Mi Aung

Memories of Mi Aung (41)

ငယ်သူငယ်ချင်း

မိတ်ဆွေအပေါင်းအသင်းများခြင်းသည်လဲ မင်္ဂလာတစ်ပါးပါလား။ ငယ်ကပေါင်းခဲ့တဲ့ငယ်ပေါင်းတွေဆိုတော့လဲ၊ ပြောမနာ ဆိုမနာနဲ့၊ ခုချိန်ထိတစ်ဦးနဲ့တစ်ဦးလဲ တွေ့ကြရင်ဖြင့် ထုထောင်းရိုက်ပုတ်ပြီးနေတတ်ကြတာပါဘဲ။ ဟန်ဆောင်မှုကင်းကင်းနဲ့မို့ ပိုပြီးအဆင်ပြေသလို။ ငယ်စဥ်တုန်းကတော့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့တာ၊ အတင်းပြောတာ မျိုးစုံ ကြုံခဲ့ရတာပေါ့လေ။

သူငယ်ချင်းတစ်ယောက်ရဲ့သားမင်္ဂလာဆောင်မှာ ဆုံမိကြလို့ ခရီးထွက်ကြမည့်အစီအစဥ်လေး၊ ရုတ်တရက်ပေါ်လာတာ။ ချက်ချင်းထစီစဥ်လိုက်လို့သာ၊နို့မို့ဆိုပျက်ဦးမှာ။

အလောင်းတော်ကဿဖ သွားကြမလို့။မုံရွာမှာ သစ်တောကသူငယ်ချင်းဝင်းနိုင်ရှိတယ်။ အိုကေပေါ့။ သူကလဲ “ငါပင်စင်မယူခင် လာခဲ့” တဲ့လေ။

ဒီက “မယ်မငြင်း “တို့ညီအစ်မတွေက အမြဲခရီးသွားဖို့ ချောင်းနေတာ။ ကျမရယ်၊ဝက်ပေါရယ်၊ တူမသုံးယောက်ရယ်။ မြင့်ခင်နဲ့ရွှေပေါရယ်၊ သ္မီးလေးမေသူခိုင်ရယ်။ စိုးမြင့်ရယ်သူ့ဇနီး ဆွေရယ်။ လူစုလို့ရသွားပြီပေါ့။ ခင်စန်းနု အိမ်မှာဖုံးဆက်ပြီး လူစုတော့ ခင်စန်းနုပါ လိုက်ချင်လာပြန်ရော။ကိုတင်ထွန်းကသူ့မိန်းမကိုကြည်ကြည်သာသာထည့်လိုက်ရှာပါတယ်။

ဒီလိုနဲ့ လက်မှတ်စီစဥ်ပြီးလို့ အဝေးပြေးမှာဆုံကြမယ်ပေါ့။ အဝေးပြေးကားဂိတ်ကိုသွားရတာကားလမ်းတွေကကြပ်။ အမယ်လေး စထွက်ကထဲက ယဥ်သကို ပါဘဲ။ ကိုစိုးမြင့်ကမှတ်ပုံတင်ကျန်ခဲ့လို့ ကြည့်မြင်တိုင်ကိုပြန်ယူရသတဲ့။ ကံကောင်းလို့ ကျန်ခဲ့ တော့ မလို့။

ကားလမ်းတွေ တအားကြပ်လို့ အဝေးပြေးဂိတ်က ၆ နာရီထွက်မည့်ကားက ၈နာရီလောက်မှထွက်ဖြစ်တာမို့တော်သေးတာ။ ရန်ကုန်ကနေ မုံရွာ တိုက်ရိုက်ကားထဲမှာ၊ ကျမတို့အဖွဲ့က ၁၁ ယောက်ဆိုတော့ စထွက်ကထဲကပျော်ကြတာ။ နောက်ကျမှ ထွက်ရတယ်ဆိုပေမဲ့လဲ မနက်၅နာရီခွဲလောက်တော့ မုံရွာကိုရောက်ပါတယ်။ ဝင်းနိုင်က အလောင်းတော်ကဿဖကို တိုက်ရိုက်သွားဖို့ ကားကစီစဥ်ထားပြီးသား။ ကျမတို့ကို နံနက်စာကျွေးပြီး ကားနဲ့တင်ပေးလိုက်တာပေါ့။ လမ်းကနဲနဲဆိုးတော့ ကားပေါ်မှာ အန်လိုက်ကြတာ၊ အစားတွေ နင်းကန်စားလာကြတာကိုလို့။ ခက်ရချည်ရဲ့လို့ ထင်မိတာ။ ရယ်လဲရယ်ရ။

ဘုရားတန်ခိုးကြောင့်ပါဘဲ။ ဆင်စခန်းရောက်တော့လဲ လန်းလန်းဆန်းဆန်းကြည်ကြည်လင်လင်မို့ တော်သေးရဲ့။ စခန်းက ထမင်းဆိုင်မှာ ဘုရားကအပြန်စားဖို့ မှာထားခဲ့ရပါတယ်။အစားကလဲ မက်ကြတော့ မစားရမှာ စိုးရိမ်တာလေ။ ဘုရားဖူးပြီး ပြန်ကြတော့မှ အလောင်းတော်ကဿဖ ခရီးက သိပ်စိတ်ဝင်စားစရာကောင်းတာကိုတွေ့ရတာ။ အသွားတုန်းကတော့ မနက် စောစောဖြစ်တာရယ် အန်နေကြတာရယ်မို့ ခရီးလမ်းကိုမကြည့်နိုင်ပါဘူး။

အပြန်လမ်းမှာတော့ ရွာတွေရဲ့ထိပ်ကအလှူခံမဏ္ဍပ်တွေမှာပိုက်ဆံလှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ စားစရာတွေ အတင်း ကိုပေးကြ၊ ကျွေးကြတာ။ မုံရွာပြန်ရောက်တော့ စာကလေးခွေတွေ၊ ဇီးသီးတွေ၊ ကျွတ်ကျွတ်အိတ်တွေထဲအပြည့်။ မယူပါဘူး ဆိုလဲအတင်းထည့်ပေးကြတာ။ စေတနာကောင်းလိုက်ကြတာ။ မုံရွာကဝန်ထမ်းအိမ်ကလေးတွေကကျဥ်းတော့ ကျမတို့က လူအများကြီးမို့၊ ဝင်းနိုင်က ဘုန်းကြီးကျောင်းမှာ ညအိပ်ဖို့စီစဥ်ပေးထားပါတယ်။ ညစာကိုတော့ စားသောက် ဆိုင်ကြီးမှာလိုက်ပြီး ကျွေးရှာတာပါ။ မနက်စောစော ကားနဲ့လာခေါ်ပြီး၊ မုံရွာမှာရှိတဲ့ဘုရားစုံကိုပို့ပေးပါတယ်။ တကယ်ကိုတာဝန်ကျေ တဲ့သူငယ် ချင်းပါ။

ညနေ၃နာရီ မန္တလေးသွားဖို့ကားလက်မှတ်ကိုစီစဥ်ပေးထားပြီး၊ မန္တလေးမှာတာဝန်ကျနေတဲ့ မင်းအောင်မင်းကို ဖုန်းဆက်ပေး ထားပါတယ်။ မင်းအောင်မင်းရဲ့အိမ်ကတော့ အခန်း၂ခန်းနဲ့ဧည့်ခန်းမို့၊ သူက ဧည့်ဂေဟာမှာစီစဥ်ပေးရှာပေမဲ့လည်း၊ ကျမတို့ ဗရုတ်အုပ်စုက အိမ်မှာဘဲဖြစ်သလိုနေမယ်လို့။ ပျော်လိုက်တာ၊ တစ်သက်မမေ့ပါဘူး။ စိုးမြင့်နဲ့မြင့်ခင်ကို အိမ်ရှေ့ခန်းမှာ စီစဥ်ပေးပြီး၊ မိန်းမ၉ယောက်ကတော့ နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိတဲ့အခန်းထဲမှာ ခင်စန်းနု၊ ဆွေ၊ ရွှေပေါနဲ့ကျမတို့ ကကုတင်ပေါ်မှာ၊ ဝက်ပေါနဲ့တူမလေးယောက်က ကုတင်အောက်ကို ခြေထောက်ထိုးပြီးဖြစ်အောင်အိပ်ကြတာ။

မနက်ကျတော့ မေမြို့တက်ဖို့ အောင်မင်းက ကားစီစဥ်ပေးလို့၊ အလည်အပတ်ထွက်လိုက်ကြပါတယ်။ မေမြို့ကပြန်လာတော့ ဟင်းသီးဟင်းရွက်တွေ ဝယ်လာပြီးချက်ပြုတ်စားသောက်ကြတာ။အောင်မင်းကသတ်သတ်လွတ်စားတာမို့။

ဦးဝင်းနိုင်ရဲ့ဇနီး အမာစီ၊ မင်းအောင်မင်းရဲ့ဇနီး ခင်အေးမူတို့ကလဲ ကျမတို့သူငယ်ချင်းအားလုံးနဲ့ချစ်ခင်ကြသူတွေမို့ ကျမတ နားလည်ကြတာပါ။တော်ရုံမိန်းမမျိုးတွေသာဆို လင်မယားရန်ဖြစ်ကြမှာ။သူငယ်ချင်းတွေက အတော်မွှေတတ်ကြတာ။

နောက်နေ့မနက်ကျတော့ မန္တလေးဘုရားကြီးနဲ့ မန္တလေးတောင်တက်ကြတာပေါ့။ ဦးပိန်တံတားဖက်သွားကြပြီး၊ အမရပူရ ဖက်က ဒေါ်အေးကျင်ထမင်းဆိုင်မှာစားရတာကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ အလှူအိမ်မှာ ကျွေးသလိုမျိုးက တာပါ။

မန္တလေးက ည ၉နာရီထွက်တဲ့ကားနဲ့ပြန်လာကြပါတယ်။ ပျော်စရာကောင်းတဲ့ ဒီခရီးစဥ်မျိုးလေး သူများတွေ သွားဘူးမယ် မထင်ပါဘူး။ လူတစ်ယောက် ပေါင်းလို့ကောင်း၊မကောင်းကိုခရီးအတူသွားကြည့်ရင်သိတယ် လို့ဆိုတတ်ကြတယ်။ ယ္ခုသွားခဲ့ကြတဲ့လူတွေနဲ့ နောက်ထပ်သွားချင်ပါသေးတယ်ဆိုရင် – – – – –

ချစ်သောသူငယ်ချင်းဝင်းနိုင်နဲ့မင်းအောင်မင်းတို့ကိုလဲ သိပ်ကိုကျေးဇူးတင်ပါတယ်နော်။

နောက်ထပ်သွားဖို့လဲ ၊ ကိုယ့်အရိုးကိုယ်သယ်နိုင်တုန်းလေး မှာလေ – – – – –

ကိုကြီးဝင်းနိုင်ရေ စီစဥ်ပေးရင်ငြင်းပါဘူးလို့- – – – – – – –

စိတ်တွေမွမ်းကြပ်လွန်းလို့ပါ ။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s