Mi Aung

Memories of Mi Aung (33)

ညှိခြင်းပညာ

“အသက်တစ်ရာမနေရ၊အမှုတစ်ရာပွေကြရတယ်” – – – လူကြီးသူမတွေ​ပြောစကားများ သိပ်မှန်တာပါဘဲ။

သိတတ်တဲ့အရွယ်ကစလိုက်တာများလေ မရိုးနိုင်အောင်ပါဘဲ။ ဘယ်ကိစ္စမဆို ပေါ့ပေါ့ပါးပါး တွေးတတ်ရင် စိတ်သက်သာရာရပေမဲ့၊ အလေးအနက်တွေးတဲ့အခါကြတော့လဲ “သေသာသေလိုက်ချင် တော့တာဘဲ”ဆိုတဲ့ အသံမျိုးတွေမြည်လာတတ်ကြပြန်ပါရော။ လူ့ဘဝ မှန်းဆလို့မရတဲ့ အကြောင်းတရားတွေပါ။

ကျမတို့ ဒဂုံကိုရောက်တာ စ(11-11-1993)ကထဲက၊ 1999ခုနှစ်အထိ၊ ဖယောင်းတိုင်မီး၊ ဇာထိုးတော့ဘက်ထရီအိုးလေးဝယ်၊ ဒီအိုးလေးကိုအားပြန်သွင်းခိုင်းပြီး မီးထွန်းနဲ့ နေခဲ့ကြရတာ။ 1997ခုနှစ်လောက်ရောက်တော့မှ မီးတိုင်တွေထူပြီး၊ မီးရဖို့ လျှောက်လွှာတင်ရမယ်၊ငွေတစ်သောင်းသွင်းရမယ်- တဲ့။ ကျမသူငယ်ချင်းMary Yie Sein ကလေ “ငါသွင်းပေးမယ်” ဆိုပြီးအတင်းကိုပ်ိုက်ဆံပေးခဲ့တာ။ သူ့ကျေးဇူးကို တကယ်မမေ့ပါဘူး။

သို့သော်လဲ မီးလာသွယ်ဖို့မျှော်ရင်းနဲ့ လည်ပင်းသာရှည်ထွက်လာတယ်၊ “ပေါ်မလာ”ဇာတ်ကားပေါ့လေ။ မီးတိုင်တွေတော့ ဆိုက်ထားပါပြီ။ ကျမတို့လဲ ဒီနေ့ဘဲမီးလာသွယ်ပေးမလို၊ မနက်ဖန်ဘဲလာသွယ်ပေးမလိုဆိုတဲ့ အတွေးနဲ့အိမ်ထဲမှာ တော့မီး ကြိုးတွေအဆင်သင့်ရိုက်ထားရတာပေါ့။ ဒီလိုနဲ့ ဖိုးချိုလေးဆုံးသွားတော့ အိမ်နားကယောကျ်ားလေးတွေက ဝါးလုံးရှည်ကြီးနဲ့ မီးချိတ်ပေးပါတယ်။ ကျမတို့အားနဲ့တော့ ဘယ်လိုမှဓါတ်တိုင်ကိုလှမ်းမချိတ်နိုင်ပါဘူး။ချိတ်လဲမချိတ်ရဲပါဘူး။

ကျမတို့ညီအစ်မ အလုပ်ကပြန်လာတော့ အမေက ရီကြဲကြဲနဲ့ “ညည်းတို့ညီအစ်မတော့ အမောပြေပေါ့အေ၊ ထမင်းစားပြီးရင် ရပ်ကွက်ကောင်စီရုံးသွားလိုက်ဦး” တဲ့။ အိမ်ရှေ့ခန်းမှာ ဖယောင်းတိုင် တင်ပြီးထွန်းတဲ့ခွက်တွေ ပစ်ချထားတာ။ ဘာဖြစ်မှန်းမသိပါဘူး။ နောက်တော့မှ အမေကပြောပြတာ။ “အော် မင်းတို့မီးကအတော်မှန်တာကို၊ အမေတို့ဖယောင်းတိုင် မီးနဲ့နေရတာဒီမှာကြည့်” ဆိုပြီး ဖယောင်းတိုင်တင်ပြီးထွန်းထားတဲ့ ခွက်တွေကို ပစ်ချပြတာ တဲ့လေ။

အဖြစ်ကတော့ မနှစ်ကနဲ့မတူပါဘူးဆိုသလိုဘဲ၊ ရပ်ကွက်ရုံးကနေ မ/ဒဂုံရဲစခန်းကိုညနေ၆နာရီခွဲအရောက်သွားရမယ်တဲ့။ ကျမတို့လမ်းထဲမှာ ကျမတို့အိမ်ရယ်၊မျက်စောင်းထိုးတစ်အိမ်ရယ်နဲ့ဖမ်းခံထိတာပါ။ မိန်းမဆိုလို့ ကျမနဲ့တစ်လမ်းကျော်က ကျောင်းဆရာမအစ်မကြီးရယ် နှစ်ယောက်ထဲ။ဆရာမယောကျ်ားက သူကြောက်လို့ မလိုက်ရဲဘူးတဲ့လေ။ အဲ့ဒီလိုလဲ ရဲစခန်းသွားရမယ် လဲဆိုရော ဝက်ပေါတို့ရုံးက ကျမတို့ရဲ့အိမ်နီးနားချင်းမိတ်ဆွေတွေလိုက်ချလာကြတာမို့ ကျေးဇူးတင် ရပါတယ်။ စောင့်ရှောက်တတ်တဲ့ပတ်ဝန်းကျင်နဲ့နေခွင့်ရတာ အလွန် ကံကောင်းတာပါ။ (ဦးအောင်ရှိန်၊ဦးသိန်းမြင့်နဲ့ ဦးတင်အောင် တို့ကိုအထူးကျေးဇူးတင်ပါတယ်။) ပျော်ပျော်ပါးပါး ဒိုင်နာကားကြီးစီးလို့ မီးချိတ်လို့အဖမ်းခံထိတဲ့လူက ၁၁ ယောက်၊ ရဲစခန်းကို အာမခံလိုက်တဲ့လူတွေက တစ်လှေပေါ့။ ရဲစခန်းရောက်တော့ အမှုဖွင့်တာပေါ့၊ ပထမဆုံး- အမည်၊ အသက်၊ အဖအမည်၊ နေရပ်လိပ်စာ။ နောက်စားပွဲကျတော့လဲ – အမည်၊အသက်၊ အဖအမည် ၊နေရပ်လိပ်စာ။နောက်ထပ်လဲ – – – – — – -။နောက်ထပ်လဲ – – – -။အလုပ်လုပ်တာ အတော်စေ့စပ်သေချာတာလို့ပြောချင်တာပါ။ ဒီလိုနဲ့ ည၁၂နာရီထိုးသွားတယ်၊ စခန်းမှူးမရှိလို့ မနက်ကျမှ အာမခံပေးမယ် ဆိုတော့ ၊ လိုက်လာတဲ့လူတွေက “တောင်းပန် တိုးလျှိုး ညှိ” ယူတော့မှဘဲ အာမခံနဲ့အိမ်ပြန်ရပါတော့တယ်။ အသွားတုန်းကလို ကားကြီးနဲ့ မဟုတ်ပေမဲ့လဲ၊ အပြန်ကျတော့ ပျော်ပျော်ပါးပါး ၉၆၉၃ (ကိုယ့်ခြေထောက်ကိုယ်သုံး) ပြီးပြန်လာကြတာ။

ဒါနဲ့ တရားရုံးမှာအစစ်ခံဖို့ သွားရမယ်ဆိုတော့၊ ကိုယ့်အစီအစဥ်နဲ့ကိုယ်လာပါ့မယ်ဆိုတာ မရပြန်ပါဘူး။ အချုပ်ကားနဲ့သွားရမယ်တဲ့။ အမှုတော့အမှုဘဲ၊ ဒါပေမဲ့ အချုပ်ကားကြီးနဲ့တော့မသွားချင်ဆိုတော့ အင်း “ညှိ ” ပြီး၊ ကားတစ်စီးငှားသွားရပြန်ပါတယ်။ ” ညှိ ” တဲ့စကားလုံးလေးဟာ အတော် တန်ဖိုးရှိလှတာပါလား။ တရားရုံးရောက်တော့လဲ ရုံးချိန်းခဏ၊ခဏမသွားနိုင်တာကိုလဲ ” ညှိ ” ယူရတာပါဘဲ။ “မီးခိုးချိတ်တဲ့အမှု” ဒဏ်ငွေဆောင်ရတာက ၁၂၅ကျပ်၊ ကျမကုန်သွားတာက တစ်သောင်းကျပ်နီးပါး။ ပညာပေးခံရတာကအဆစ်။ သက်သေခံပစ္စည်း ဓါတ်တိုင်နဲ့အိမ်ကိုသွယ်တဲ့ ဆားဗစ်ကြိုးကိုပြန်လိုချင်ရင်လျှောက်လွှာတင်ရမယ်ဆိုတော့ ၊ ထပ် “ညှိ” ရမှာသိပ်ကြောက်လို့ ပြန်မယူတော့ပါဘူး။ ကျမတို့မှန်လိုက်တာ။ မီးလာသွယ်ပေးတဲ့အခါအဆင်သင့်ဖြစ်အောင် 7029ကြိုးအသစ်လေးတစ်ခွေဝယ်ထားလိုက်တာပေါ့။ အသစ်တောင်ရသေးတယ်။

အော် – ညှိခြင်းပညာ* တတ်ခဲ့ရတာက အမြတ်။ ကောင်းလေစွ၊ ကောင်းလေစွ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s