Mi Aung

Memories of Mi Aung (30)

ရှင်သန်ခြင်း( ၄ )

သုံးပန်လှပန်းကလေးလို သုံးရောင်ပြောင်းလဲ ရှုချင်စဖွယ်လှနေသလို၊လူတွေဟာလဲ ဘယ်အချိန်မဆို တင့်တင့်တယ်တယ် ဖြစ်ကြရင် – – –

ဘဝတစ်ခုမှာဖြစ်ချင်တာမဖြစ်ကြရပေမဲ့၊ဖြစ်သင့်တာကိုတော့ဖြစ်အောင်လုပ်ကြရမှာပါ။ တွေးခဲ့တာနဲ့ ဖြစ်လာတာနဲ့ တသမတ်ထဲဖြစ်လာကြတဲ့သူတွေကတော့ ကံအကျိုးပေးကောင်းလှသူတွေပါဘဲ။ ငါတော့လေ ဘွဲ့ရပြီးရင်ဝန်ထမ်း အလုပ်နဲ့အရာရှိဖြစ်အောင်လုပ်မယ်။ တည်တည်ငြိမ်ငြိမ်လေးပေါ့။ဖြစ်ချင်တာနဲ့ ဖြစ်လာတာကတော့တခြားစီပါဘဲ။ အမေပြောတဲ့ “ရာဇပလ္လင် ဖင်မပါတာ” ဖြစ်မှာပါ။

ဝန်ထမ်းသက် ၁၀နှစ်မှာ အလုပ်ထွက်လာခဲ့ပြီးကထဲက တောက်လျောက်အလုပ်တွေလုပ်လာလိုက်တာ အသက်၇၀နားနီးမှဘဲ၊ ညီမတွေရဲ့ကျေးဇူးနဲ့ နားရတော့တာမို့၊ကျေးဇူးတင်လိုက်တာ။ ရှပ်အင်္ကျီ၁၀ထည်ချုပ်လို့ပြီးရင်၂၇ကျပ်ရတဲ့အလုပ်၊ (အမေကတော့စက်ချုပ်တဲ့အလုပ်ကိုအားမပေးပါဘူး၊ပင်ပမ်းလို့တဲ့။) ချည် ၁၀ပေါင်ထုတ် တစ်ထုပ်ကိုဖြူအောင်ချွတ်လျှော်၊ လှန်းပြီးခြောက်ရင် “ချား”ထဲမှာထည့်ပြီး အပ်ချည်လုံးဖြစ်အောင်ရစ်၊ ပြီးရင် ၅၀၀ကျပ် ရတဲ့အလုပ်မျိုးတွေလုပ်ခဲ့ဘူးတာ။ နောက်ပြီး ဝက်ပေါလေးက ရုံးမှာပလပ်စတစ်ကြိုးနဲ့ အိတ်တွေထိုးတဲ့အကြောင်းပြောရင်၊ ကျမကစပ်စပ်စုစု အိတ်ထိုးပြီးရောင်း ကြရအောင်ဆိုပြီး၊ကြိုးတွေ၊ လက်ကိုင်ကွင်းတွေဝယ်ပြီး စမ်းသပ်ကြတော့တာပါဘဲ။ ဖြစ်အောင်လုပ် ရင်ဖြစ်ပါတယ်။ ကြိုးတစ်ခွေကို စျေးဝယ်တဲ့အိတ်ထိုးရင်သုံးလုံးရပြီး၊ တွက်လိုက်ရင် ၆၀ကျပ်လောက်မြတ်တာ။ တစ်နေ့ကိုကြိုး ၃ခွေစာ လောက်ထိုးလို့ပြီးပါတယ်။ ဝက်ပေါလဲ ရုံးကပြန်ရောက်ရင် ကူရတာပေါ့။ (ဟီး ဟီး အိမ်မှာတော့ ပွရှုပ်နေ တော့တာပါဘဲ။) နောက်တဆင့်တက်တော့ သိမ်ကြီးစျေး”အီး” ရုံက သားရေ ချပ်တွေဝယ်၊ ငါးဖမ်းပိုက်ချည်နဲ့ တစ်ချောင်းထိုးထိုးပြီး၊ သားရေချပ်နဲ့ဆက်လို့၊ပိုက်ဆံအိတ်တွေထိုးရောင်း။ ဟန်ကိုကျလို့။ ဘာဘဲဖြစ်ဖြစ် ဌာနစိတ်မှူး တစ်လကို၃၂၀ကျပ် ရတာထက်တော့၊လူပင်ပမ်းတာကလွဲလို့အဆင်ပြေပါတယ်။ လှလှရွရွလေးမနေရတာကလွဲလို့ပေါ့။

ဒါကြောင့်မို ပညာတစ်ခုတတ်ထားရင်အသုံးချတတ်ဖို့ဘဲလိုတယ်ဆိုတာမှန်တာဘဲ။

နောက်တခါကျတော့ သတင်းစာမှာ ခနောင်ကျေးရွာတွဲဖက် အ ထ ကကျောင်းအတွက်ဆရာမလိုတယ်ဆိုလို့၊ လျှောက်လိုက် တာ ရပြန်ပါရော။ ပျော်ပျော်ပါးပါးပေါ့။ ရန်ကုန်နဲ့မဝေးလှပေမဲ့၊သွားရတဲ့ခရီးကတော့ခက်ခဲပါ့။ သီတာဆိပ်ကနေ သံလျင်ကို သီတာသင်္ဘောကြီးစီး၊ ကျောက်တန်းကိုကားနဲ့သွား၊ ကျောက်တန်းကနေခနောင်ကိုမော်တော်စီးရတာကရေလှည့်နဲ့မို့၊ မ်ကမနက်၉နာရီလောက်ထွက်ရင် ခနောင်ကိုမိုးချုပ်ခါနီးမှရောက်တော့တာ။ အိမ်နဲ့လဲတခါမှမခွဲဘူးတော့ ညကျရင် ငိုရတာအမော။ ဆရာမ ၅ယောက်ကို အိမ်တစ်လုံးငှားပေးထားတာမို့ လွတ်လပ်ပါတယ်။ ကျောင်းကခနောင်အရှေ့မှာပါ။ စရောက်တဲ့တစ်လလုံးလုံးရွာကအိမ်တွေကထမင်းကျွေးတာပါ။ ရွာကဆရာတော်ကြီးနဲ့ကျောင်းအုပ်ကြီးဦးအောင်ချိန်တို့ရဲ့စောင့်ရှောက်မှုကိုမမေ့သလို ကျေးဇူးလဲတင်ပါတယ်။

မတည်ငြိမ်လိုက်တဲ့ဘဝများလေ။ စာသွားသင်နေတုန်း ဖက်စပ်(၇)မှာလျှောက်ထားတဲ့အလုပ်ရလို့၊ ကျောင်းစာချုပ်အရ ပိုက်ဆံပြန်ရော်ပြီး၊ ၁၉လမ်းထိပ်မှာဖွင့်ထားတဲ့ ဖက်စပ်(၇)မှာ အလုပ်လုပ်ရပြန်ပါတယ်။ အဲ့ဒီတော့လဲ အလုပ်ကို ဟိုခုန်ဒီခုန်နဲ့ဆိုပြီး ရှုံ့ချတဲ့အကြည့်နဲ့ အပြစ်စကားသံတွေမြည်လာပြန်ပါရော။ လူဆိုတာ ကိုယ့်လုပ်ရပ်ကိုကြိုက်တဲ့၊ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကြည့်တဲ့သူက အကောင်းမြင်တတ်ပေမဲ့၊ ကိုယ့်ကိုမနှစ်မြို့တဲ့သူကတော့ အပြစ်မြင်တတ်ကြမှာပါ။ ဒါလဲသဘာဝပါဘဲလေ။

ဘယ်သူတွေဘာပြောပြော တကယ်တော့ ကိုယ့်ဝန် ကိုယ်ထမ်းကြရမှာပါ။

မှန်တာလုပ်၊ဟုတ်တာပြော၊ သူများကိုမထိခိုက်စေနဲ့ – – – – – ဘယ်လောက်အေးချမ်းလိုက်မလဲ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s