခဲ့ရပြီး၊ လွန်ခဲ့တဲ့( ၈ )လကမှကွယ်လွန်သွားခဲ့ရှာတာပါ။

သားသ္မီး( ၅ ) ယောက်ကိုလူတန်းစေ့ထားနိုင်အောင် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးတွေဟာ တကယ်တော့ ဆပ်လို့မကုန် နိုင်အောင် ပါဘဲ။ အမေကသိပ်ကိုကျန်းမာတာမို့ သူ့အတွက်ကိုဘာမှ”ကရိကထ”မများခဲ့ပါဘူး။ ကျမတို့ညီအစ်မ အစိုးရအလုပ် စလုပ်ပြီး၊ ၂နှစ်လောက်မှာတော့ အမေ့ပေါင်မှာအနာပေါက်တာ သေလုမျောပါးခံခဲ့ရလို့၊ ဆေးရုံတင်ပြီး ကုသခဲ့ရတဲ့အချိန်လေးဘဲ ပြုစု ခဲ့ရဘူးပါတယ်။

(အဲ့ဒီအချိန်မှာ ကျမတို့အတွက်အသိတစ်ခုကောင်းကောင်းရလိုက်တာကတော့၊ “စားနိုင်တုန်းကျွေး၊နေမကောင်းမှ လူမြင် ကောင်းရုံ ဓါတ်စာဆိုပြီး၊ ဟန်ပြ မထားနဲ့” ဆိုတာပါဘဲ။)

အမေက “အမေသာ အဲ့ဒီအချိန်က သေသွားခဲ့ရင်လို့သဘောထားပြီး၊ လစဥ်တရားစခန်းကို သွားတော့မယ်” ဆိုပြီး ၊ စီးပွါးရေးလဲ မလုပ်တော့ပါဘူး။ မောင်လေးဝင်းမောင်ကတော့ ၉တန်းအောင်ပြီး၊ အလုပ်လုပ်လို့ အစ်မကြီး ၂ယောက်ကို တစ်ဖက်တစ် လမ်း က ကူညီပေးရှာပါတယ်။

(ကျမအတွေးပေါ့လေ၊ ဒါလဲ မောင်လေးကမိဘကို ကျေးဇူးဆပ်ခြင်း တစ်ခုလေဘဲလား။)

ညီမလေးမိမာနဲ့ မောင်လေးဖိုးချိုတို့က ပညာသင်လက်စမို့၊ အကြီးသုံးယောက်ရဲ့တာဝန်ပေါ့။ သနားစရာကောင်းတာကတော့၊ အမေစီးပွါးရှာစဥ်တုန်းကလိုတော့ ကျမတို့က ကလေးတွေကိုပြည့်စုံအောင်မလုပ်ပေးနိုင်ခဲ့တာပါဘဲ။ အဲ့ဒီခေတ်က စာသင်ဝိုင်း တွေနဲ့သင်ကြတာမို့၊ ကိုယ့်ကလေးတွေကို “ဝိုင်း”မထားနိုင်ခဲ့ပေမဲ့၊ကလေးတွေက ၁၀တန်းကို အောင်အောင်ဖြေပေးကြလို့၊ ကျေးဇူးတင်ရပါတယ်။

(ကလေးတွေအနေနဲ့ အမေ့ကိုကျေးဇူးဆပ်ခြင်းတစ်ခုပါ။) ဒါပေမဲ့လို့ ဖိုးချိုလေး ၁၀တန်းဖြေခါနီး ၃လလောက်အလိုမှာတော့၊ ကျမတို့ရုက္ခဗေဒဘွဲ့ရအသင်းက မမဒေါ်ခင်လှမြိုင်က သူ့ရဲ့”ဝိုင်း”တွေမှာ ဖိုးချိုလေးကိုခေါ်ပြီးစာသင်ပေးပါတယ်။ လခလုံးဝမပေးရပါဘူး။ တကယ်ကိုကျေးဇူးတင်နေမိပါတယ်။

မောင်လေးတို့ညီမလေးတို့အတွက် ပုဆိုး၊ထမီစတာလေးတွေကိုလဲ ညီမဝက်ပေါက သူ့ရုံးမှာ လပေးနဲ့ရောင်းတာလေးတွေ ဝယ်လာတတ်တာမို့၊ ကလေးတွေ မချို့ငဲ့ရအောင်ထားနိုင်ခဲ့ပါတယ်။

အမေအမြဲပြောဘူးတာလေးတွေကို နားထဲမှာကြားယောင်ရင်းနဲ့ မောင်နှမတွေကြိုးစားရုန်းကန်ခဲ့ကြလို့လဲ၊ကျမတို့ အခြေတကျနေနိုင်ခဲ့ကြတာပါ။

“သားသ္မီးတွေ အားလုံး လူလားမြောက်လာတဲ့အချိန်မှာမှ၊ မတိုးတက်ရင် ဘယ်တော့မှ လူလိုသူလိုနေရတော့မှာမဟုတ်ဘူး” တဲ့ ၊အမေပြောတတ်တဲ့စကားလေးပါ။

အမေကလေ “တရားစခန်းမှာ မုဆိုးမတွေစုပြီးလှူမလို့၊ ပိုက်ဆံပို့ပေးပါဦး” လို့များ လူကြုံနဲ့မှာလိုက်လို့ကတော့၊ ကမန်းကတမ်း ပြေးပြီးပို့ပေးကြတာ။ အမေစိတ်ချမ်းသာရအောင်လို့ပါ။ ကျမတို့ရဲ့ခြေရင်းခန်းမှာနေတဲ့ ဦးလေး (အမေ့ရဲ့မောင် ဗိုလ်ကြီး ထွန်းရွှေ)က ဆိုရင်၊ ကျမတို့ညီအစ်မတွေကိုသနားလို့ “မမေကတော့ကွာ၊အတော်ခက်တာဘဲ” လို့ ပြောရင်၊ ” ဦးငရဲကြီး ပါ့မယ်၊မပြောပါနဲ့” လို့ တားရတာ မကြာခဏပါဘဲ။ *ကျေးဇူးဆပ်ခြင်း “မည်” ပါလားလို့ပါ။

ကျမလေ အမေ့ကိုအမြဲပြောတတ်တယ်။”သ္မီးက အမေသေရင်မငိုဘူး၊ အမေရှိတုန်း အမေလိုချင်တာ၊ အမေလုပ်ချင်တာ၊ အမေစားချင်တာ အားလုံးပြည့်စုံအောင်လုပ်ပေးမယ်” လို့။တကယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ခုချိန်ထိ အမေ့အကြောင်းကို မတွေးဝံ့သလောက်ပါလား။

ဒဂုံရောက်တော့ ညဖက်လဲ မြို့ထဲ မသွားဖြစ်၊ မသွားဝံ့ကြတာမို့၊ အမေက ကြေးအိုးသောက်ချင်တယ်ဆိုရင်၊ ( ၃၆ )လမ်းကနေ ဝယ်လာပြီး၊ ဘတ်(စ)ကားကြပ်ကြပ်နဲ့ ရအောင်သယ်လာပေးခဲ့ဘူးပါတယ်။ တက္ကဆီငှားစီးချင်လို့လဲ၊ ညနေစောင်းရင် ကျမတို့ဒဂုံကို ငှားလို့မရဘူးလေ။ (ကြည့်မြင်တိုင်မှာနေတုန်းကဆိုရင်တော့ အချိန်မရွေး လမ်းသွားလို့အဆင်ပြေတာကို။)

အမေ့မေတ္တာအပြည့်အဝရခဲ့တာကတော့ ကျမတို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။~အမေ့ရဲ့ကျေးဇူးတွေကလဲ များလွန်းလို့ ကျမတို့ဆပ်လို့မကုန်နိုင်ပါဘူး။

ဒါပေမဲ့ ကိုယ်က အမေ့ကိုလုပ်ပေးနိုင်တာတော့ ဘာကိုမှ မငဲ့ဘဲ လုပ်ပေးနိုင်ခဲ့တာမို့ ၊ ကိုယ့်ကိုကိုယ်ရော၊ ကိုယ့် ကိုယ်စောင့်နတ်ကိုရော ကျေးဇူးတင်မိပါတယ်။

အဓိက ဘဝင်မကျတာလေး – – – – –

“မိဘကို လုပ်ကျွေးပြုစုတဲ့သူဟာ ဘယ်တော့မှမဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး” ဆိုတာကိုပါ။

သူများတော့မသိပါဘူး။ ကျမအတွေးကတော့ “အတုံ့အလှဲ့ အနေနဲ့ပြန်ရဖို့ အတွက်” မိဘကိုပြုစုတာမျိုး မဟုတ်ပါဘူး ဆိုတာပါဘဲ။

မိဘနဲ့သားသ္မီးကြားမှာ အပြန်အလှန်ကျေးဇူးပြုကြမယ်ဆိုတာမျိုးမဟုတ်ဘဲ၊ သားသ္မီးတွေက မိဘအပေါ် တာဝန်ကျေကြစေချင်တာပါ။

အကျိုးမျှော်ပြီး လုပ်ရတဲ့ အလုပ်ဟာ ဘာအလုပ်မှ မကောင်းဘူးလို့ ယူဆမိလို့ပါ။

အတွေးလေးသက်သက်မို့ – – – -မှား၏၊ မှန်၏ ဆိုတာတော့ – – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s