Mi Aung

Memories of Mi Aung (34)

လမ်းကြိုက်တဲ့ အမေ

“သွားပါများခရီးရောက် – – – – မအိပ်မနေ အသက်ရှည် – – – -“ဆိုလို့ အမေကတော့ခရီးသွားတာ ဝါသနာပါလွန်းလို့၊အသက်၉၀ကျော်တဲ့အထိကိုအသက်ရှည်အနာမဲ့စွာဖြင့် ခရီးတွေ ထွက်ခဲ့ကြတာပါဘဲ။ ယ္ခုအထိ စိတ်မကောင်းဖြစ်နေမိတာကတော့ ဆရာတော်က ဗုဒ္ဓဂါယာထည့်လိုက်ဖို့ခေါ်စဥ်ကမထည့်လိုက်ရတာပါဘဲ။ အဲ့ဒီအချိန်က အမေ့ကိုထည့်လိုက်နိုင်ဖို့ ငွေပြည့်စုံပေမဲ့၊ သူ့အတွက်အဖေါ်တစ်ယောက်လိုက်ဖို့က မနိုင်ဝန်ဖြစ်နေခဲ့လို့ပါ။ တရားစခန်းကယောဂီတွေကလဲ သူတို့ဘယ်သွားသွား ဒေါ်ခင်မေကိုအရခေါ်ကြတာ။

ပထမဆုံး ရွှေခြံဆရာတော် ဘဒ္ဒန္တရ ဇာဂရိယကရွာကို လိုက်ခဲ့ဖို့ မယ်တော်ကြီးတွေကိုခေါ်တော့လဲ အမေရှေ့ဆုံးကပါတာပါဘဲ။ နတ်ကြိုတောရွာက မြင်းခြံမှာ ရှိတာပါ။ အမေ့ကိုထည့်လိုက်ဖို့ ပြောကြတဲ့ မမဒေါ်သန်းမြင့်၊ ဒေါ်ရွှေ၊ ဒေါ်မြင့်မြင့်သန်း တို့ကိုကျေးဇူးတင်ပါတယ်။ အန်တီဒေါ်ခင်မြင့်ကတော့ အမေ့ကိုကူချင်ပေမဲ့ အမေ့လောက်တောင် သွက်သွက်လက်လက်မရှိလို့ အမေကသူ့သ္မီးတွေကိုဆူသလိုမျိုးဆူတတ်သေးတာ။ အမေက ကိုယ်ကချွတ်လိုက်တဲ့အဝတ်ဆိုရင်လဲ မလျှော်နိုင်သေးရင် သပ်သပ်ရပ်ရပ်ထားမှကြိုက်တော့ အမြင်မတော်ရင် ပြောလဲပြော၊သိမ်းလဲသိမ်းတတ်တာ။ သူတို့ကလဲ အမေဆူလို့ကတော့ ပန်းနဲ့ပေါက်တယ် လို့သဘောထားတတ်ကြတာ။

ရွာကိုအတူလိုက်သွားကြတဲ့သူတွေက အမေ့ကို “တကယ်တော်တယ်ဟယ်၊ ဘာမှကရိကထမရှိဘူး၊ပိပြားနေတာဘဲ။ မနက်အစောထပြီး အေးတဲ့ရာသီမှာတောင် ရေမိုးချိုးဖီးလိမ်းပြီး၊ နောက်ထပ်သွားစရာရှိတာသွားဖို့ အဆင်သင့်သိမ်းဆည်းပြီးပြီ။ တို့တတွေကိုမှစောင့်ရသေးတာ” လို့ပြောကြတာ။ အဲ့ဒီလို သူများကို ဝန်မပိစေတတ်တော့ ဘယ်သွားသွားခေါ်ချင်ကြတာပေါ့။ မန္တလေးရောက်တော့ “တည်းရတဲ့အိမ်ကြီးကကောင်းလိုက်တာအေ၊အမေတို့ကိုအိမ်ပေါ်ထပ်မှာနေရာချပေးတာ အကြိုက်ဘဲ” တဲ့။ အမေက အသက်ကြီးလို့ဆိုပြီး၊ ကုတင်ရဲ့အတွင်းဖက်မှာထား၊ မမသန်းမြင့်နဲ့မမရွှေက အမေလိမ့်ကျမှာ စိုးလို့ဘေးဖက် မှာအိပ်ကြသတဲ့။ မနက်ကျတော့ အမေ့ကို အမေဆီးသွားချင်ရင်လိုက်ပို့မယ်ပေါ့။ အမေကလေ သူတို့နှစ်ယောက်ကို “S ကောင်မတွေ၊ အမေဖြင့်သူတို့နှစ်ယောက်ကို ကျော်ပြီး၊ အောက်ထပ်ကို ဆင်းပြီးဆီးသွားတာ မနိုးကြဘဲနဲ့၊ ငါ့သ္မီးတွေအိပ်လိုက် ကြတာအေ၊ သေနေသလားအောက်မေ့ရတယ်” လို့ပြောပြီးရယ်လိုက်တာတဲ့။

နောက်တခါ ပုသိမ်၊ဝါးယားချောင်းရွာမှာ ဆရာတော်ရဲ့ သူငယ်ချင်းကိုယ်တော်က တရားစခန်းဖွင့်မှာမို့ဖိတ်ပြန်ရော။ ယောဂီတွေကိုလဲလိုက်ခဲ့ကြဖို့၊ချောင်းသာကိုလဲပို့ပေးမယ်ဆိုတော့ အိမ်က ဒေါ်ခင်မေ ဘယ်နေလိမ့်မလဲ။ ပါသွားပြန်ရော။ ကိုယ်တွေက “အမေ ရေဆင်းမကူးနဲ့နော်”လို့ဘဲမှာရတော့တာပေါ့။ ပြန်ရောက်လို့ အိမ်ရှေ့ကိုကားဆိုက်တော့ “ဘုန်းဘုန်း အမေရေထဲဆင်းသေးလား” မေးတော့၊ “မသိပါဘူးဗျာ၊ဘုန်းဘုန်း ကအပေါ်ထပ်မှာနေတာ။ သူတို့ကအောက်ထပ်မှာ မိုးချုပ်ခါနီးမှ သူတို့အသံကြားရတာ၊သူတို့သာမေးကြည့် ” လို့ပြန်ဖြေကထဲက ကိုယ့်အမေအကြောင်းသိပြီးသား။ အမေကရေသိပ်ကြိုက်တာ။ ရေကူးလဲကျွမ်း၊ ရေထဲရောက်ရင် သူများကိုလဲ အလွန်နောက်တတ်တာ။အမေ့အဝတ်တွေ လျှော်ပေးဖို့ထုတ်လိုက်တော့ သဲတွေပေနေတဲ့ ရေစိုအဝတ်တွေထွက်လာတာပါဘဲ။ ရေထဲမဆင်းဘူးဆိုတာ ဟုတ်ပါ့မလား။

နောက်တခါ မမသန်းမြင့်၊မမခင်မြင့် (အမေ့အခေါ် ဖက်တီးကြီး) တို့မော်တင်စွန်းသွားကြမယ်ဆိုတော့လဲ မလိုက်စေချင်ပေမဲ့ အတင်းခေါ်ကြတော့ ပါသွားပြန်တာပါဘဲ။ ဘာမှလျှောက်မဝယ်ခဲ့နဲ့နော်လို့မှာလိုက်ပေမဲ့ ငပိစိမ်းစား၊ ငါးခြောက်တော့ ဝယ်လာ သေးတာ။

န်ခဲ့တဲ့ ၃/၄နှစ်လောက်ကတော့ အလောင်းတော်ကဿဖ သွားကြမယ်လို့ မမသန်းမြင့်၊ မမခင်မြင့်တို့စီစဥ်ကြတော့လဲ ၊ အမေ့ကို သိပ်အသက်ကြီးနေပြီ ခေါ်လို့ ဖြစ်ပါ့မလားလို့ တိုးတိုးတိတ်တိတ်လာပြောကြတယ်။ ပြီးတော့ မခေါ်ရင် အမေသိပ်ဝမ်းနည်းမှာ လို့လဲတွေး ကြပြန်တော့ ကိုယ်ဘဲအဖေါ်လိုက်မယ်၊ အမေလိုက်မလားမေးကြည့် ဆိုတော့ “လိုက်မှာ “တဲ့လေ။ ကဲ ဘာပြောချင် ကြသေးလဲ။ အမေကပြောသေးတယ် ” ငါ့သား ဘုန်းကြီးမသိစေနဲ့ “တဲ့။ ဆရာတော်က အမေကသိပ်ကျန်းမာပြီး၊ အသက်က လဲကြီးတော့ လမ်းမှာတစ်ခုခုဖြစ်မှာစိုးရိမ်ရှာလို့ အလောင်းတော်ကဿဖ သွားရင် မယ်တော်ကြီးကို မခေါ်ရဘူး လို့ပြော ထားတာကို။

မမသန်းမြင့်တို့မိသားစုနဲ့ဆွေမျိုးများ၊ မမခင်မြင့် သ္မီးနဲ့မြေးမလေး၊ ကျမတို့သားအမိတတွေ သန်းဌေးနှင့်ရောင်းရင်းများ Expressကားကြီးစီးလုံးငှားပြီး အလောင်းတော်ကဿဖခရီးကိုည ၇နာရီလောက် စထွက်လိုက်ကြတာ။ လူစုလို့ပြီးတော့ ရန်ကုန်က ည၉နာရီမှထွက်ဖြစ်တော့ပါတယ်။ ဘုရား၊ဘုရား ၃၉မိုင်လဲရောက်ရော အမေ့ကို ဆီးသွားခိုင်းဖို့ ကားအောက် လဲရောက်ရော အမေမူးတယ်ဆိုပြီး အန်ပါရော။ ကျမတို့နဲ့အတူ ခရီးသွားသူတွေအားလုံးစိတ်ပူကြတာပေါ့။ကျမက “အမေ ကားငှားပြီးအိမ်ပြန်ရအောင်၊” ဆိုတော့ “မပြန်ပါဘူး၊ရတယ်” လို့ပြောလို့ တထိတ်ထိတ်နဲ့ခရီးဆက်ခဲ့ကြရပါတယ်။ အမေ့ခေါင်းဖက်ကို ကျမပေါင်ဖေါ်မှာပွေ့ထားပြီး၊ သူ့ထိုင်ခုံဖက်မှာခြေထောက်ထား၊ ဆေးတိုက်ပြီးတလမ်းလုံးအိပ်ခိုင်းခဲ့တာ၊ နံနက်၅နာရီခွဲလောက် မကွေးကိုရောက်တော့ အမေကကြည်ကြည်လင်လင်ဘဲအိပ်ယာကနိုးလာပါတယ်။တော်သေးတာပေါ့။ လက်ဖက်ရည်ဆိုင်ရောက်တော့ အမေကကားပေါ်က ဆင်းဆင်းချင်း ကန်ဇွန်းဥပြုတ်စားမယ်ဆိုလို့၊ ချော့မော့ပြီး ရင်မ ပြည့်တာစားပါအမေရယ် လို့ပြောရပါတယ်။ နေ့လည် ရွှေစက်တော်လဲရောက်ရော၊ ရေချိုးပါ့မယ်ဆိုလို့ နေနဲနဲကျမှ ချိုးပါ ဆိုပြီးတောင်းပန်ရပါတယ်။ တော်တော်ကဲတာ။

နောက်တနေ့ ခရီးဆက်ထွက်လာလိုက်တာ မုံရွာကိုရောက်တော့ညနေ၃နာရီကျော်လောက်ဟိုတယ်ရောက်တော့ ကျမတို့ သားအမိက တစ်ခန်း၊ ခန နားခိုင်းပြီး၊ရေမိုးချိုးထမင်းစားကြတော့၊ ကားသမားက မနက်၂နာရီမှာအလောင်းတော်ကဿဖ ကိုခရီးစထွက်မယ်လို့ပြောပါတယ်။ ကျမကိုအတင်းကိုဖိပြီးအိပ်ခိုင်းတော့တာပါ၊မနက်အစောသွားရမှာမို့တဲ့။ ကိုယ့်ကို သူများစောင့်ရတာမျိုး အမေက လုံးဝမကြိုက်တာလေ။ ကျမလဲအိပ်ပျော်သွားလိုက်တာ လန့်နိုးတော့ အမေကရေမိုးချိုး ပြင်ဆင်ပြီးကုတင်ပေါ်မှာထိုင်လို့။ နာရီကြည့်လိုက်တော ည၁နာရီဘဲ ရှိသေးတာ၊ အဲ့ဒီတော့မှာ အဲယားကွန်းကို နဲနဲလျှော့ပေးပါ တဲ့လေ။ စိတ်ကိုပူသွားတာဘဲ။နေကောင်းရဲ့လားဆိုတော့ ၊ “ဘာမှမဖြစ်ဘူး ၊ သ္မီးရေချိုးပြီးထွက်လာရင်အအေးမိမှာစိုးလို့ပါ”တဲ့။ * အဲ့ဒါ မိဘ ပါ။*

ည၂နာရီ ခရီးစထွက်ပြီး၊လက်ဖက်ရည်ဆိုင်ထိုင်ကြတော့၊ ကျမမွေးနေ့မို့ ကားပေါ်ကလူတွေကို နံနက်စာ ဒါနပြုလိုက်ပါတယ်။ အလောင်းတော်ကဿဖ ဆင်စခန်းရောက်တော့ အမေ့ကိုအထမ်းနဲ့ တင်ပေးပြီးကျမတို့က ကုန်းကြောင်းလျှောက်ကြတာပေါ့။ အမေ့ကိုတော့ ဂူအထိမဆင်းခိုင်းပါဘူး။ သိပ်မောမှာစိုးရိမ်လို့ပါ။ အပြန်ကျတော့လဲ အမေကအထမ်းနဲ့ ကိုယ်တို့လူငယ်တွေက ခြေလျင်ပေါ့။ စခန်းရောက်တော့ အမေကအထမ်းသမားလေးကို ငွေ၂၀၀ကျပ်ထုတ်ပေးလို့ ရယ်ရပါသေးတယ်။ တကယ်တော့ အသွားအပြန် ၂၀၀၀၀ကျပ်ပါ။ ညနေဟိုတယ်ကိုပြန်ရောက်တော့ ညနေစောင်းနေပါပြီ။ ညစာစားပြီး မုံရွာမြို့ထဲကို လဲလိုက် ပို့ပါတယ်။

နောက်နေ့မနက်အစော မုံရွာကဘုရားတွေဖူးပြီး၊ မန္တလေးကိုသွားတော့၊ စစ်ကိုင်းကောင်းမှုတော်လဲရောက်ရော သနပ်ခါးတုံးနဲ့ ကျောက်ပျဥ်ဝယ်ပေးခိုင်းတာ၊ မရမချင်း ဘုရားတောင်ဖြောင့်အောင် မရှိခိုးရပါဘူးဆို။ ကျမမှာ ကျောက်ပျဥ်ကဖက်၊ သနပ်ခါး တုံးတွေနဲ့ အမေ့လက်ကိုလဲဆွဲရသေးတာနဲ့ ကားလမ်းကူးတော့၊ အော်တောင်ငိုချင်ပါတယ်။ အမေကတော့ သူလိုချင်တာရလို့ သိပ်ကိုကျေနပ်သွားလိုက်တာ ကလေးလိုပါဘဲ။ စစ်ကိုင်းကဘုရားတွေဖူးပြီး၊ မန္တလေးရောက်တော့ ညနေအတော် စောင်းနေ ပါပြီ။ မဟာမြတ်မုနိဘုရားကြီးဖူးပြီး၊ ဘုရားကြီနားကရှမ်းစားသောက်ဆိုင်မှာ ညစာစားပြီး၊ ရန်ကုန်ကိုမနက် ၆နာရီလောက် ပြန်ရောက်ကြပါတယ်။ သန်းဌေးနှင့်ရောင်းရင်းများက အစားအသောက်၊ တည်းခိုစရာနေရာအားလုံးကို စေတနာထက်သန်စွာ ပြည့်စုံအောင် ဆောင်ရွက်ပေးတဲ့အတွက် တွေးမိတိုင်း ကျေးဇူးတင်လျက်ပါ။ ဘုရားဖူးအတူသွားကြသူတွေကိုလဲ သိပ်ကို ကျေးဇူးတင်ပါတယ်။

အမေ နောက်ဆုံးခရီးသွားခဲ့တာကတော့ အမေ့မောင်အငယ်ဆုံးရဲ့ကလေးတွေနဲ့ သူ့ယောင်းမဆီကိုပါ။ ရန်ကုန်ကနေ ရွှေတောင် အထိကိုကားတစ်စီးငှားပြီးသွားကြတာမို့၊ ကျမတို့ညီအစ်မတတွေရော၊ အမေတို့ညီအစ်မရောအတော်ပျော်ခဲ့ကြတာ။ ထမင်း ဟင်းတွေလဲချက်ပြုတ်ပြီးသယ်သွားကြသေး။ လမ်းမှာလဲ တွေ့တာအကုန်ဝယ်စားကြတာ။ ခင်စန်းနုရဲ့ယောကျ်ား ကိုတင်ထွန်း နဲ့ရွှေပေါရဲ့ယောကျ်ားကိုမြင့်ခင်တို့က ခေါင်သူကြီးပေါ့။ ရွှေတောင်က မောင်လေးအကြီးကောင် ဇော်သန်းထွန်း တို့အိမ် ရောက် တော့၊ ဒေသထွက်မုန့်တွေ၊ လက်ဖက်သုတ်တွေစုံအောင်စားလိုက်ကြတာ ထမင်းကိုမစားဖြစ်ပါဘူး။ အမေနဲ့ငြိမ်းငြိမ်းကလဲ မစားဘူးဆိုတော့၊ ရွှေတောင်မှာသူတို့လေးတွေ ကျေနပ်အောင်နေပြီး၊ ပေါင်းတည်က အမေတို့ယောင်းမ မဝေနဲ့ သားအငယ် ရဲလေးတို့အိမ်ကိုလာခဲ့ကြပါတယ်။ ကဲ၊ ထမင်းစားကြမယ်ဆိုတော့၊ ပေါင်းတည်ကနာမယ်ကြီးရေမုန့်တွေ မှာထားတာ စားရမယ်၊ထမင်းနောက်မှစားဆိုလို့၊ မုန့်တွေကိုစားလိုက်ကြတာ ဘယ်လိုလုပ်ပြီးထမင်းစားနိုင်ကြတော့မှာလဲ။ ဒီလိုနဲ့ပြန်လာလိုက်ကြတာ ရန်ကုန်ကိုမိုးချုပ်မှရောက်တော့ စားသောက်ဆိုင်မှာဝင်ပြီးညစာစားကြတာပေါ့။ အိမ်ပြန်ရောက်တော့ ည၉နာရီလောက်ဖြစ်ပြီ။ စိတ်မကောင်းစရာက ထမင်းဟင်းတွေ ပါပီတွေဆီရောက်ကုန်တာပေါ့။ ကုသိုလ်တော့ရပါတယ်။ ဟီးဟီး၊ ယာကုအိုးကြီးကွဲလို့ ရွှေစည်းခုံ လှူလိုက်မိလေသလား။ ဦးတင်ထွန်းက “ငါ့နဲ့ဟယ် အဖွားကြီးနှစ်ယောက်ကို ထမင်းမကျွေးမိလေခြင်း” ဆိုပြီး စိတ်မကောင်းလို့အမြဲပြောနေတော့တာ။

အမေကလေ ပေါင်းတည်ကပြန်လာလို့ အိမ်နားရောက်တော့ ကားမောင်းတဲ့ကိုလှဦးကို “အမေတို့ပုဂံသွားကြမယ်သားရေ” လို့ပြောတာ။ အမေ့ကို ပုဂံလိုက်မပို့ပေးလိုက်ရပါဘူး။

ခရီးတွေသွားရင်း အသက်ရှည်တာ၊အနာကင်းခဲ့တာ – – – – နောက်များမှ မိသားစု မိုးကုတ်၊မော်လမြိုင်ခရီးစဥ်လေး ။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s