Mi Aung

Memories of Mi Aung (32)

လွမ်းလို့ပါ

ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့ဆိုကြလို့ – – – ဒီတိုက်ပွဲလောက်ပြင်းထန်တဲ့တိုက်ပွဲတော့ရှိမှာမဟုတ်ပါဘူး။ စစ်မြေပြင်မှာမှ ရန်သူနဲ့သူသေ၊ကိုယ်သေ ရင်ဆိုင်တိုက်လို့ရနိုင်သေးတယ်။ ကိုယ်တို့ မိသားစုအဖို့မှာတော့ ထိုးနှက်ချက်က ရက်ရက်စက်စက်မို့ ဘယ်ခါတွေးတွေး ရင်ထဲမှာနာနေတာပြောမပြတတ်အောင်ပါဘဲ။ မောင်လေးအငယ်ဆုံးလေးကို သားလေးလို စောင့်ရှောက် ခဲ့ရတာပါ။ သူက ဆယ်တန်းအောင်ပြီး၊ မိတ္ထီလာလေတပ် စက်မှုသင်တန်းကျောင်းမှာသင်တန်းတက်နေစဥ်ကအသဲရောင် အသားဝါလဲဖြစ်၊ ငှက်ဖျားလဲဖြစ်ဘူးတာမို့ အမြဲဂရုစိုက်နေတဲ့ကြားက မကြာခဏဖျားတော့ ဆေးခန်းတွေပြတာပါဘဲ။ အစားလဲမက်တော့ ရင်ပြည့်လို့များလား၊ အူရောင်တာလားနဲ့ဆေးခန်းတွေပြပြီးအမျိုးစုံအောင်ကုကြတာပါဘဲ။ မောင်လေး မိတ္ထီလာမှာသင်တန်းတက်နေတုန်းကဆိုရင်၊ သူက အမေ့ကိုနှစ်လတစ်ခါလောက်ငွေ ၅၀ကျပ် ပို့ ပို့ပေးတတ်တာ။ ဒါပေမဲ့ အစ်မတွေကတော့ သူ့ကိုလူကြုံရှိတ်ိုင်း စားစရာ၊ ပိုက်ဆံတွေပို့ပေးရတဲ့အပြင်၊ အစ်ကိုဖြစ်တဲ့ မောင်လေးဝင်းမောင်က မုံရွာကပြန်လာတိုင်း၊ သူ့ညီလေးကို ပိုက်ဆံပေး၊ တပ်ပြင်မှာသူကြိုက်တတ်တာတွေကို လိုက်ပြီး ကျွေးတတ်သေးတာ။ လူကြုံရှိလို့ကတော့ ငါးခြောက်လေးတွေဆို အသားချည်းဘဲ ၃လက္မလောက်အတုံးလေးတွေ စားချင်တဲ့အချိန်ဖုတ်ခိုင်းပြီး စားလို့ရအောင်တစ်မျိုး၊ဗလချောင်ကြော်၊ ပုဇွန်ထုပ်ကို မုန့်နှစ်နဲ့ကြော်ပြီး စက္ကူဘူးခွံမှာစီပြီးထည့်တာကတဖုံနဲ့ စားစရာ ကိုပို့ပေးကြရတာ။ အဲ့ဒီအချိန်က တယ်လီဖုံးတွေဆက်ဖို့လဲခက်ခဲတော့၊စာတိုက်ကစာဘဲမျှော်ကြရတော့တာပါဘဲ။ သူစာပြန်ရေးရင် “မမရေ၊ ပို့ပေးလိုက်တဲ့စားစရာတွေကတော့ တပ်ထဲမှာ သူဆွဲကိုယ်ဆွဲနဲ့ တစ်နေ့ထဲပြောင်ရော” တဲ့လေ။ ကျမတို့မောင်နှမတွေက အစားကောင်းဆိုသူများကိုသိပ်ကျွေးချင်တာ၊ဖွက်မစားတတ်ကြဘူး။ (အဖေသင်ထားတာလေ။ ဧည့်သည်များ ထမင်းစားချိန်ရောက်လာလို့ကတော့၊ ကျွေးသာကျွေး၊အဖေ့ဖို့ မကျန်ရင်နေပစေ- လို့။)

တခါများ ဖိုးချိုရဲ့တပ်ကလူကြုံလာတော့ အိမ်မှာဘဲတည်းခိုင်း၊ကျွေးမွေးပြီး၊ ပြန်တော့လဲ လမ်းစားဖို့စားစရာတွေလုပ်ပေးပေါ့။ မောင်လေးကိုစောင့်ရှောက်ဖို့လဲမှာရတာပေါ့။ ဧည့်သည်က ပြန်ခါနီး မမတို့ကိုကြည့်ပြီးစိတ်မကောင်းတာတဲ့။ ဖိုးချိုက မပြော ရဘူး – မှာလိုက်လို့ မပြောတာ။ မောင်လေး အသဲရောင် အသားဝါဖြစ်လို့ ဒီရက်ထဲ ဆေးခွင့်နဲ့နားနေရတယ်လို့ပြောပြရှာကြတာ။ အစ်မတွေဘဲ ချက်ချင်းလိုက်မယ်ပေါ့။ မုံရွာက ဆန်လာတင်တဲ့ဦးမြဟန်က အမတို့တစ်ရက်ဘဲစောင့်ပါ။ မနက်ဖန်ကားနဲ့ လိုက်ခဲ့ရင်ရတယ်ဆိုလို့၊ ၁၀ ဘီးကားကြီးခေါင်းခန်းကထိုင်ပြီးညီအစ်မ၃ ယောက်လိုက်သွားကြတာပေါ့။ ညောင်လေးပင်အိမ်မှာသူငယ်ချင်းစိန်စိန်အုံးကိုလဲ ဝင်ပြီးခေါ်လိုက်သေးတယ်။ ၁၀ဘီးကား၂စီးဆိုတော့ကျမတို့ ညီအစ်နဲ့သူငယ်ချင်း၄ယောက်ကတစ်စီး၊ ဦးမြဟန်ကနောက်တစီး။ မောင်လေးကိုစိတ်ပူလို့သွားကြတာပေမဲ့ သာဝတ္ထိက ထမင်းဆိုင်မှာ ထမင်းစားရတာကောင်းလိုက်တာ။ အရံဟင်းလေးတွေစားခဲ့ရတာကိုမမေ့ဘူး။ မိတ္ထီလာရောက်တော့ညနေစောင်းလေး။ ကျမတို့ကို မြို့ထဲမှာချထားပေးခဲ့တော့၊ မိတ္ထီလာချည်စက်ကို မြင်းလှည်းငှားပြီး ၄ယောက်သား သွားလိုက်ကြတာ၊အိမ်လိပ်စာလဲမသိ။ ချည်စက်ဝန်ထမ်းအိမ်ယာမှာ အန်တီအေးတို့အိမ်လို့မေးရင်ရတယ် ဆိုတဲ့ မောင်လေးပြောစကားကိုမှတ်ထားပြီးသွားကြတာပါ။ ရောက်လဲရောက်ရော သိပ်ကို ပျူငှာပြီးချစ်စရာ ကောင်းတဲ မိသားစု နဲ့ဆုံကြရတာမို့၊ နေခဲ့တဲ့ ၃/၄ရက်လောက်စိတ်ချမ်းသာရပါတယ်။ မိုးချုပ်မှရောက်သွားတာတောင် ရှိတာလေး နဲ့ချက်ပြုတ်ကျွေးမွေးလိုက်တာ၊မောင်လေးကိုလဲ သူတို့ ရဲ့သားလေးကိုစက်ဘီးနဲ့ပြေးခေါ်ခိုင်းလိုက်သေး။ တပ်နဲ့ကအတော်လှမ်းတယ်ဆိုတာ သိရတော့ ကလေးကိုစိတ်ပူလိုက်တာ။ ကျမတို့ရေမိုးချိုးပြီးလို့ ထမင်းစားပါဆိုတော့လေ စိန်စိန်အုံးနဲ့မိမာက ဆန်ကနီနီကြီးနော်၊ စားနိုင်မှာမဟုတ်ဘူးလို့ တီးတိုးပြောနေကြသေးတာ။ ဟင်းရွက်စုံဟင်းချိုလေး၊ ဝက်သားပြုတ်ထားတာလေးကို ခပ်ပါးပါးလေးတုံးပြီးငရုပ်သီးလေးနဲ့တစ်ခွက်၊စိမ်းစားငပိကြော်လေးနဲ့စားလိုက်ကြတာ၊ ဆန်နီနီကြီးဆိုတဲ့ နှစ်ယောက်ကတောင် ကောင်းလွန်းလို့ပါတဲ့။ မောင်လေးလဲရောက်ရော ကျမတို့စားလို့ ကျန်တဲ့ထမင်း ခဲလေးကို “သားစားဦးမယ်” ဆိုပြီး စားတော့တာပါဘဲ။ခု ဒီစာကိုရေးရင်းနဲ့တောင် သရေယိုမိသေးတယ်။

နောက်နေ့မနက် မောင်လေးကစျေးသွားဖို့အစောကြီးလာခေါ်တာနဲ့ စျေးတန်းလေးကိုလျှောက်ကြတာပေါ့။ “မမရေ အန်တီအေးတို့အိမ်ကို ဆန်လေးဝယ်ပေးပါနော်” တဲ့ ။ “သားကအမြဲစားတတ်တာ” လို့လဲပြောသေး။ မန်ကျည်းဖူးလေးတွေ အဆုပ်လိုက်လေးရောင်းကြတာချစ်စရာကောင်းသေးတော့။ ဆန်၊ဆီနဲ့ အမဲသား၊ ဟင်းသီးဟင်းရွက်စုံ အောင်ဝယ်ပြီး အိမ်ပြန်ရောက်တော့ အန်တီအေးက ဖိုးချိုကိုဆူလိုက်တာ။ မောင်လေးကိုချစ်ကြတယ်၊ သူကဖင်လဲပေါ့တယ်။ကြက်စာလဲ ကျွေးပေးလိုက်တာဘဲ၊ရေခပ်စရာရှိလဲကူခပ်ပေးလိုက်တာဘဲမို့။သူ့သားသ္မီးလေးတွေလိုဘဲ- တဲ့။ ကျမတို့ ၄ယောက်မိတ္ထီလာ ကနေ မုံရွာကိုဆက်သွားကြတာပေါ့။အင်မတန် ခြေရှည်ကြတာလေ။ မုံရွာလဲရောက်ရော မိမာက ပူလှချည်ရဲ့ ချက်ချင်းပြန် ပါ့မယ်ဆိုပြီး အော်ငိုတာ။ သူကနဲနဲမှ သီးမခံတတ်တာ။အလိုလိုက်ခံထားရတာမို့။ မုံရွာဘုရားဖူးပြီး မန္တလေး စိုက်ပျိုးရေး ကအန်ကယ် ဦးထင်ဇော်အိမ်ကိုပြန်လာကြတာ၊ ဟားဟား ကျောက်တော်ကြီးဘုရားပွဲနဲ့ တိုးနေလို့ ရွှေမန်းဇာတ်ရုံကို အန်ကယ်က သူ့သ္မီးလေး၂ယောက်နဲ့အတူလိုက်ပို့ပေးသေးတာ။ပွဲတော့မကြည့်ရပါဘူး။ ရွှေမန်းဝင်းမောင်တို့ ချမ်းချမ်းတို့ ဦးဆန်းတို့ကိုနှုတ်ဆက်ရုံဘဲ ဇာတ်ရုံကိုသွားခဲ့ကြတာပါ။ အန်ကယ်ကလေ အပြန်ရထားပေါ်မှာစားဖို့ ပေါင်မုန့်ကြော် ပေးသေးတာ။ အန်တီကဆိုရင်ချက်ပြုတ်ကျွေးမွေးတာများ၊အန်တီချက်ကျွေးတဲ့ ငါးပတ်မွှေကစားကောင်းလွန်းလို့ ခုချိန်ထိမမေ့ဘူး။(ငတ်ကြီးကျလိုက်တာလို့မပြောကြနဲ့နော်။အစားမက်တာပါ။) ပြောဘူးတယ်လေ။ တောင်ငူရောက်တော့၄ယောက်ကိုထမင်းတစ်ထုပ်ဘဲဝယ်စားဖို့ ပိုက်ဆံကျန်ပါတယ်- ဆို။ ဘူတာရောက်တော့ ကားငှားစီးပြီး အိမ်ကပိုက်ဆံတောင်းပြီး ကားခပေးခဲ့တဲ့အဖြစ်။

ဖိုးချိုလေးက သင်္ကြန်ပြီးစကထဲက တရှောင်ရှောင်နဲ့ နေမကောင်းဖြစ်လိုက်တာ၊ ဒီဇင်ဘာလဆန်းလောက်ရောက်တော့ ဆေးရုံတင်လိုက်ရတော့တာပါဘဲ။ ကျမရဲ့အလုပ်ရှင်ဦးမျိုးထွန်းနဲ့မသိုက်၊ ဦးဝင်းထင်နဲ့ မေပြုံးမြင့်၊ ညီမလေးမျိုးမျိုးတို့ ဝိုင်းဝန်းကူညီမှုနဲ့ ဂျပန်ဆေးရုံကိုတင်ဖြစ်တာပါ။ မောင်လေးက လုံးဝဆေးရုံမတက်ချင်ပါဘူး။ အိမ်မှာအမေတစ်ယောက်ထဲဖြစ်နေမှာစိုး ရိမ်ရှာတာပါ။ မောင်လေး စိတ်မပူနဲ့ -ဆိုပြီး၊ အမေ့ကိုအစ်မဝမ်းကွဲ ဒေါ်ခင်သန်းဆွေရဲ့အိမ်ကိုပို့ထားပြီး၊ ဝက်ပေါနဲ့ကျမကနေ့ရော ညပါဆေးရုံမှာနေကြတာပါ။ အမေ့မွေးစားသားတွေ ဖြစ်တဲ့ အောင်အောင်၊ တင်မျိုး၊ မျိုးဆင့်၊ အောင်ရဲထွဍ်လေးတို့ကလဲ ညရေးညတာ မမတို့နှစ်ယောက်ထဲ- ဆိုပြီးဆေးရုံလိုက် စောင့်ပေးကြပါတယ်။ ဆေးရုံပေါ်ရောက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ၊ တစ်ပါတ်လောက်ဘဲလို့ဆရာဝန်ကပြောလိုက်လို့ခံစားရတဲ့ ခံစားမှုမျိုးဟာလေ၊ ရင်ထဲက ကလီစာတွေဆွဲနှုတ်ခံလိုက်ရသလိုပါဘဲ။ ဒါပေမဲ့လို့ မလုပ်ကောင်းတာ၊လုပ်ကောင်းတာတွေ ဘေးချိတ်ပြီး၊ ဘယ်လိုစီစဥ်ရင် ဘယ်လောက်ကုန်ကျစရိတ်ဆိုတာမျိုးကစလို့ စုံစမ်းမေးမြန်းထားရတာပါ။ သူ့ခမြာလေ ဆေးတွေ၊ သွေးတွေကလဲသွင်းလိုက်ရတာ၊ အစာပိုက်ကို ဆွဲဖြုတ်မှာလဲစိုးရိမ်ရနဲ့ သောကတွေ။ ဝင်းမောင်လေးကမဆုံးခင်၃ရက်လောက်ကျတော့ ကော့သောင်ကရောက်လာလို့၊ သူတို့ညီအကိုတွေ့လိုက်ရပါသေးတယ်။ အဲ့ဒီတော့ အမေနဲ့ဝင်းမောင်ကို ငြိမ်းငြိမ်းတို့အိမ်ကိုပြောင်းပြီးနေခိုင်းရပြန်ပါရော။ အဲ့ဒီအချိန်လေးမှာဖိုးချိုလေးသတိပြန်ရလာလို့ အမေ့ကိုခေါ်ပေးခိုင်းရှာတယ်။ တူလေးထင်လင်းကျော်ကဆေးရုံက်ုလိုက်ပို့ပေးရှာလို့ အမေ့ကိုမောင်လေးကန်တော့လိုက်ရရှာပါသေးတယ်။ 23- 12-1998 နံနက် ၆နာရီမှာတော့ မောင်လေး ကျမတို့ကို အပြီးထားခဲ့ပါပြီ။ ဖိုးချိုလေးဆေးရုံတက်နေစဥ် ကူညီစောင့်ရှောက်ကြသူအားလုံး၊ ရပ်ကွက်ထဲက ရက်လည်တဲ့နေ့တိုင်အောင်မိသားစုသဖွယ်ဝိုင်းဝန်းကူညီသူအားလုံးကို မမေ့မလျော့ ကျေးဇူးတင်နေပါတယ်။ ဖိုးချို ရက်လည်ပြီး၊ နောက်တစ်နေ့မှာတော့ မောင်လေးဝင်းမောင် ကော့သောင်ကိုပြန်သွားရပါတယ်။ သူကလဲ ကျောက်ကပ်မကောင်းလို့ ရနောင်းဖက်မှာဆေးကုနေရတယ်ဆိုတာကို ဖုံးဖိပြီး၊ပြန်သွားရှာတာပါ။

ဖိုးချိုလေး ရက်လည်ပြီး၊ နောက်ရက်ဘဲညီအမနှစ်ယောက်လုံး အလုပ်ပြန်ဆင်းရတာဆိုတော့ အိမ်မှာ အမေတစ်ယောက်ထဲကျန်ခဲ့ရရှာတာပါ။

6-1- 1999 နေ့မှာ ဝင်းမောင်နေမကောင်းဘူး-လို့သူ့ယောက်ဖလေးကဖုံးဆက်လာတာပါ။ လောလောဆယ်တော့ ငိုဖို့ကလွဲလို့မစဥ်းစားမိပါဘူး။ တခါမှမရောက်ဘူးတဲ့အရပ်၊ လေယာဥ်လက်မှတ်ရဖို့ကလဲ ခက်ခဲနဲ့ ဘာကစပြီးလုပ် ရမှန်းကိုမသိတော့တာ။ နောက်တော့ ဝက်ပေါရုံးက သူ့မိတ်ဆွေရဲ့ယောကျ်ားကိုအကူအညီတောင်းရပါတော့တယ်။ ၁၈ရက်နေ့ညနေကျမှ ကိုဒေးဗစ်က လေဟာဥ်လက်မှတ်ရပြီဆိုလို့။ (တကယ်ကျေးဇူးတင်ရပါတယ်။) ၁၉ ရက်နေ့ ကွင်းချိန်းက နံနက်၅နာရီ-တဲ့။ ဒဂုံအိမ်ကနေ မိမာနေတဲ့ ကြည့်မြင်တိုင်၊ နိဗ္ဗာန်လမ်းအိမ်ကို အဝတ်အစားတွေ ကျွတ်ကျွတ်အိပ်နဲ့ ထည့်ပြီး အမြန်ပြေးရတော့တာပါဘဲ။ တစ်ယောက်ထဲ မိုးချုပ် တက္ကစီကလဲငှားမစီးရဲပါဘူး။ အဲ့ဒီတုန်းက ဒဂုံကနေ၊ကြည့်မြင်တိုင်ကို ကားနှစ်ဆင့်ပြောင်းစီးရပါတယ်။ ၁၉ရက်နေ့နံနက်၄နာရီမှာ မိမာနဲ့ သူ့ခင်ပွန်းမောင်သိန်းထိုက် တို့ကလေယာဥ်ကွင်းကို လိုက်ပို့ရှာကြတာ။ ကော့သောင်ကို၁၁နာရီလောက်ရောက်တော့ ကားသမားတွေကိုမေးရတာပေါ့။ ကံကောင်းတော့ မောင်လေးကိုသိတဲ့သူမို့ အိမ်ရှေ့အရောက်လိုက်ပို့ပေးရှာပါတယ်။ကျေးဇူးတင်လိုက်တာ။ ရုံးက ဦးဝင်းထင်စိတ်ပူလို့ပြောတဲ့ “ကော့သောင်ကိုမရောက်ဘူးဘဲနဲ့၊ မမိတော့ ရောင်းစားခံရတော့မှာဘဲ” ဆိုတာကိုလဲသတိရပြီး၊ကြောက်မိပါတယ်။

ကျမရောက်တော့လေ “အစ်မကဘာလို့လိုက်လာတာလဲ၊အိမ်မှာအမေနဲ့ဝက်ပေါနှစ်ယောက်ထဲရယ်” လို့ ဒရင်းဘက် ပေါ်ကထလာပြီး၊ အစ်မကိုကြိုရှာတယ်။ သူ့မိန်းမက “အဲ့ဒါ ဒေါ်မိလား၊မဝက်လား” လို့မေးတော့ ၊ သူက “ဒေါ်မိ ဟဲ့၊ ငါ့အစ်မအကြီးဆုံး၊ငါတို့အမေလိုဘဲ” လို့ပြောတာ။ “အစ်မချက်တဲ့ ငါးပြေမ အချဥ်ဆီပြန်လေးစား ချင်လိုက်တာ” လို့လဲပြောရှာတယ်။ (ကျမတို့မောင်နှမတွေကအလွန်သံယောဇဥ်ကြီးကြတာ။ သမုဒယတွေပေါ့။)

ကျမ ကော့သောင်ရောက်ပြီး၃ ရက်မြောက်နေ့မှာဘဲ၊ မောင်လေးဝင်းမောင်က ကျမတို့ကို ခွဲသွားပြန်တာပါဘဲ။ 22-1-1999 ည၉ နာရီတိတိပါ။ သူတို့ဆီမှာ ၅ရက်နဲ့ရက်လည်ပြီး၊၇ ရက်မြောက်နေ့မှာ လေယာဥ်လက်မှတ်ရလို့ ရန်ကုန်ကိုပြန်လာတော့ အမေ့ကို ဘယ်လိုပြန်ပြောရမလဲ-ဆိုတဲ့ အတွေး တသီကြီးနဲ့ ပြန်ခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက် တစ်လတိတိဘဲ ခြားပြီးထွက်သွားခဲ့ကြတာ။ ဝင်းမောင်ကို သင်္ဂြိုလ်တဲ့အေးရိပ်ငြိမ်သုသာန်က တောင်ပေါ်မှာ၊ ဘုန်းကြီးကျောင်းတွေ လဲရှိတော့လေ၊- – – – ဖိုးချိုလေးနေမကောင်းဖြစ်နေစဥ်က “ကိုကြီး(ဝင်းမောင်)ကိုတွေ့ချင်လိုက်တာလို့ပြောတော့၊ မောင်လေး ဘာလုပ်ချင်လို့လဲ- လို့မေးရတာပေါ့။ အဲ့ဒီတော့လေ မောင်လေးက “သားတို့ကိုဆရာတော်ကခေါ်နေပြီ၊တောင်ပေါ်မှာ ကိုကြီးကလမ်းမသိလို့ သားကပြောပြရမှာ”လို့ဆိုတာလေးကို ကျမငိုရင်းနဲ့ သတိတရ ခေါင်းထဲရောက်သွားမိပါတယ်။ ဘာမှန်းတော့ မသိပေမဲ့ သူတို့ညီအစ်ကိုက ပတ်သက်ဆက်နွယ်ဘူးတဲ့ အထုံရေစက်တွေများလား – လို့။ ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့အမေလေ ရူးမသွားတာကံကောင်း။တရားအလုပ်တွေလုပ်ထားလို့သာဖြေနိုင်ရှာတာ။သူတစ်ယောက်ထဲ နေ့လည်ဖက်အိမ်မှာကျန်ရစ်ခဲ့တဲ့အချိန် မျက်ရည်ကျရင် “ငါ၊ ဘယ်ဘဝက သားကိုလွမ်းလို့ ငို နေမိပါ လိမ့်” ဆိုပြီး ၊ဖြေရရှာတယ်တဲ့။

ဒီဘဝမှာဆုံခဲ့ရတဲ့မောင်လေးတွေအေးငြိမ်းရာဘုံဘဝရောက်ကြပါစေ။

ကိုယ့်မျက်စေ့ရှေ့မှာ၊ ကိုယ့်လက်ပေါ်မှာဆုံးသွားတဲ့ကလေးတွေအတွက်တောင် ၂၃နှစ်ကြာတဲ့အထိ ဝမ်းနည်းမဆုံး ၊ခံစားနေရတုန်းဆိုတော့၊ ဆုံးပြီလို့ဆိုလို့သာ သိလိုက်ရသူတွေ၊မမြင်လိုက်ရသူတွေအတွက်တော့ – – – – – –

သေသူကို ရှင်သူက “တ”နေရတာပါလား။

။မှတ်ချက်။ ။ ဒီစာရေးဖို့ကိုအတော်အားယူရပါတယ်။မနေ့က မရေးဖြစ်တာ နားလည်ပေးကြပါနော်။ ကျေးဇူးတင်ပါတယ်။

ဖိုးချို(သက်နိုင်) – – – ၃၃ နှစ်။

ဝင်းမောင်(ဝင်းအောင်) – – -၃၉ နှစ်။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s