Start with U to Z

U Thu Kha

“ဦးသုခရဲ့ ဘ၀သံသရာ”
◾ ရေးသူ – ကိုလေအိုး

ဆရာကြီးရွှေဥဒေါင်းရဲ့ဝတ္ထုတွေကို သူရိယတိုက်ကထုတ်ဝေတာကြောင့် သူရိယက ‘နေဒေါင်း’ ဆိုလျှင် သူက ‘ရွှေဥဒေါင်း’ဖြစ်ရမယ်ဆိုပြီး ရွှေဥဒေါင်းကလောင်ရွေးခဲ့တယ်။ ဒါကို အတုယူပြီး မောင်သိန်းမောင်က သူ့စာအုပ်တိုက်က ရွှင်ပျော်ပျော်ဆိုတော့ ရွှင်ပျော်ပျော်ရှိမှသုခရှိမယ်၊ သုခရှိမှ ရွှင်ပျော်ပျော်ဖြစ်မယ်ဆိုပြီး သုခနာမည်ရွေးခဲ့ပါသတဲ့။ ဟုတ်ပါတယ်။ စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခပါ။ ဆရာကြီးကွယ်လွန်ခဲ့တာ ၂၀၀၅ ခုနှစ်ကဆိုတော့ ကွယ်လွန်ပြီး ၁၆ နှစ်အကြာမှာမှ ဆရာကြီးရဲ့အတ္ထုပ္ပတ္တိစာအုပ်ထွက်ပေါ်ခဲ့တာလို့ ပြောရပါမယ်။

ဆရာကြီးရဲ့ ဓမ္မမိတ်ဆွေလည်းဖြစ်၊ အမျိုးသားစာပေဆုရ စာရေးဆရာလည်းဖြစ်တဲ့ ကျော်ဦးက စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခအမည်နဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြုစုထုတ်ဝေခဲ့တယ်။ စာအုပ်အစမှာ ကျော်ဦးက စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နယ်လေးခွင်မှာ အောင်မြင်ကျော်ကြားသူလို့ ညွှန်းဆိုလိုက်တယ်။ စာအုပ်အစမှာ မြင်ကွန်းမြင်းခုံတိုင်ပုန်ကန်မှုက စလိုက်တာ စာအုပ်ဆုံးသည်အထိ လက်ကချမရအောင်ကောင်းမွန်တဲ့ စာအုပ်ဖြစ်တယ်။ ဘ၀မှာ စာတစ်အုပ်ကောက်ကိုင်ဖတ်လိုက်မိတာ လက်ကချမရဘဲ ဆုံးတဲ့အထိ ဖတ်ဖူးတဲ့ စာအုပ်က လက်ငါးချောင်းမပြည့်။ ဒီအထဲ အခုဦးသုခဘ၀ဇာတ်ကြောင်းစာအုပ်ပါဝင်ခဲ့ပါပြီ။

ပုန်ကန်မှုမအောင်မြင်တဲ့ မြင်းကွန်းမြင်းခုံတိုင်အနွယ်တွေ မန္တလေးကနေအောက်ပြည်အောက်ရွာ ထွက်ပြေးလိုက်ကြတာ ဧရာ၀တီတိုင်းက ကျိုက်လတ်မြို့အထိရောက်တယ်။ ဒီအထဲ မမျှင်ဆိုတဲ့ မျိုးနွယ်ဆက် တစ်ယောက်လည်းပါ။ သူအရွယ်ရောက်တော့ သူ့ကိုစိတ်ဝင်စားသူတွေထဲ ကျိုက်လတ်မြို့နယ် စာဖြူစုရွာက သူကြီး ဦးစံခိုင်တစ်ယောက်လည်းပါ။ ဦးစံခိုင်နဲ့ မမျှင်တို့အိမ်ထောင်ကျပြီး မမျှင်စာဖြူစုရွာလိုက်နေ။ ဦးစံခိုင်မှာ တခြားမိန်းမတယောက်ရှိနေတာကို မမျှင်သိသွားတော့ ယောက်ျားနဲ့မပေါင်းတော့ဘဲ သူ့အမေရှိရာ ကျိုက်လတ်ကိုပြန်လာပြီးနေ။ ဦးစံခိုင်နဲ့ရလာတဲ့ကိုယ်ဝန်ကိုမွေးပြီး မောင်သိန်းမောင်လို့ နာမည်ပေး၊ မမျှင်က သားဖြစ်သူကို ဝန်ထောက်လို အစိုးရမင်းဖြစ်စေချင်လွန်းလို့ စီးပွားရှာရာက ချမ်းသာလာ။ မမျှင်ကသာ ဝန်ထောက်မင်းဖြစ်စေလိုပေမယ့် မောင်သိန်းမောင် ဝါသနာကဆိုချင်၊ တီးချင်၊ စာရေးချင်၊ ဇာတ်ဆရာလုပ်ချင်။ အဘိုးက မျက်မမြင်စောင်းဆရာကြီး ဦးတုတ်ပေါ။ မဟာဂီတ ဦးပြုံးချိုက မောင်သိန်းမောင် အဘိုးဆီမှာ စောင်းတီးသင်ရ၊ မောင်သိန်းမောင်က ခြောက်နှစ်သားလောက်ကတည်းက မဟာဂီတနဲ့ နားယဉ်နေပြီ။ စည်းလိုက်တတ်နေပြီ။

တစ်ခါ မောင်သိန်းမောင်အဖေ ဦးစံခိုင်က ဇာတ်ပွဲကန်ထရိုက်လုပ်တော့ ဇာတ်သဘင်တွေနဲ့ မောင်သိန်းမောင်နီးစပ်လာ။ ဇာတ်ဆရာဂရိတ်ဦးဖိုးစိန်က ဦးစံခိုင်ကို စာဖြူသူကြီးလို့ခေါ်ပြီး မောင်သိန်းမောင်ကိုတော့ စာဖြူသူကြီးသားလို့ခေါ်သတတ်။ ကျိုက်လတ်မှာ ဦးဖိုးစိန်ဇာတ်လာကရင်ကြည့်ရုံတင်မတင်းတိမ်တဲ့ မောင်သိန်းမောင်ဟာ တစ်နှစ်မှာ တစ်လလောက် ဦးဖိုးစိန်ဇာတ်ထဲ ဖျာရောင်းဖျာပြလုပ်ရင်း ဇာတ်ပွဲကို မိုးအလင်းကတာ လိုက်ကြည့်တယ်။ အလယ်တန်းကျောင်းသားဘ၀မှာ မောင်သိန်းမောင် အမြတ်တနိုးဖတ်လေ့ရှိတာက ကဗျာ့ဘဏ်တိုက် စာအုပ်။ စာအုပ်ထဲမှာ သဘင်ပညာသည်တို့ရဲ့ လက်စွဲကဗျာ၊ လင်္ကာ၊ တေးထပ်၊ သဖြန်၊ စကားပြေ၊ လေပြေထိုး၊ ဆိုင်းဆင့်၊ ဘီလူးကြိမ်း၊ ဓားကြိမ်း၊ ငိုချင်းတွေပါတယ်။

မောင်သိန်းမောင်က အသံထွက်ဖတ်ပြီး တစ်ယောက်တည်း လေပြေထိုးလိုက်၊ ဘီလူးကြိမ်းလိုက်လုပ်နေတော့ အိမ်နားဖြတ်သွားသူတွေက ဇာတ်တိုက်နေတယ်ထင်ကြ၊ အထက်တန်းရောက်တော့ ဖျာပုံမှာ ကျောင်းပြောင်းတက်ပြီး ကိုးတန်းအောင်တော့ ဖျာပုံအထက်တန်းကျောင်းမှာ မြန်မာစာဆရာဝင်လုပ်၊ ကျောင်းကပွဲတွေ၊ အရပ်ကပွဲတွေမှာ မောင်သိန်းမောင်ဝင်က၊ ဝင်ဒါရိုက်တာလုပ်၊ တစ်ဖက်မှာလည်း ဦးရှင်ကြီးတင်တတ်အောင် သင်၊ ဘုရားကိုးဆူတင်တတ်အောင်သင်နဲ့ အသက် (၂၀) မပြည့်မီမှာပဲ သရုပ်ဆောင်တတ်၊ ဒါရိုက်တာလုပ်တတ်၊ ဦးရှင်ကြီးတင်တတ်၊ ဘုရားကိုးဆူတင်တတ် နေပေပြီ။

စာပေလက်ရာအစက ၁၉၂၈ ခုနှစ်မှာ စိန်သိန်းတန်ကလောင်အမည်နဲ့ စံပယ်ပွင့်ဝတ္ထုစရေးပြီး ကဝိမျက်မှန်မဂ္ဂဇင်းကိုပို့လိုက်တာ အရွေးခံရပြီးငွေ ၁၀ ကျပ်နဲ့ မဂ္ဂဇင်းခြောက်လစာဆုအဖြစ်ရတယ်။ ၁၉၃၄ ခုနှစ်မှာ မောင်သိန်းမောင်ဟာ သူရိယသတင်းစာရဲ့ ကျိုက်လတ်သတင်းထောက်လုပ်ခဲ့သေးတယ်။ ဝတ္ထုတွေပြန်ရေးတော့ ရွှင်ပျော်ပျော်စာအုပ်တိုက်ကထုတ်ပေးတယ်။ မိုက်မိတယ်ဆိုတဲ့ဝတ္ထုရေးတော့ သုခ နာမည်စသုံးတယ်။ဝတ္ထုက ပြည့်တန်ဆာမလေးအကြောင်း ဖြစ်တော့ ထုတ်ဝေသူက အင်တင်တင်။ သုခက ဝတ္ထုမအောင်မြင်ရင် သူ့စာမူခ မယူတဲ့အပြင်ဆုံးရှုံးတဲ့ငွေတစ်ဝက်ကို သူကျခံမယ်ဆိုမှထုတ်ဝေသူက ထုတ်ပေး၊ ဝတ္ထုလည်း အောင်မြင်၊ မိုက်မိတယ်က စတဲ့ သုခရဲ့ ချဲလင့်က နောင်ရုပ်ရှင်လောကထဲ ရောက်တော့လည်း သုခကြုံရပြန်တယ်။ ဂုဏ်ရည်မတူလို့လားဆိုတဲ့ သုခဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ အေဝမ်းကုမ္ပဏီကိုပြောတော့ သူတောင်းစားဇာတ်မို့ပေးမရိုက်တာကို သုခက ချဲလင့်လုပ်ပြီးရိုက်တာ၊အောင်မြင်ခဲ့တာပါ။ ရုပ်ရှင်လောကထဲရောက်ပုံကတော့ ဒဂုန်မဂ္ဂဇင်းမှာ သုခရေးတဲ့ဝတ္ထုတစ်ပုဒ်ကို အေဝမ်းဦးတင်မောင်ကကြိုက်ပြီး ခေါ်တွေ့တယ်။ ပြီးတော့ သုခကို ချစ်အမျှဇာတ်ညွှန်းရေးပေးဖို့အပ်တယ်။ အဲဒါသုခ ရုပ်ရှင်လောကထဲ ရောက်တဲ့ပထမခြေလှမ်းပဲ။

ရုပ်ရှင်လောကမှာ အကယ်ဒမီ ခြောက်ဆုရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဒါရိုက်တာသုခဟာ ဘယ်လိုဒါရိုက်တာမျိုးလဲ။ စာရေးဆရာ၊ ဒါရိုက်တာဝင်းဖေက ဦးသုခဟာ မြန်မာပရိသတ်အကြိုက် မြန်မာပရိသတ်အကြောကိုကောင်းကောင်းသိတဲ့ပညာရှင်လို့ မှတ်ချက်ပေးတယ်။ ဦးသုခ မန္တလေးရောက်တုန်း တစ်ရက်မှာ သူ့ကိုအင်မတန် လေးစားကြည်ညိုတဲ့ ထမင်းဆိုင်ပိုင်ရှင် သူဌေးတစ်ယောက်က ထမင်းနဲ့ဧည့်ခံတယ်။ စားသောက်ပြီးတော့ ဆိုင်ရှင်က ဆိုင်မှာကပ်ထားဖို့ ကြော်ငြာစာသားလေး တစ်ခုချီးမြှင့်ဖို့ ပြောတော့ ဦးသုခက ဒီဆိုင်မှာ စားကြည့်၊ အရသာရှိမယ်။ မတန်ရင် ပန်းကန်ကိုရိုက်ခွဲနိုင်တယ်လို့ ရေးပေးခဲ့တယ်။ အဲဒီစာသား ကပ်ထားပြီး သိပ်မကြာဘူး၊ ပန်းကန်ရိုက်ခွဲသူတွေပေါ်လာလို့ စာသားကို ပြန်ဖြုတ်ချရတယ်။

လောကမှာ လူဆိုး၊ လူကပ်၊ လူရွဲ့တွေက အများသားကလား။ ဒါက ကြုံလို့ပါ။ကြုံလို့ပါဆိုပေမယ့် ဦးသုခရဲ့လေးစားဖွယ်တစ်ခုပြောရဦးမယ်။ ၁၉၇၀ ပြည့်နှစ်ကျော်ကာလ၊ ဝင်းဖေ ဇာတ်ညွှန်း သုံး၊ လေးပုဒ်လောက်ရေး၊ ဇာတ်ကားတစ်ကား၊ နှစ်ကားရိုက်စအချိန်မှာ ဦးသုခက ဝင်းဖေဆီ ဇာတ်ညွှန်းအပ်တယ်။ အပ်တာမှ တစ်ခုတည်းတောင် မဟုတ်ဘဲ သုံးပုဒ်တစ်ခါတည်းအပ်တယ်။ ဦးသုခလို ဇာတ်လမ်းရေးတတ်၊ ဇာတ်ညွှန်းခွဲတတ်၊ သရုပ်ဆောင်လုပ်တတ်၊ ဒါရိုက်တာလုပ်တတ်သူက ဇာတ်ညွှန်းအပ်တော့ဝင်းဖေက မလုပ်ပါနဲ့ ဆရာရယ်ဆိုပြီး ငြင်းတယ်။ ဦးသုခက ဘာပြောတယ်မှတ်လဲ။ သူအသက်ကြီးပြီ။ မျိုးဆက်ကွာသွားတော့ခေတ်ကို သူမျက်ခြည်ပြတ်နေပြီ။ ဒါကြောင့်ရေးပေးပါဆိုပြီး အပ်ပါသတဲ့။ ဝင်းဖေကတော့ ဦးသုခဟာ ကိုယ်သိတဲ့ခေတ်၊ ကိုယ်သိတဲ့ ဝန်းကျင်၊ ကိုယ်သိတဲ့စရိုက်တွေကို ဖော်ကျူးတာ အကောင်းဆုံးလို့ သင်ကြားပေးသွားတယ်လို့ ခံယူခဲ့ပါတယ်။

ဦးသုခဟာ သူ့ပထမဆုံးဇာတ်ညွှန်း ချစ်အမျှကို ဦးတင်မောင်ရိုက်တော့ အေဝမ်းခြံထဲသွားပြီး လေ့လာခွင့်ရခဲ့ရာက အစပြုလို့ ရုပ်ရှင်ပညာကို နဖူးတွေ့ဒူးတွေ့လေ့လာခွင့်ရလိုက်တယ်။ ဒါကြောင့်ပဲ ဦးသုခက သူနဲ့တစ်နှစ်လောက်ပဲကွာတဲ့ ဦးတင်မောင်ကို သူ့အတွက် ရုပ်ရှင်အဖေလို့သတ်မှတ်ပြီး ဦးတင်မောင်ရှိစဉ်က မကြာခဏ ကန်တော့တယ်။ ဇာတ်ညွှန်းလည်းရေးတတ်၊ ရုပ်ရှင်ရိုက်ကွင်းအတွေ့အကြုံလည်း အတော်အတန်ရှိထားတဲ့ ဦးသုခဟာ ဂျပန်ခေတ်မှာ ပြဇာတ် ဆရာလုပ်တယ်။ သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်တယ်။ ဂုဏ်ရည်မတူ၊ ဪ မိန်းမ ဆိုတဲ့ ရုပ်ရှင်တွေဟာ ဦးသုခ ဂျပန်ခေတ်ဂုဏ်ရုံမှာ တင်ဆက်ကပြခဲ့တဲ့ ဇာတ်ထုပ်တွေပါ။

သူပထမဆုံးဒါရိုက်တာလုပ်တဲ့ကားက ချစ်အဏုမြူ။ ၁၉၄၈ခုနှစ်မှာ ချစ်အဏုမြူရိုက်တော့ ထိုစဉ်က အက်ရှင်ကားတွေ ခေတ်စားနေချိန်မှာ ဦးသုခက ဒရာမာကားထရိုက်လိုက်တာအောင်မြင်သွားတယ်။ အသံတိတ်ကားဖြစ်တဲ့ချစ်အဏုမြူ ဇာတ်ကားဆုံးတော့ သီချင်းဆိုတဲ့ သူက “မှတ်တမ်းတင်ဖို့ သစ်ဆန်းဖလင်ကို သတိပေးပါ သလေ၊ မောင်ဘချစ်၊ ခင်အုန်းမြင့်၊ မောင်မျိုး ချစ်နဲ့ခင်ခင်တင့်တို့ တွဲလို့ပါကြသလေ။ စီစဉ်ညွှန်ကြားပေ၊ စာရေးဆရာသုခ ဂုဏ်ရည် အချစ်ကို ဒီပနီဖွဲ့ကာဝေ”လို့ ထည့်သွင်းဆိုပြရပါသတဲ့။ အသက် (၄၀) ပင် မပြည့် သေးတဲ့ ဦးသုခဟာ ချစ်အဏုမြူဇာတ်ကားရဲ့ ဇာတ်ဝင်တေးမှာ သူလေ့လာထားတဲ့ ပရိယတ္တိစာပေကို ထည့်သွင်းစပ်ဆိုပြီး သီချင်းကြောင့်ပဲ ရုပ်ရှင်နာမည်ကြီးခဲ့တယ်။ ပြီးတော့ ဒုတိယဇာတ်ကား ဂုဏ်ရည်မတူ ဆက်ရိုက်တယ်။ သည်ဆောင်းဟေမန် ဇာတ်ကားရိုက်တော့ သူ့အတွက် စိန်ခေါ်မှုတစ်ခုက စောင့်ကြိုနေပြန်တယ်။

ဇာတ်လမ်းအရ မင်းသားဖြစ်သူဟာ မိန်းမပွေလို့ရတဲ့ရောဂါနဲ့ ကိုယ်ပျက်ပြီး သေရမယ်။ အေဝမ်းနဲ့ရုပ်ရှင်ပညာရခဲ့တဲ့ သုခဟာ ဗြိတိသျှဘားမားက သူဌေးဦးညွန့်နဲ့တွေ့ပြီး သည်ဆောင်းဟေမန်ဇာတ်ကိုပြောပြတယ်။ ဦးညွန့်က ဇာတ်လမ်းထဲမင်းသားက ကိုယ်ပျက်ပြီးသေတာဆိုတော့ ဒီဇာတ်ကား လူကြည့်ပါ့မလား၊ ဇာတ်သိမ်းပြင်ပေးပါ။ သုခက မင်းသားက ပွေလို့ရောဂါရပြီး မသေဘဲ မင်းသမီးနဲ့ပေါင်းလေသတည်းဆိုရုပ်ရှင်လာကြည့်တဲ့ လူငယ်တွေက မင်းသား တောင် ဘာမှမဖြစ်တာကွာဆိုပြီး လိုက်တုပလုပ်ကြရင် ဘယ်လိုလုပ်မလဲလို့ချေပတယ်။ သည်ဆောင်းဟေမန်ဇာတ်ကားမအောင်မြင်ရင် သူရုပ်ရှင်လောကထဲက အပြီးထွက်မယ်လို့လည်း သုခက စိန်ခေါ်လိုက်တယ်။သူဌေးဦးညွန့်က လက်ခံလိုက်ပြီး ဇာတ်ကား ကိုရိုက်စေတယ်။ ဇာတ်ကားရိုက်နေတုန်း သူဌေးက သုခကို ယုံကြည်လာပြီး သုခလုပ်တာ ကန့်ကွက်သူမရှိရလို့ အမိန့်တောင်ထုတ်ပေးတယ်။

ဇာတ်ကားရိုက်ပြီး ကူးဆက်တည်းဖြတ်ပြီးခါနီးတော့ တည်းဖြတ်တဲ့သူတွေက ရုပ်ရှင်ထဲပါတဲ့ မင်းသားကျော်ဆွေတော့သွားပါပြီကွာ။ ကောင်မလေးတွေက ကြိုက်တော့မှာ မဟုတ်ပါဘူး။ ဘာညာနဲ့ပြောကြတော့ သုခလည်းစိုးရိမ်လာတယ်။ ဒါနဲ့ သည်ဆောင်းဟေမန်ဇာတ်ကား ရန်ကုန်မှာရုံတင်တော့ သုခက မန္တလေးသွားနေလိုက်တယ်။ သည်ဆောင်းဟေမန်ဇာတ်ကားအောင်မြင်ပြီကြားမှ ရန်ကုန်ပြန်လာခဲ့လိုက်တယ်။ သူဌေးဦးညွန့်က ဇာတ်ကားအောင်မြင်လို့ သုခကို ဒါရိုက်တာကြေး ကျပ် ၅၀၀၀ အပြင် ဘောက်ဆူးကျပ် ၂၅၀၀ ပါပေးလို့ သည်ဆောင်းဟေမန်ဇာတ်ကား ရိုက်ကူးခ ကျပ် ၇၅၀၀ သုခရခဲ့တယ်။ ဦးသုခ မကွယ်လွန်မီက ရုပ်ရှင်ပညာရှုထောင့်ကကြည့်ရင် သူရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေထဲ သည်ဆောင်းဟေမန်ကို သူအနှစ်သက်ဆုံးလို့ မကြာခဏ ပြောခဲ့ဖူးပါသတဲ့။ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခစာအုပ်တစ်နေရာမှာ အခုလို ဖတ်ရတယ်။ “ဦးသုခရိုက်ကူးခဲ့သောရုပ်ရှင် ၃၃ ကားတွင် ခုနစ်ကား(ဖိုမ၊ဇယဒိသ၊ သားတို့ရုပ်ရည်၊ မိုးလုံးပတ်လည်၊ မြေပြန့်သား၊ ရွှေအကြောင်း ဖယောင်းသက်သေ)သည် လူကြိုက်နည်း၍ မအောင်မြင်ဟုဆိုနိုင်ပြီး ၁၄ ကားသည် အသင့်အတင့်အောင်မြင်ခဲ့သည်။ ၁၂ ကား (ဂုဏ်ရည်မတူ၊ သည်ဆောင်းဟေမန်၊ ဪမိန်းမ၊ ဘ၀သံသရာ၊ စကားပြောသော အသည်းနှလုံး၊ ကျွန်မမှာ မိန်းမသား၊ ဪ မိန်းမမိန်းမ၊ ဘယ်သူပြိုင်လို့လှပါတော့နိုင်၊ ရွှေချည်ငွေချည်တန်းပါလို့၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ချစ်အမျှ၊ အကာက အချစ်အနှစ်က မေတ္တာ)တို့သည် အလွန်အောင်မြင်ခဲ့ကာ ရုံတင်ပြီး ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သည့် ယခုအချိန်အထိ အခွင့်သင့်တိုင်း ကြည့်ရှုနေကြသည့် ဇာတ်ကားများဖြစ်သည်။ “ဦးသုခက သူ့ကားတွေအောင်မြင်တာနဲ့ ပတ်သက်ပြီး “ကျွန်တော့်ရဲ့ စာပေ၊ ဂီတ၊ ဇာတ်သဘင်ဗဟုသုတနဲ့ အတွေ့အကြုံတွေကို စုပေါင်းအသုံးချပြီး ရိုက်ခြင်းကြောင့် ကျွန်တော့်ရုပ်ရှင်ကားတချို့ အောင်မြင်တာပါ” လို့ ဆိုပါတယ်။

စာရေးဆရာ၊ ဒါရိုက်တာဦးသုခစာအုပ်ကို ပါရမီစာပေက တန်ဖိုးကျပ် ၆၀၀၀ နဲ့ ဖြန့်ချိထားပြီး တန်ဖိုးရှိအောင်နေသွားသူ အနုပညာရှင်ကြီးတစ်ယောက်အကြောင်း ဖတ်ကောင်းလှတယ်။

စံတော်ချိန်ဝက်ဘ်ဆိုက် – http://sdtimedaily.com/
စံတော်ချိန်ယူကျူ့ – https://youtube.com/c/TheStandardTimeTVFreeToAir
စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် – https://t.me/sdtimedaily See Less

Comments

Categories: Start with U to Z

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s