Start with K to O

Maung Swe Nge’s Critique

“စာရေးဆရာဒါရိုက်တာဦးသုခ”စာအုပ်အပေါ် မောင်ဆွေငယ်၏အမြင်(စံတော်ချိန်သတင်းစာ ၁၀ . ၁၀ . ၂၁)

‘ရသ’ ပါသော အတ္ထုပ္ပတ္တိ

၁၉၇၃ ခုနှစ်အတွင်းက ဖြစ်ပါသည်။ ရက်စွဲကိုကား အတိအကျ မမှတ်မိတော့။ ဒါရိုက်တာ ဆရာသုခ၏ ‘ဘယ်သူပြိုင်လို့ လှပါတော့နိုင်’ ဇာတ်ကား ရုံတင်ခါစ ဖြစ်မည်ထင်ပါသည်။

ရုံတင်ခါစလည်း ဖြစ်နိုင်သည်။ Press Show ဟုခေါ်သော စာနယ်ဇင်းသမားများအား ဖိတ်ခေါ်ပြသသည့် ပွဲပြီးခါစလည်းဖြစ်နိုင်သည်။

နိုင်ငံပိုင်လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာကြီးတွင် ‘သေရဲတာအလံနီ၊ ရိုက်ရဲတာသုခ’ဟူသော ခေါင်းစဉ်ကြီးဖြင့် ဆောင်းပါးတစ်ပုဒ်ပါလာပါသည်။ ဆောင်းပါးရှင်မှာ ဝါရင့်စာရေးဆရာ၊ သတင်းစာဆရာကြီးအောင်ဗလဖြစ်သည်။ ထိုခေတ်ထိုအခါက တောတွင်းခေတ်စားနေသော စကားဖြစ်သည့် ‘သေရဲတာ အလံနီ’ ဆိုသောစကားကို အကြောင်းမဲ့ မသုံးကြ။ အကြောင်းမဲ့မရေးကြ။ သို့သော် ဆရာအောင်ဗလသည် ဆရာကြီးဦးသုခ၏အနုပညာမာနနှင့် သတ္တိအပြင် ဒါရိုက်တာတစ်ဦး၏စွမ်းရည်ပေါ်စေရန်နှင့် စာဖတ်သူတို့အား ကွက်ကွက်ကွင်းကွင်း မြင်စေရန် နှိုင်းယှဉ်၍ခေါင်းပေးခဲ့သည်။

စင်စစ် ‘ဘယ်သူပြိုင်လို့လှပါတော့နိုင်’ ဝတ္ထုကြီးကိုမဂ္ဂဇင်းတွင် ကျွန်တော်တို့ အခန်းဆက်ဖတ်ခဲ့ရသည်။ ဆရာမင်းကျော်၏ ဤဝတ္ထုကြီးတွင် အချစ်ဇာတ်လမ်း မပါ။ အလွမ်းမပါ။ သို့သော် ‘အ’ သုံးလုံး လုပ်အားပေးသင်တန်းများပြီးဆုံး၍ သင်ပြပေးကြသည့် ကျောင်းသား လူငယ်ဆရာ၊ ဆရာမလေးများနှင့် ကျေးရွာလူထု ခွဲခွာခါနီး ပြကွက်တွင်မူ ရိုက်ကူးသူဒါရိုက်တာက ရုပ်ရှင်ကြည့်ပရိသတ်၏ နှလုံးသည်းပွတ်ကို ဆွဲထုတ်သွားသည်။ မျက်ရည်ကျ၍ လွမ်းအောင်ဖန်ခဲ့သည်။ အချစ်ဇာတ်လမ်းများခေတ်စားနေသော ထိုအချိန်က ကျေးလက်စရိုက်၊ အထူးသဖြင့် အညာဒေသ၏ လူနေမှုစရိုက်ကို ပီပြင်အောင်ရေးရဲသော ဆရာမင်းကျော်၏ စာပေသတ္တိ၊ ဤစာပေမျိုးကိုသုံးရဲသော အယ်ဒီတာ၏သတ္တိ၊ ဝတ္ထုကိုလုံးချင်းအဖြစ် ထုတ်ဝေရဲသော ထုတ်ဝေသူတို့၏ သတ္တိတို့မှာ အောချရလောက်သည်။ ဤဝတ္ထုမျိုးကို ရုပ်ရှင်အဖြစ် ပြောင်းလဲလိုက်သော ဒါရိုက်တာ သုခ၏ ပညာသတ္တိ၊ ယုံကြည်ချက်သတ္တိတို့က အခေါင်စွဲသွားပါတော့သည်။

ဆရာကျော်ဦးက သူ့စာအုပ်တွင် ဤဇာတ်ကားမရိုက်မီက လူအချို့က ဝိုင်းဖျက်ကြသည်။ ဖျက်၍မရသည့်အခါ ‘ဦးသုခရူးနေ၍ ဒီလိုဇာတ်ကားမျိုးကို ရိုက်သည်’ ဟူ၍ပင် ရက်ရက်စက်စက်ပြောခဲ့ကြသည်။ (စာ၊ ၁၈၄)

သို့သော် ဤဇာတ်ကားရိုက်ပြီး ရုံတင်လိုက်သည့်အခါ ဆရာသိန်းဖေမြင့်က အောက်ပါအတိုင်း ရေးသားခဲ့သည်။ “ကျွန်တော့်မျက်ရည်ကို အကြီးမားဆုံးသော အနာရောဂါကသော်လည်းကောင်း၊ အနစ်နာဆုံးသောဆုံးရှုံးမှုက သော်လည်းကောင်း၊ အမြင့်မားဆုံးသော အောင်မြင်မှုကသော်လည်းကောင်း၊ ထိုအခြင်းအရာများကို သရုပ်ဖော်သူ အကောင်းဆုံးသော အနုပညာသည်ကလည်းကောင်း ထုတ်ယူရန် ခဲယဉ်းပါတယ်။

‘ဘယ်သူပြိုင်လို့လှပါတော့နိုင်’ရုပ်ရှင်ကတော့ ကျွန်တော့်မျက်ရည်ကို လွယ်ကူစွာထုတ်ယူသွားပါတယ်။ ဒီဇာတ်ကားကြည့်ရင်း အကြိမ်ကြိမ် ကရုဏာတစ်လှည့်၊ ပီတိတစ်လှည့်ဆိုတာလိုဖြစ်ပေါ်ပြီး ရင်ဆို့ဖိုလှိုက်ကာ မျက်ရည်များကျခဲ့ရပါတယ်”(စာ၊ ၁၈၇)

ဆရာသိန်းဖေမြင့်က ရုပ်ရှင်ကြည့်ပရိသတ်များ၏ခံစားချက်ကို ကိုယ်စား ခံယူပြောသွားသည်ကို ဆရာကျော်ဦးက အမိအရထည့်သွင်းထားသည်။ ဆရာသိန်းဖေမြင့်ပြောသလိုလည်း တကယ်စွဲမက်ဖွယ်ကောင်းသည်။ နှစ်စဉ် “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့”ရောက်တိုင်း ဤဇာတ်ကားကို ကြည့်ရသည်။ ကြည့်ရတိုင်းလည်း ဒါရိုက်တာက ဇာတ်ကောင်များကို ဩဇာလွှမ်းသည့် ရိုက်ချက်တို့မှာ ယနေ့တိုင်ကျွန်တော်တို့ကို ဖမ်းစားနေဆဲပင်။ နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့ နီးလာလျှင် ဤဇာတ်ကားကို မျှော်မိသည်။ မကြည့်ရလျှင် တောင့်တမိသည်။ (ယခုနှစ်တွင် မကြည့်ခဲ့ရသေး။)

ထိုစဉ်ကတည်းက တိတိကျကျပြောရလျှင် ထိုမတိုင်ခင်ကတည်းကပင် ဆရာကြီးသုခ အကြောင်းကို စိတ်ဝင်စားသည်။ ပြည့်ပြည့်စုံစုံသိချင်သည်။ ဖတ်မိသမျှ စာစုတို့မှာ တင်းတိမ်ခြင်းမရှိခဲ့။ ဆရာဦးသုခနှင့်ဆိုင်သောစာစု များစွာရှိပါသည်။ စံတော်ချိန်အပါအဝင် အခြားစာစောင်များတွင် ဖတ်ရသောစာများမှာလည်း ဆရာကြီး၏ဘဝအစိတ်အပိုင်း အချို့သာပင်။ဆရာကျော်ဦး၏ စာအုပ်ပေါင်းများစွာကို ဖတ်ဖူးပါသည်။ သို့သော်အထင်ကရ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အကြောင်းရေးခဲ့သည့် အတ္ထုပ္ပတ္တိစာအုပ်ကိုမူ မဖတ်ရသေးပါ။ ကျွန်တော်၏ စာမနှံ့မှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ ယခုထွက်လာသည့် ‘စာရေးဆရာဒါရိုက်တာဦးသုခ’ကို တစ်ထိုင်တည်း ဖတ်လိုက်ရသည့်အခါ ရက်ပေါင်းများစွာ (ကာလကြာမြင့်စွာ) စွဲကပ်လာသော ချင်ချင်းပြေပျောက်သွားသည်ဟု ခံစားလိုက်ရလေသည်။ ထို့အတူ အတ္ထုပ္ပတ္တိ စာကောင်းပေမွန်၏ အင်္ဂါရပ်များကို တွေးမိပါလေသည်။

၁၉၇၁ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဂန္ဒီခန်းမဆောင်ကြီးတွင် “အတ္ထုပ္ပတ္တိစာပေနှီးနှောဖလှယ်ပွဲကြီး”ကို ကျင်းပခဲ့သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကြီးတွင် မြန်မာ့စာပေလောကတွင် ထင်ရှားသည့် ပညာရှင်ကြီးများဖြစ်ကြသည့် ဆရာဦးလှကြိုင်(ပါရဂူ)၊ ဆရာဦးသန်းထွတ် (တိုက်စိုး)၊ ဆရာဦးထင်ဖတ် (မောင်ထင်)၊ ဆရာဦးသိန်းဖေမြင့်နှင့် ဆရာကြီးဦးရန်အောင်တို့က စာတမ်းများ တင်သွင်းဖတ်ကြားခဲ့သည်။ ဆရာပါရဂူက ‘မြန်မာအတ္ထုပ္ပတ္တိသမိုင်း’ စာတမ်းကိုတင်သွင်းရာတွင်-“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘဝနှင့် စရိုက်ကိုဖော်ပြသည့်စာသည် အတ္ထုပ္ပတ္တိဖြစ်သည်။ အတ္ထုပ္ပတ္တိသည် စာဖတ်သူတို့အား စိတ်ဝင်စားမှု ဖြစ်ပွားစေပြီး အကျိုးလည်းများစေသည်။ အခြားသောပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်နှင့် စရိုက်ကို သိရှိနားလည်ပါက မိမိ၏ဘဝဖြစ်ရပ်နှင့် စရိုက်ကို ပြန်လည်သုံးသပ်ပြီး ပြုပြင်သွားသင့်သည်ကို ပြုပြင်သွားနိုင်သည်။ အတုယူသင့်သည်ကို အတုယူသွားနိုင်သည်။ စွန့်ပယ်သင့်သည်ကို စွန့်ပယ်သွားနိုင်သည်ဟု ဆိုသည်”ဟု ပိုင်းခြားဖော်ပြခဲ့လေသည်။

ဤစာအုပ်တွင် စံတင်ရလောက်သော ဆရာဦးသုခ၏ခိုင်မာသော စိတ်ဓာတ်၊ မှန်ကန်သော ဦးတည်ချက်ဖြင့် လုပ်ဆောင်လျှင် အောင်မြင်ရမည်ဟူသော သန္နိဋ္ဌာန်တို့မှာ အတုယူစရာ၊ အားကျဖွယ်ရာများအဖြစ်တွေ့ရသည်။ မိမိကမှန်ကန်သော စေတနာဖြင့် ရေးစပ်ခဲ့စေကာမူ ‘ဝေဒနာ’ ဖြစ်သွားရသော ‘ဂုဏ်’ သီချင်းသည်လူမိုက်အားပေးသီချင်းကဲ့သို့ ဖြစ်သွားရပုံကို ‘အောင်မြင်ကျော် ကြားခြင်းသည် တစ်ခါတစ်ရံ ရည်ရွယ်မထားသော အကျိုးဆက်တစ်ခုကိုလည်း ဆောင်ကြဉ်းလာတတ်ကြောင်း သင်ခန်းစာကို ဦးသုခရရှိခဲ့သည်’ ဟု စာရေးဆရာက ရေးပြသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နယ်ပယ်မှ အနုပညာသည်တို့သတိမူ၍ ‘သင်ခန်းစာ’ယူတတ်ကြဖို့ လိုကြောင်း ဆရာဦးသုခက ပြခဲ့လေသည်။

ယင်းစာအုပ်မှ ‘အမေကိုကျွေးသော ထမင်းတစ်နပ်’နှင့် ‘မိဘမေတ္တာသီချင်းသံ’တို့မှာ စာဖတ်သူ၏ရင်ကိုအထိဆုံးဟု ဆိုရပါမည်။ ဖတ်နေရင်း မျက်ရည်လည်လာသည်။ ဆရာဦးသုခ ငယ်စဉ်ဘဝက မီးခိုးတိတ်ကျွေးနိုင်လောက်အောင် အလှူဒါနပြုနိုင်ခဲ့သည့် သူ့မိခင်ကြီးဒေါ်မျှင်ခမျာ ဆရာဦးသုခ ဒုလ္လဘဝတ်သည့်အခါ ကုန်းကောက်စရာမရှိအောင် ဆင်းရဲခဲ့သည်။ဆင်းရဲနေရှာသော မိခင်ကြီးအား ဆွမ်းခံကျွေးခွင့်ရှိကြောင်း ဆရာတော်ထံမှ သိရပြီးနောက် နေ့ဆွမ်းခံထွက်ပြီး မိခင်ကြီးထံရောက် လာ၍သီလ ပေးပြီး ခံဆွမ်းကိုကျွေးမွေးရာတွင် မိခင်ကြီးက- “အရှင်ဘုရားက သူတော်ကောင်းတို့ရဲ့လမ်းစဉ်အတိုင်း မိခင်ကိုဆွမ်း ကျွေးတယ် ဆိုတာ ကျေနပ်စရာလို့ထင်ခဲ့သလား။ တပည့်တော်မအဖို့တော့ ဝမ်းမသာနိုင်တဲ့အပြင် အသည်းကွဲတော့မတတ် ခံလိုက်ရတယ်ဆိုတာ အရှင်ဘုရား သိချင်မှ သိလိမ့်မယ်…” “အဲလေ ခုတစ်ခေါက်တော့ရှိစေတော့ နောက်နောင်ကို မျက်ရည်ပေါက်ကြီးငယ်နဲ့ စားရမယ့် ထမင်းတစ်နပ်ကို ဘယ်တော့မှ လာမကျွေးချင်ပါနဲ့တော့ ဦးပဉ္ဇင်းရယ်”၊ “ကဲ-ကြွပေတော့၊ ကြွပေတော့”ဟူ၍ ပြောလိုက်ပုံမှာ ဗုဒ္ဓဘာသာဝင် မိခင်တစ်ဦး၏ မာနနှင့် ခံယူချက်ကို ပေါ်လွင်စေသည်။ ဤသို့စိတ်ထိခိုက်ဖွယ်ရာ အတ္ထုပ္ပတ္တိရေးသူက ထပ်ဆင့်၍- “အမေကိုကျွေးသော ထမင်းတစ်နပ်သည် ကုသိုလ်လား၊ အကုသိုလ်လား။ ဝမ်းသာရမည်လား၊ ဝမ်းနည်းရမည်လား”ဟု အခန်းကို အဆုံးသတ်လိုက်သည်က စာဖတ်သူ၏မျက်ရည်ကို ချူသွားပါလေသည်။

ထို့အတူ ဂျပန်ခေတ်ပြဇာတ်ဒါရိုက်တာဘဝတွင် အဆင်ပြေစဖြစ်လာသော ဦးသုခသည် ဆရာရွှေတိုင်ညွန့်ရေးပြီး ဒေါ်ကြည်အောင်သီဆိုသည့် ‘မိဘမေတ္တာ’ သီချင်းကို ကြားသည့်အခါ မိခင်ကြီးကို အထူးအောက်မေ့သတိရခဲ့သည်။ နောက်ဆုံးရောဂါကျွမ်းနေပြီဖြစ်သော မိခင်ကြီးကို ရန်ကုန်သို့ခေါ်လာပြီး ကုသသည်။ မရတော့။ ဆရာဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ရှောက်ချိုသီးကိုသာ ကျွေးခွင့်ရခဲ့သည်။ သို့သော်မစားနိုင်။ တစ်ဇွန်းမျှသောရှောက်ချိုရည်ကိုသာ သောက်သွားနိုင်ရှာသည်။ ရောဂါကျွမ်းနေပြီဖြစ်သော ဒေါ်မျှင်သည် နှစ်ရက်ခန့်အကြာတွင် ဦးသုခလက်ထဲ၌ အသက်ပျောက်သွားတော့သည်။

ဤသည်ကို စာရေးဆရာက “နောင်တတရားဖြင့် ပူဆွေးရမှုကို ပထမဆုံးအကြိမ် ကိုယ်တွေ့ကြုံလိုက်ရသည်။ ယင်းနောင်တသည် ပြီးပြီးပျောက်ပျောက်မဟုတ်ဘဲ အသက်ကြီးသည်အထိ ကပ်ပါနေမည့် နောင်တဖြစ်သည်” (စာ၊ ၈၃) ဟူ၍ ဆရာဦးသုခကိုယ်စား ပြောပေးထားသည်။ ဤစာသားသည် စာဖတ်သူတို့အား အထူးသဖြင့် နောက်နှောင်းလူတို့ကို “မိဘအားမသေခင်ကျွေးပါ။ သေခါနီးမှ၊ သေမှမည်မျှပင် ကျွေးချင်ကျွေးချင် မရတော့”ဟူသော အဖိုးတန်သင်ခန်းစာကို ရစေသည့်အပြင် သံဝေဂတရားကိုပါ ပွားစေလိုက်သည်။

ဤစာအုပ်တွင်ပါရှိသည့် အခန်း(၈) ‘အသည်းနှလုံးကပြောသောစကား’ ခေါင်းစဉ်အောက်မှ ‘တာဝန်ယူတတ်သူ’ ခေါင်းစဉ်ငယ်ကို စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နယ်ပယ်များမှ ပညာသည်၊ ပညာရှင်အားလုံး မလွတ်သင့်သော အခန်း ဖြစ်ပါသည်။

ဆရာဦးသုခသည် ဘွဲ့ထူး၊ ဂုဏ်ထူးကို မက်၍ လုပ်သည်မဟုတ်၊ ဘွဲ့ထူး ဂုဏ်ထူးဟူသည် ထိုက်တန်သူနှင့်သာ ကိုက်ညီကြောင်းကို ပွင့်လင်းစွာ ထုတ်ဖော်ခဲ့သည်။ စာပေနှင့်အနုသုခပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ‘အလင်္ကာကျော်စွာဘွဲ့’ကို ၁၉၅၈ ခုနှစ်တွင် ဦးသုခရရှိခဲ့သည်။ ယင်းဘွဲ့ရသည့်အတွက် ဦးသုခ ဝမ်းမသာသည့်အပြင် မိတ်ဆွေများအား အောက်ပါအတိုင်းပြောခဲ့သည်- “ဒီဘွဲ့နဲ့တန်တာ မြန်မာပြည်မှာ သခင်ကိုယ်တော်မှိုင်းတစ်ယောက်ပဲရှိတယ်။ ခုတော့ ဆိုင်းဆရာကိုလည်းပေး၊ သီချင်းရေးဆရာကိုလည်းပေး၊ ကျုပ်ကိုလည်း ပေးနဲ့၊ ကျုပ်က ပြန်အပ်ချင်တာ၊ ပေးတဲ့သူတွေကို အားနာလို့၊ ကျုပ်နဲ့တန်တယ်ကို မထင်ဘူး”(စာ ၁၆၁)

ဟန်ဆောင် ပြောခြင်းမဟုတ်။ ဦးသုခ၏ရင်ထဲက ထွက်လာသောစကား ဖြစ်သည်။ အဆိုပါအပြောမျိုး၊ အယူအဆမျိုးကြောင့် အချို့က ‘သုခက ဘုကျတယ်’ဟု မှတ်ချက်ချကြသည်ဟု စာရေးဆရာက အဆစ်ထည့်ပေးလိုက်ပါသည်။ဤစာအုပ်၏ ထူးခြားချက်မှာ အခြားမဟုတ်။ စာအုပ်များတွင်ပါလေ့ရှိသော ထင်ရှားသူပုဂ္ဂိုလ်တစ်ဦးဦး၊ ပညာရှင်တစ်ဦးဦး၏ အမှာစာမျိုးကို မထည့်ဘဲ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌဘိဝံသထံမှ စာရေးဆရာ ဒါရိုက်တာ ဆရာကြီးဦးသုခထံသို့ ရေးသားချီးမြှင့်တော်မူခဲ့သည့် ‘ထုတိပတ္ထနာ’နှင့် စာအုပ်ကို ဖွင့်လိုက်ခြင်းပင်။ ဤထုတိပတ္ထနာသည် ဆရာဦးသုခ၏ ဂုဏ်ပုဒ်ကို ပေါ်လွင်စေသကဲ့သို့ ရေးသားချီးမြှင့်တော်မူသော ဆရာတော်ကြီး၏ ပညာဂုဏ်ကိုပါ ပေါ်လွင်စေသည်ဟု မြင်မိသည်။

ဤအတ္ထုပ္ပတ္တိစာအုပ်ကိုအခန်းပေါင်း ၁၄ ခန်းဖြင့် ဖွင့်ထားသော်လည်း အခြား ဖြည့်စွက်ခန်းများ၊ အညွှန်းခန်းများကိုလည်း အောက်ခြေမှတ်စုပေးသည်။ မှီငြမ်းကိုးကားစာအုပ်၊ စာစောင်စုံလင်စွာဖြင့် စာရေးဆရာက ထုတ်နုတ် တင်ဆက်ထားသည်။

၁၉၇၁ ခုနှစ်က ကျင်းပခဲ့သည့် ‘အတ္ထုပ္ပတ္တိစာပေနှီးနှောဖလှယ်ပွဲ’ကြီးသို့ ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် “အတ္ထုပ္ပတ္တိစာပေကို ရသစာပေစာရင်းသွင်းသင့်၊ မသွင်းသင့် စသည့် အချက်များကို ဝိုင်းဝန်းဆွေးနွေး၍အတ္ထုပ္ပတ္တိစာပေဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းမြင့်မားရေးစသည်တို့ကို အစွမ်းကုန်ကြိုး ပမ်းကြစေ လိုကြောင်း တိုက်တွန်းခဲ့လေသည်။ ဆရာကျော်ဦး၏ ‘စာရေးဆရာဒါရိုက်တာဦးသုခ’သည် ရသပါသော ‘အတ္ထုပ္ပတ္တိ’ဟု ကျွန်တော်ဆိုချင်ပါသည်။

ဤစာအုပ်တွင် ဆရာကြီးဦးသုခ၏ ဇာတိအစ မရဏအဆုံး(From womb to tomb) နှစ်ပေါင်း ၉၅နှစ်လုံးလုံး ကျင်လည်ခဲ့ရ သည့်ပုံရိပ်ကို တွေ့မြင်ရသည်။ ဆရာကြီးဦးသုခ၏ ငယ်ဘဝ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်စသည့်နယ်ပယ်တို့တွင် သုညဘဝမှ အထွတ်အထိပ်သို့ အရောက်လှမ်းခဲ့ရသည့် ခြေလှမ်းများ၊ ကားခမရှိ၍ ခြေကျင်မြန်းခဲ့ရသော ဘဝ၊ ဘဝ၏ လှေကားထစ်များကို ပညာမာန၊ ယုံကြည်ချက်အပြည့်အဝနှင့် လှမ်းတက်ခဲ့ရသူတစ်ဦး၏ ကြည်နူးစရာ၊ ကြေကွဲဖွယ်ရာ၊ နောင်တရစရာ၊ သံဝေဂယူစရာ၊ သင်ခန်းစာယူစရာတို့ကို ဆရာကြီးဦးသုခက ကိုယ်တိုင်ပြောနေဘိသကဲ့သို့ စာရေးဆရာက လှပစွာ တင်ပြထားလေသည်။ ‘ရသ’ ပါသော အတ္ထုပ္ပတ္တိစာအုပ်ကောင်းတစ်အုပ်ဟု ဆိုချင်ပါသည်။

ကျွန်တော်ဖတ်ဖူးသော အတ္ထုပ္ပတ္တိစာအုပ်များစွာတွင် ‘အက္ခရာစဉ်အညွှန်း’ ပါလေ့မရှိပါ။ (ကျွန်တော်၏အတွေ့ အကြုံနည်း၍ လည်း ဖြစ်နိုင်ပါသည်။) ဤစာအုပ်တွင် စာအုပ်တစ်အုပ်၏၊ ကျမ်းတစ်ဆူဆူ၏ ‘တန်ဖိုး’ဟုဆိုရအံ့သော ‘အက္ခရာစဉ်အညွှန်း’ ပါရှိနေသည်။ အခြားစာအုပ်များထက် အားသာချက် ဖြစ်ပါသည်။

ဤဆောင်းပါးကို ဆရာကြီးဦးသိန်းဖေမြင့်တင်သွင်းခဲ့သော အတ္ထုပ္ပတ္တိစာတမ်းပါ စကားဖြင့် အဆုံးသတ်ချင်ပါသည်။“…အမှန်တကယ် ဖြစ်သော အဖြစ်အပျက်၊ အကြောင်းအရာများနှင့် တကယ်ရှိသော အချက်အလက်များကို အခြေခံရသည်။ အတ္ထုပ္ပတ္တိ၏ ဇာတ်လိုက်သည် ဤလောကတွင် အမှန်တကယ်နေခဲ့သော သို့မဟုတ် နေနေသော လူတစ်ယောက်ဖြစ်သည်။ စိတ်ကူးဉာဏ်ဖြင့်ဖန်တီးလိုက်သော ဇာတ်ကောင်မဟုတ်။ ထို့ကြောင့် အမှန်တကယ်ဖြစ်သော အဖြစ်အပျက် အကြောင်းအရာ များနှင့်တကယ်ရှိသော အချက်အလက်များကို သစ္စာရှိရှိဖြင့် တင်ပြရသည်”ဟု ဆိုပါသည်။ဆရာကျော်ဦး၏ ‘စာရေးဆရာ ဒါရိုက်တာဦးသုခ’ အတ္ထုပ္ပတ္တိသည် ဆရာကြီးဦးသိန်းဖေမြင့် စကားနှင့်ကိုက်ညီနေပါသည်။

(စာကြွင်း။ ဆရာဦးသုခ၏ ‘စကားပြောသော အသည်းနှလုံး’ကို ၁၉၆၆ ခုနှစ်က ရုံတင်ခဲ့သော Madame X နိုင်ငံခြားရုပ်ရှင် ကိုမှီး၍ ရိုက်သည်ဟု ဝေဖန်ချက်များ ထွက်ခဲ့သည်။ ဆရာဦးသုခကိုယ်တိုင် လုပ်သားပြည်သူ့နေ့ စဉ်သတင်းစာကြီးမှ ပြန်လည်ရှင်းလင်းရေးသားခဲ့သည်။ အမှန်မှာ Madame X နှင့် အကုန်နီးပါးတူသည့် ဇာတ်ကားမှာ ဦးထွန်းဝေ၊ တက္ကသိုလ်နေဝင်း၊ ဒေါ်မြင့်မြင့်ခင်တို့ပါဝင်သည့် ‘သစ္စာကြာခြည်’ဇာတ်ကားဖြစ်ပါသည်။ ဤနှစ်ကားစလုံးကို စာရေးသူ ကြည့်ခဲ့ဖူးပါသည်။)

စာကိုး- စာပေဗိမာန်စာတမ်းများ တစေ့တစောင်း-ယမင်း၊ စာပေဗိမာန်၊ ၂၀၀၇၊ ပထမအကြိမ်။

Categories: Start with K to O

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s