ထူးတဲ့မေပျို
မကြုံစဘူး ထူးခြားဖြစ်စဥ်လေးတွေတော့ လူတိုင်းမှာရှိကြမယ်ထင်ပါတယ်။
တရားတော်အရ”ကောင်းတာလုပ်တဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုးခံစားကြရမယ်”ဆိုတာလဲ၊ ငယ်ကထဲက မိုးကုတ် တရားတွေ နာခဲ့ရဘူးတော့ “အသိ”လေးလဲရှိပါတယ်။ မိုးကုတ်တရားတွေ နာခဲ့ရတာလဲ ဌာနာလမ်းက သူငယ် ချင်းကြည် ကြည်ခင်တို့ရဲ့အဖေ အဘဦးသန်းးနဲ့အမေဒေါ်ခင်တုတ်တို့ရဲ့ကျေးဇူးကြောင့်ပါ။ ငယ်စဥ်ကတော့ သူတို့အိမ်မှာ ညတရားပွဲ ကျင်းပရင် သူငယ်ချင်းတွေ စားကြသောက်ကြ ပျော်ကြဖို့သာ အဓိကပါ။ ဒါပေမဲ့ အဘက “တရားစကား”တစ်လုံးဘဲ ရရ၊ တရားတော့ နာရမယ်ဆိုတာကြောင့် ကျမတို့ မိုးကုတ်တရားဟောတဲ့ ဆရာကြီးဦးလှဖေရဲ့တရားကို နာခဲ့ကြရတာပါ။
ဒီလိုနဲ့ဘဲ ဘွဲ့တွေရကြပြန်တော့ အရင်လို မဆုံကြရတော့ဘဲ၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြရပြန်ပါရော။ ဘဝတစ် သက်တာ အတွက်ရုန်းကန်ကြရပြီလေ။ လူတိုင်းဟာ အခြေတကျနဲ့ နေနိုင်ဖို့၊ပြည့်စုံဖို့ဆိုတဲ့ အတွေးတွေနဲ့ပါ။ဒါပေမဲ့လို့ “ဖြစ်ချင်တာလဲ မဖြစ်ရပါ” ဆိုသလို၊ လူ့ဘုံလောကမှာ “မဖြစ်ချင်တာလဲ ဖြစ်ရတာ” ဆိုတာမျိုးတွေလဲရှိတာပေါ့လေ။
ကျမဆို ဘွဲ့ရပြီး စိန်ဂျွန်းစျေးက အမေ့ဆိုင်မှာအထည်ရောင်းရပါတယ်။အမေက” ကိုယ့်လက်ကိုယ့်ခြေ “လုပ်တတ်အောင် ကြိုက်တဲ့အထည်တင်ရောင်းဆိုပြီးလွှတ်ထားပေးလိုက်တာနေမှာပါ။ အဲ့ဒီအချိန်ကျတော့ အမေ့ခေတ်ကလို တက်ထွန်ဒိုင်ကြီး လုပ်ဖို့ ငွေအင်အားလဲမရှိပါဘူး။ ကိုယ်ပိုင်ဆိုင်တစ်ဆိုင်နဲ့ ငွေစအနည်းငယ် “အရင်းအနှီး”ပြုခဲ့ရတာမို့၊ စျေးထဲကိုလာသွင်းတဲ့ စိတ်ကြိုက်အထည်စလေးတွေကို ဝယ်ပြီး၊လက်လီရောင်းရတာပါ။ တခါတော့ အပွင့်လှလှလေးတွေနဲ့ ဖေါ့ရှန်အစလေးတွေ လာပြီးစပ်ရောင်းလို့ဝယ်ထားပြီး၊ဆိုင်ပေါ်မှလှလှပပလေးခင်းလို့တင်ရောင်းရတာပေါ့။ တခါတလေလဲ ထမီကွင်းလှလှလေးတွေ (၁၀ )ကွင်းရောင်းရရင် ၅၀ကျပ်မြတ်တယ်။ ကိုယ်ကကွင်းသုံးလေးဆယ်ဝယ်ထားမိတဲ့အခါမျိုးကျတော့လဲ၊ ဘေးဆိုင်လေးတွေ က ပြန်ရောင်းဖို့လာယူတဲ့အခါကျတော့ (၁၀)ကွင်းကို ၃၀ကျပ်လောက်ဘဲမြတ်တာပေါ့။ လက်ကျန်ပစ္စည်းလဲ မရှိဘဲ တခါထဲ အမြတ်ပေါ်မှာဆိုတာရယ်၊ စျေးသူစျေးသားချင်းယိုင်းပင်းကြရတာရယ်ပေါ့။ သူလဲ အဆင်ပြေ၊ကိုယ်လဲအဆင်ပြေပေါ့လေ။
တစ်ရက်တော့ လူတစ်ယောက်ကို လက်ထိပ်ကြီးခတ်လို့ ရဲတစ်ယောက်နဲ့ ကျမရဲ့ဆိုင်ရှေ့ကိုလာရပ်တာ။ ရင်တွေတုန် လိုက် အစ်မက ဘာလုပ်ရမလဲ”လို့ဘဲ ခပ်တင်းတင်းမေးရတော့တာပေါ့။ ဆိုင်မှာက သူ့ဆီကဝယ်ထားတဲ့ ရှန်အပွင့်လေးက၂ ကိုက် လောက်ဘဲ ရှိတော့တာမို့ ခပ်တည်တည်မေးရဲတာပါ။ ရဲက “အစ်မကြီးစျေးရုံးခန်းကို ခဏလိုက်ခဲ့ပါ” တဲ့ ။ ဝယ်ထားတဲ့ ပိတ်စ လက်ကျန်လေးကို လဲယူသွားတာ။ သက်သေခံပစ္စည်းသိမ်းသွားတာပါ။ ရုံးခန်းရောက်တော့ “ရောင်းမှား၊ဝယ်မှား” ဆိုတဲ့ ပုဒ်မနဲ့ မီးရထားတရားရုံးမှာ သက်သေထွက်ဆိုပေးဖို့ပြောလို့၊ နောက်ရက်ကျတော့ သက်သေထွက်ဆိုဖို့သွားရပြန်တာပေါ့။ “စုံပါ တယ်၊မုန်လာရယ်” ဆိုသလိုပါဘဲ။ အမေဆိုတာရယ်သလားမမေးနဲ့။ “ငါ့သ္မီးကတော့ဖြစ်လိုက်ရင်အဆန်းချည်းဘဲ” တဲ့လေ။ သူခိုးဆိုတာ “ဂျို” ပါတာမှမဟုတ်တာနော်။ သူလာရောင်းလို့ ကျမဝယ်လိုက်တာလေ။ “နင် ခိုးလာခဲ့၊ငါဝယ်မယ်” ဆိုပြီး ခိုင်း လိုက် တာမဟုတ်လို့ ကျမမှာ ဘာအပြစ်မှမရှိပါဘူး။
ရန်ကုန်ဘူတာကြီးကို သွားပြီးသက်သေထွက်ပေးရတော့ ” ကျမ်းကျိန် ” ရတယ်လေ။ ဝယ်လိုက်တာမှန်လို့ “ဝယ်ပါတယ်” လို့မှန်ရာကိုပြောရတာမို့ လဲကျမ်းကျိန်ရဲတာပေါ့။ ကျမ်းစူးတတ်တယ်လို့ လူကြီးတွေပြောဘူးတာကို ကြားဘူးထားလို့ပါ။ နောက်မှသိရတာကတော့ မီးရထားမှာတင်လာတဲ့ ပစ္စည်းထုပ်တွေကို အမြဲဖေါက်ခိုးနေကြလူတွေမို့ ဒီတခါတော့ အမိဖမ်း တာတဲ့။ ဟီးဟီး၊ “သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်”ဆိုသလို၊ ကျမက ” နှဲ ကြီး ” တက်နင်းမိရတာပါလား။ တော်သေးတာက သက်သေခံ ပိတ်စလေး၂ကိုက်လောက်ဘဲပေးလိုက်ရလို့။ အဲ့ဒီခေတ်က ယိုးဒယားပစ္စည်းတွေကို မှောင်ခိုပစ္စည်းတွေ လို့ပြောကြတယ်။ ဒါပေမဲ့ ရထားကုန်တွဲမှာတော့ အထုပ်ကြီးအထုပ်ငယ်နဲ့ တင်လာရင်ကြတော့ ရတယ်ဆိုတော့၊ နဲနဲချင်းရောင်းချစားသောက်နေရတဲ့သူတွေသာ မှောင်ခိုကုန်ကူးကြသူတွေလားလို့ ။ ကလေးတုန်းက အဲ့ဒီလိုတွေးခဲ့သလို၊ ခုချိန်အထိလဲ တွေးပြီးအဖြေ မထွက်တဲ့ပုစ္ဆာတစ်ပုဒ် ဖြစ်နေမိတာ – – – –
ကျမကလေ ဘယ်လိုအကျိုးပေးမှန်းကိုမသိတာပါ။ ဒဂုံအိမ်မှာ မီးမရှိလို့ ရပ်ကွက်က ကလေးတွေ မီးချိတ်ပေးတုန်းကလဲ မီးခိုးချိတ်တဲ့အမှုနဲ့ တရားရုံးမှာ မှန်ရာကို အစစ်ခံပါ့မယ်ဆိုပြီးလဲကျမ်းကျိန် ခဲ့ရသေး။ တခါ တူလေးရဲ့ မိသားစုအရေး အတွက်လဲ တခါ ကျမ်းကျိန် ခဲ့ရသေးတာမို့၊ မှန်ရာကိုသာမပြောမိခဲ့ရင် ကျမ်းစူးလို့သေလောက်ပါပြီလို့ တွေးမိတာပါ။
ဆန်းတပြားပြား ပါဆို၊ ကြုံခဲ့ဘူးကြရင် ပြန်ပြောပြကြပါလား၊ နော် ။
Categories: Mi Aung