Mi Aung

Memories of Mi Aung (46)

ဝဍ်

မနက်ပိုင်းနေသာတာနဲ့ခြံရှင်းဖို့၊ အိမ်ပေါ်ကျနေတဲ့သစ်ကိုင်းတွေခုတ်ဖို့၊အလုပ်သမားခေါ်ထားတာ အဆင်ပြေသွားပါပြီ။

လွန်ခဲတဲ့သုံးပါတ်လောက်က မိုးတွေ လေတွေ တိုက်လို့ အိမ်ခေါင်မိုးပေါ်ကို “အုံးကနဲ” ဘာကျမှန်းမသိ၊ လန့်လိုက်တာ။ မိုးစဲမှ အပြင်ထွက်ကြည့်တော့မှ ကွမ်းသီးပင်ကြီးထက်ခြမ်းကွဲပြီး အိမ်ဘေးဖက်မှာ အဖီထုတ်ပြီးထားတဲ့ ရေကန်ရဲ့အမိုးပေါ်မှာ ကွမ်းသီးပင်ကြီးက ကန့်လန့်ကြီးကျနေတာကို။ တော်သေးတာက အမိုးပြိုမကျလို့သာပေါ့။ နို့မို့သာဆို အမိုးသာပြန်မိုးရလို့ကတော့ ၊ ခုလို ငွေကြေးကြပ်တည်းနေတဲ့ ကာလကြီးမှာ အတော်ကိုစိတ်သောကများရမှာ။

မိုးကလဲ မပြတ်နိုင်တော့ အပင်ခုတ်တဲ့သူလဲခေါ်မရ။ ကိုယ်တိုင်သာ ခေါင်မိုးပေါ်တက်ပြီး၊ ဆွဲချချင်တော့တာပါဘဲ။ ခုမှ အမေ့ကို ကိုယ်ချင်းစာမိပါတော့တယ်။

တခါ မနေ့တနေ့က သရက်ကိုင်းကြီးကျိုးကျပြန်တော့လဲ၊ မိုးမစဲလို့သရက်ကိုင်းကြီးကိုမဆွဲနိုင်။ သစ်ပင်မရှိရင် နွေအခါ အပူဒဏ်မခံစားနိုင်လို့သာပါဘဲ။ အကုန်ခုတ်ပစ်ချင်စိတ်ကိုပေါက်ရော။ သရက်ကိုင်းအောက်က အကောင်ရှည်တွေ့ပြန်တော့ ခြံထဲကိုပိုလို့မထွက်ရဲ ဖြစ်ပြန်ရော။ ဒါပေမဲ့လဲ တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရမှာ ဓမ္မတာမို့၊ အားတင်းပြီး၊ လုပ်သင့်တာလုပ်ရတာပေါ့လေ။ အကိုင်းကြီးကို တုတ်ရှည်ရှည်နဲ့ ထိုးမပြီး၊ ဖယ်ထုတ်ရပြန်တာ။အမေပြောပြောနေတတ်တဲ့ “ကိုယ့်အိမ်ကို ကိုယ်မလုပ်လို့ ဘယ်သူလုပ်မှာလဲ”ဆိုတာ မှန်လိုက်တာ။ ဒီလိုပါဘဲ။ *ဘာမဆို ကိုယ့်အားကိုယ်ကိုး ကြရမှာပေါ့လေ။*

မိုးလေးစဲသွားပြီး၊နေရောင်လေးထွက်လာတော့ ခြံရှင်းပေးမည့် သူက “ဆရာမရေ၊မနက်ဖန် အပင်လဲခုတ်၊ခြံလဲလာရှင်းပေးမယ်” ဆိုတော့ကျေးဇူးတင်လိုက်တာမှ။ ပတ်ဝန်းကျင်က ကျမတို့ညီအစ်မတွေကို “ဆရာမ”လို့ဘဲခေါ်ကြပါတယ်။ အဲ့ဒီနေ့က ကွမ်းသီးပင် ၅ပင်ခုတ်ပြီး၊ အိမ်ခေါင်မိုးပေါ်ကျနေတဲ့ သရက်ကိုင်းတွေခုတ်ပြီး ရှင်းပေးတာ၊ ပိုက်ဆံပေးရပေမဲ့ သိပ်ကိုကျေးဇူးတင်တာပါ။

ဝမ်းနည်းမိတာကတော့ အမေသိပ်ချစ်တဲ့အပင်တွေ၊ သူကိုယ်တိုင်ရေလောင်းပြီးစိုက်ထားခဲ့တဲ့အပင်တွေမို့ပါ။ အမေသာရှိရင် နှမျောရှာမှာ။ ရာသီဥတုကလဲတစ်နှစ်ထက်တစ်နှစ်ဆိုးလာပြီး၊လေကကြမ်းလဲကြမ်းတာမို့ အပင်တွေခုတ်ပစ်ရတာပါ။ မျက်ရည်တောင်ကျမိပါတယ်။ အမေက(၂၈)နှစ်နီးပါးပြုစုလာတဲ့အပင်၊သီးနေတဲ့သရက်ပင်ကိုတောင် မှ အမြဲမပြတ်ရေလောင်းတတ်တာ။ အပူရှပ်မှာ၊ချော်လဲမှာစိုးလို့၊ “မလုပ်ပါနဲ့အမေရယ်” လို့ပြောတိုင်းရန်ဖြစ်ရပြီး၊စိတ်ကောက်လို့ ထမင်းမစားဘဲနေတတ်ပါသေးတယ်။

အန္တရာယ်ဖြစ်မှာစိုးရိမ်လို့ အော်ခဲ့၊ပြောခဲ့မိတာပါ။ အမေက နားလေးတော့ အော်ပြောရပါတယ်။ အခန့်မသင့်လို့ အော်မိတာကို တိုက်တိုက်ဆိုင်ဆိုင် ကြားသွားတဲ့အခါများမှာတော့ “မအေကိုအော်စရာလား” ဆိုပြီးစိတ်ဆိုးတတ်သေးတာ။

တခါတလေများ “ညည်းတို့နဲ့ နေလို့မဖြစ်ဘူး”ဆိုပြီး၊ အိမ်ပေါ်ကဆင်းမယ်လုပ်တတ်သေးတာမို့။ အမေဘယ်လောက်သန်မာသလဲဆိုရင်၊ အိမ်မှာမနေဘူးဆိုလို့၊ သူ့ကိုသိုင်းဖက်ပြီးဆွဲထားတာ၊ ရုန်းပြီးကျမကိုတွန်းလိုက်တာများ၊ ပက်လက်တောင်လန်ကျပါတယ်။ ကံကောင်းလို့၊ခါးမကျိုးတာ။ “မှားပါတယ်” ဆိုပြီး၊ ထိုင်ကန်တော့မှ ငြိမ်သွားတာ။ ပြောလိုက်သေးတယ်၊ “နောက်ငါ့ကို ဒါမျိုးဘယ်တော့မှလာမပြောနဲ့၊မရဘူး” တဲ့လေ။ ဗုဒ္ဓဟူးသ္မီး စိတ်ကြီးလှတယ်။

အမေ မရှိတော့မှ အမေ့တန်ဖိုးကိုပိုသိလာရသလို၊ ခုတော့ အမေ့တာဝန်တွေ ကိုယ့်ပခုံးပေါ်မှာပါလား။ ** “ဝဍ်” ဆိုတာ နောင်ဘဝမကူးဘူး ဆိုတာလဲ ပိုပြီးနားလည်လာမိပါတယ်။ ကျမတစ်ခုခု လုပ်တော့မယ်ဆိုတာနဲ့ တူမတွေက “မိမိ မလုပ်နဲ့လေ” လို့ပြောတတ်ကြတာ၊ ကိုယ် အမေ့ကိုပြောခဲ့သလိုပါဘဲ။ ဒါပေမဲ့ အမေ့လို ဓါးတစ်ချောင်းဆွဲပြီး၊ ခြံထဲတော့ မထွက်ဖြစ်သေးပါဘူး။ ဒါပေမဲ့ မနေသာရင်တော့ လဲလုပ်ရမှာပါ။ (လည်ရှည်ဖိနပ် တစ်ရံလောက်တော့ ဝယ်ခိုင်းဦးမှပါလား။) အဲ့ဒီအခါကျရင်တော့ ကျမကို အော်ကြ၊ဆူကြ တော့မှာ မြင်ယောင်မိပါသေးတော့တယ်။ကလေးတွေ ဆူရင်တော့ စိတ်ပူကြရှာပါလားလို့၊ ကျမကတော့ “ပီတိ” ဖြစ်မိမှာအမှန်ပါ။ ကိုယ်က အမေ့ကိုစိတ်ပူမိခဲ့ဘူးတာမို့ပါ။ *** “ဝဍ်”လည်တတ်တာမို့ – – – – – –

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s