Mi Aung

Memories of Mi Aung (27)

ရှင်သန်ခြင်း(၁)

သတ္တိရှိပြီးဇွဲကောင်းတဲ့အမေကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာ၊ကြီးမြတ်တဲ့ကံကောင်းခြင်းပါ။ကြည့်မြင်တိုင်အိမ်ကိုရောင်းပြီးအမေတို့မောင်နှမ ၆ ယောက်အမွေခွဲတော့၊ကျမတို့နေစရာအိမ်ရှာရတာပေါ့။(“မိအောင်ရေ အိမ်လေးတစ်လုံးတော့ဖြစ်အောင်ဝယ်” လို့ပြောခဲ့တဲ့၊ ကျမတို့အစ်မဒေါ်မြမြဆင့်ရဲ့ခင်ပွန်း ဦးငွေလှိုင်ကို အမြဲကျေးဇူးတင်စွာနဲ့ကန်တော့ရပါတယ်။) ဒဂုံမြို့သစ်တည်ခါစ ယ္ခုလက်ရှိနေတဲ့အိမ်လေးကိုဝယ်တော့၊ဝေးလိုက်တာလို့ပြောကြပေမဲ့၊အမေကတော့ “သ္မီးတို့အဆင်ပြေရင်ပြီးရော”တဲ့။ ညီမလေးဝက်ပေါရဲ့အလုပ်က စိုက်ပျိုးရေးရုံးမှာဆိုတော့၊ဖယ်ရီရှိလို့အဆင်ပြေတယ်လေ။ အဲ့ဒီတုန်းက ညီအစ်မနှစ်ယောက် စာလဲလိုက်သင်နေသေးတာ။ (Home Tuition.) နိုဝင်ဘာလပြောင်းလာကြရတာမို့၊စာသင်လက်စတွေလဲ ဖျက်လို့မရပြန်ပါဘူး။ မောင်လေးဖိုးချိုနဲ့မိမာကသူ့အိမ်ထောင်နဲ့သူ ကြည့်မြင်တိုင်မှာကျန်ခဲ့တော့၊ အမေရယ်၊ဝက်ပေါ၊ မောင်လေးဝင်းမောင်နဲ့ ကျမရယ်ဘဲဒဂုံအိမ်ကိုပြောင်းလာကြရတာပါ။

မိတ်ဆွေကောင်း၊ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ရတဲ့ကံကလဲ မင်္ဂလာတစ်ပါးပါဘဲ။ စာသင်ရမည့်ကလေးအိမ်ကို နံနက်၇နာရီ အရောက်သွားရမှာမို့၊ မနက်ဝေလီဝေလင်း ၅နာရီတိတိအိမ်ကထွက်မှ ပထမဆုံးထွက်တဲ့ဘတ်(စ)ကားကိုမှီတာပါ။ ကျမတို့ညီအစ်မလက်နှိပ်ဓါတ်မီးတစ်လက်စီနဲ့ ကားမှတ်တိုင်ကိုသွားတဲ့အခါ အိမ်နဲ့ နဲနဲလှမ်းနေပြီဖြစ်တဲ့တံတားပေါ်ရောက်ရင် ကျမတို့နဲ့မျက်နှာချင်းဆိုင်က တုတ်တစ်ချောင်းကိုင်ထားတဲ့လယ်သမားကြီးတစ်ယောက် နဲ့ခွေးတစ်ကောင်တို့ကို အမြဲဆုံရပါတယ်။ ကိုင်းပင်တွေကလဲကျမအရပ်လောက်ရှိတာ။ တလမ်းလုံးမှာလဲ အိမ်လေး သုံးလေးလုံး ခြောက်တီးခြောက် ချက်ပေါ့။ ခုပြန်တွေးမိရင်တော့ကြောက်မိသား။

အမေကမနက်၄နာရီလောက်အိပ်ယာထ၊ထမင်းဂျိုင့်ထည့်ပေးသေးတာ။ စားသွားဖို့လဲထမင်းကြော်ပေးသေး။ သူ့ခမြာ ကောင်းကောင်းမချက်တတ်ပေမဲ့သားသ္မီးကိုစားစေချင်တဲ့စေတနာမို့ စားကောင်းပါတယ်။ လျှပ်စစ်မီးကလဲမရသေးပါဘူး။ မီးသွေးမီးဖို၊ထင်းမီးဖိုတို့နဲ့ချက်ကြရပါတယ်။ အမေကနားလေးတော့ အိုးတွေခွက်တွေကိုကိုင်ရင် အသံအရမ်းမြည်တာ။ ကျမကစဥ့်အိုးတန်းက ကလေး၂ယောက်ကိုစာသင်ပြီးမှ နုနုရဲ့တူလေး ပုံ့ပုံ့ကိုစာသွားသင်ရတာပါ။ ဝက်ပေါကတော့ သူ့အလုပ်ကိုဆက်သွားပြီး၊ (ဝက်ပေါက နုနုရဲ့သ္မီးဇေဇေနဲ့၊နုနုအကိုရဲ့သားကိုဖြိုးတို့ကိုစာသင်တာပါ။) ကျမကတော့နုနုတို့အိမ်မှာဘဲထမင်းစားပါတယ်။ မရွှေနုကကျမထမင်းဂျိုင့်ယူလာလို့ပူညံပူညံပြောတတ်ပါတယ်။ ဒါပေမဲ့ကျမရဲ့ဟင်းကိုသူကစား၊သူ့အိမ်ကဟင်းကိုကျမစားပေါ့။ အိမ်ကိုပြန်တော့ကျမကဘတ်(စ)ကားနဲ့ပြန်လာပြီး၊ ဝက်ပေါကတော့ရုံးကဖယ်ရီနဲ့ပြန်ရပါတယ်။ မောင်လေးဝင်းမောင်က တစ်လလောက်နေပြီး ကော့သောင်မှာအလုပ် လုပ်တာ။ ကျမတို့မိုးမလင်းခင်အိမ်ကထွက်ရင် အမေတစ်ယောက်ထဲနေခဲ့ရရှာတာ။ ဒါပေမဲ့ တစ်လမ်းလုံးမှအိမ်လေး ၆လုံးလောက်မှာ နေကြတဲ့သူတွေက အမေ့ကို အမြဲတစေ့တစောင်း ကြည့်ရှုစောင့်ရှောက်ကြပါတယ်။ (ကျေးဇူးတင်ထိုက်သူတွေပါ။)

ကျမတို့ညီအစ်မကအိမ်ကထွက်ခါနီးတိုင်း၊ “အမေ အိမ်ထဲမှာဘဲနေနော်၊ခြံထဲမဆင်းနဲ့”လို့အမြဲမှာခဲ့တာပါ။ သေချာတာကတော့ အမေ့ကိုသတိပေးလိုက်သလိုပါဘဲ။ တိတ်တိတ်လေးမြက်တွေထွက်ရှင်းတာ၊ ကျမတို့အိမ်ဧည့်သည်လာတာကအစ ကျမလမ်းထိပ်ရောက်တာနဲ့ ဆီးပြီးပြောကြတော့တာပါဘဲ။ အိမ်ရောက်လို့ “အမေဘာတွေလုပ်သလဲ” မေးရင်တော့ “အပျိုကြီးများပစိပစပ်ကိုများတယ်၊လျှာကိုရှေတယ်၊ ဘာမှမလုပ်ဘူး၊ဘယ့်နှယ်တော် အိမ်ထဲချည်းနေရင် ချိပြီးသေမှာပေါ့” လို့ ဆေါင့်ဆေါင့်အောင့်အောင့်နဲ့ပြန်ပြောတတ်တာ။ နောက်တော့စပ်ဖြဲဖြဲနဲ့ “အမေ့ကိုမပူနဲ့ ၊အမေကပါးပါတယ်အေ၊ ဝါးလုံးအရှည်ကြီးမှာဓါးကိုခိုင်ခိုင်ချည်ပြီးမှ၊ နင်လဲနင့်လမ်းနင်သွား၊ငါလဲငါ့အလုပ်ကိုငါလုပ်တာလို့ ပြောပြီးမှ မြက်ကိုရှင်းတာပါအေ” တဲ့။ အဲ့ဒါ အမေ့ရဲ့မြက်ရှင်းနည်းနိဿရည်း ပေါ့။ တကယ့်ရွှေဥာဏ်ရှင်ပါနော် ။အဲ့ဒီအချိန်က ဒဂုံက လယ်ကွင်းကြီးကိုမြေကွက်ဖေါ်ထားတာမို့ အကောင်ရှည်ကလဲ ပေါလွန်းလှပါတယ်။

နှစ်ထပ်အိမ်ဆိုပေမဲ့လဲ အောက်ထပ်ကအုတ်ပတ်ထားပြီး၊ အပေါ်ထပ်ကလျှာထိုးခင်း၊ပျဥ်ပြားကာပါ။ အောက်ထပ်က မြေကြီးပါဘဲ။ ပြူတင်းပေါက်တွေဆိုရင်တံခါးမတတ်နိုင်သေးလို့ ဝါးကပ်တွေနဲ့ချည်တုတ်ပြီးအသေပိတ်ထားရပါတယ်။ လူလိုသူလိုနေနိုင်ဖို့ကို အတော်ကြိုးစားခဲ့ကြရတာမို့ မစွဲလန်းပေမဲ့ အိမ်လေးကိုသံယောဇဥ်တော့ရှိသား။ ညနေ၆နာရီလောက်ဆို သားအမိတွေအိမ်ပေါ်ထပ်မှာဘုရားရှိခိုးပြီး အစောကြီးအိပ်ယာဝင်ကြရပါတယ်။ အမေ့အကြိုက်ပါဘဲ။တရားထိုင်ရတာအဆင်ပြေလို့ပါ။

စနေ၊တနင်္ဂနွေရုံးပိတ်ရက်တွေကြရင်တော့ ကျမတို့နဲ့တစ်ရပ်ကွက်လောက်ခြားတဲ့ ၈ရပ်ကွက်စျေးမှာ တစ်ပါတ်စာသွားဝယ်ကြရပါတယ်။ အသွားခြေကျင်၊အပြန်ဆိုက်ကားပေါ့။ ပစ္စည်းတွေမနိုင်လို့သာဆိုက်ကားစီးရတာ၊ ချိုင့်တွေကျင်းတွေနားရောက်ရင် ဆင်းပြီးလမ်းလျှောက်ရပြန်တာပါဘဲ။ တခါတလေတော့သင်္ကန်းကျွန်းစျေးကို ဆန်တို့၊မီးသွေးတို့ပါဝယ်ရတာ။ လေးထောင့်ကန်သွားတဲ့အမှတ်၅၂ ဒိုင်နာကားစီးပြီးပြန်ခဲ့ရတာ။ တပ်ရင်း ၃ ကားမှတ်တိုင်မှာဆင်းပြီး၊တပ်ရင်း၃ကျောင်းဘေးကနေ မီးရထားလမ်းကိုဖြတ်ပြီးမှ ကိုယ့်ရပ်ကွက်ထိပ်ကိုရောက်ရပါတယ်။ ညီအစ်မနှစ်ယောက်သား ဆန်၄ပြည်လောက်၊မီးသွေးလေးတစ်ပါတ်စာလောက်ကိုရွက်ပြီး၊ ဟင်းချက်စရာတွေကို ခြင်းတောင်းနဲ့ဆွဲပြီးအိမ်ပြန်ခဲ့ကြရတဲ့အဖြစ်မျိုးတွေမို့ မမေ့ပါဘူး။ တခါများ ညီအစ်မနှစ်ယောက် စပ်စပ်စုစု ၅၂ဒိုင်နာကားစီးပြီး၊ လေးထေါင့်ကန်စျေးကို စျေးဝယ်သွားလိုက်တာ အိမ်ကိုနေ့လည်၁နာရီလောက်မှပြန်ရောက်တာ။အမေလေ စိတ်တွေပူပြီး၊ ကျမတို့ကိုဆူလိုက်တာ။ (ဝက်ပေါတို့ရုံးက ဦးသိန်းမြင့်ဆိုရင်၊သူတို့ညီအစ်မ တစ်ပါတ်လောက်နေနိုင်ရင်ကံကောင်းဘဲ။ ပြန်ပြေးကြမှာလို့ ရုံးမှာပြောတာ။) ဟီးဟီး၊လေးထောင့်ကန်စျေးမှာဆန်လဲကောင်း၊စျေးလဲသက်သာတယ်ဆိုလို့။ ဥပုသ်နေု့စျေးပိတ်တာနဲ့လဲ တိုးနေပြန်သေး။~စျေးကပြန်ရောက်ရင်တော့ တောငါးလေးတွေကိုတံစို့လေးထိုးပြီးကင်၊ ပုစွန်လေးတွေကိုလှော်၊ဝက်သားကိုပြုတ်၊ ငါးကြော်။တစ်ပါတ်စာ ကြံဖန်ထားရတာ။ အသီးအရွက်တွေကိုတော့ သောက်ရေအိုး အဟောင်းထဲကိုထည့်ထားပြီးဖုံးထားရတာပါ။ ကျမတို့ရဲ့ ရေခဲသေတ္တာပေါ့။ နောက်ရက်တွေ သင့်သလိုချက်စားကြရပါတယ်။ အမေ ကဲပုံများတော့ လမ်းထွက်ချင်တာလေ။ အိမ်ရှေ့အိမ်၂အိမ်က ကလေးတွေကိုခေါ်ပြီး ၈ရပ်ကွက်စျေးမှာ ထင်းဝယ်သွား တယ်တဲ့။ ထင်းဆိုတာကလဲ သစ်တိုသစ်စတွေစုချည်ထားတာ၊ပျဥ်းကတိုးထင်းလို့ပြောတာဘဲ။ ရပ်ကွက်ထဲရောက်ဖို့က တံတားအကျိုးကြီးကိုဖြတ်ရတော့၊ ချောင်းတစ်ဖက်ကို ထင်းစီးကိုလမ်းပစ်လိုက်ပြီး၊လူကတံတားပေါ်ကလျှောက်လို့ ပစ်ထားတဲ့ထင်းတွေပြန်ကောက်ပြီးပြန်လာကြတာ။ ကလေးတွေနဲ့ပျော်နေတတ်တာပါ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပြီး၊ တွေ့တဲ့လူနဲ့တည့်အောင်ပေါင်း ဆိုသလို၊နေတတ်ရင်တော့ကျေနပ်စရာကြီးပါဘဲ လို့ ။

ကျမအတွေးနဲ့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အားကိုးပြီး၊ရုန်းကန်လှုပ်ရှားရတာလဲ မင်္ဂလာပါဘဲ။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s