Mi Aung

Memories of Mi Aung (25)

ပျော်ကြပါစေ

ဆိုင်းသံကြားရင်၊ မကတတ်လို့သာ ထပြီးမကတတ်ပေမဲ့၊ပွဲကြည့်ချင်တာထိန်းမနိုင်သိမ်းမရ။ ငယ်တုန်းကတော့ အမေကတစ်နှစ်ကို၂ချီလောက်တော့ သူကိုယ်တိုင်ဇာတ်ပွဲကိုလိုက်ပို့တတ်ပါတယ်။ အမေက ရွှေမန်းတင်မောင်ဇာတ်ပွဲကို
တစ်ချီ၊ မြို့တော်သိန်းအောင်ဇာတ်ပွဲကိုတစ်ချီ နှစ်တိုင်းလိုက်ပို့ပေးတတ်တယ်။ သူကမြို့တော်သိန်းအောင်ဇာတ်ထဲက လူရွှင်တော်ပေါစံနဲ့ ကြယ်နီကိုသိပ်သဘောကျတာ။ အိမ်ပြန်ရောက်ရင်ပြောပြောပြီးရယ်တတ်သေးတာ။ (အမေနဲ့ပွဲကြည့်ရင် ဖျာ၆ချပ်လောက်ဝယ်ထားပြီး၊စားစရာတွေလဲခြင်းနဲ့ထည့်၊ ခေါင်းအုံးတွေလဲထည့်ပြီးဘေးပတ်ပတ်လည်မှာချထားတတ်တာ။ သူ့ကလေးတွေကို ကိုယ့်နောက်ကလူတွေ စကြနောက်ကြမှာစိုးလို့တဲ့။ အမေကပွဲထဲရောက်ရင် ကျမတို့ကျောနောက်မှာအိပ်နေပြီး၊
နှစ်ပါးသွားကြမှ လူပျက်ပျက်တာထကြည့်တတ်တာ။ မှတ်သားစရာတွေပါတယ် လို့လဲပြောတတ်သေး။)

ကျမ၁၀တန်းလောက်ထင်ပါရဲ့။အိမ်ရှေ့အိမ်မှာနေကြတဲ့အမြိုင်(ဒေါ်ကျင်မြိုင်-ရတနာမြိုင်ကားပိုင်ရှင်)က ရွှေမန်းဇာတ်ပွဲကြည့်ဖို့လာခေါ်တာ။ သူတို့အိမ်မှာလဲ ကျမတို့ညီမတွေနဲ့ရွယ်တူမိန်းကလေး(အညို၊ဖြူဖြူဝင်း၊- – -)သ္မီးတွေရှိလို့လိုက်ပို့တာပါ။ သူတို့ကားကြီးနဲ့ ခရီးထွက်ကြရင်လဲ ဝက်ပေါ၊မိမာနဲ့ဖိုးချိုကလိုက်သွားနေကြစမြဲပါဘဲ။ အဲ့ဒီပွဲကြည့်ဖို့ကို လုံးဝမလိုက်ရ၊ တစ်ချက်လွတ်အမိန့်အပြင် ကျမနဲ့ဝက်ပေါကို ရိုက်တာမှလှေခါးမှာချောင်ပိတ်ပြီးတော့ပေါ့။ သတိရတိုင်းကို ထရိုက်တာ။ အမေ့ရဲ့”မူ”က “ဘယ်သူလာခေါ်ခေါ် ညည်းတို့ကမလိုက်ဘူးလို့ပြောရမယ်၊ အမေရေ လိုက်သွားရမလား လို့မေးရင်တော့ သေဖို့သာပြင်လို့” ပြောထားတာ။ တစ်သက်စာပါဘဲ။

ဒါပေမဲ့ ကျမလဲအလုပ်လုပ်နေပြီ၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အချိန်လဲရောက်ပြီဆိုတဲ့အချိန်ကျတော့ ညီအစ်မသုံးယောက် ရန်ကုန်မှာပွဲရှိတယ်ဆိုတဲ့အသံကြားတာနဲ့ ညစဥ်ကြည့်ကြတော့တာပါဘဲ။ အမေကတခါတရံဘဲ “ညည်းတို့မလွန်ဘူးလားအေ၊ကျန်းမာရေးထိခိုက်မယ်နော်”ဆိုတာမျိုးလောက်ဘဲပြောတတ်တော့တာ။

ဝက်ပေါနဲ့မိမာကတွတ်ထိုးပြီဆိုရင်တော့၊ ဖျာလက်မှတ်ဝယ်ဖို့ပါဘဲ။ ဇာတ်စင်ရဲ့အလယ်တည့်တည့် ရှေ့ဆုံးကရမှ သူတို့ကကြိုက်တာ။ ပြည်ထောင်စုပွဲများဆို ဖျာလက်မှတ်ကို ညစဥ်အတွက်ဝယ်ထားတတ်သေးတာပါ။ ညောင်လေးပင်က ကျမသူငယ်ချင်းစိန်စိန်အုံးကိုလဲလှမ်းခေါ်လိုက်ကြသေးတာ။ ဖျာတစ်ချပ်ကိုလေးယောက်ထိုင်ကြည့်ရတာအတော်ဘဲမို့။ သစ္စာမေတ္တာရွှေမန်းသဘင် ဇာတ်တစ်ခုဘဲကြည့်တာနော်။ ကျမက PICမှာအလုပ်ဝင်လုပ်နေပြီဆိုတော့၊ ကျမ ရုံးကနေအိမ်ကိုပြန်ရောက်တာနဲ့ကမန်းကတမ်းရေချိုးပြီး၊ ဇာတ်ပွဲရုံကိုသွားကြတော့တာပါဘဲ။ အဲ့ဒီတော့လဲအမေကပြုံးပြီး
သဘောကျနေတတ်တာ။ မနက်ဖက်ပွဲကြည့်ပြီးပြန်လာရင်တော့ မင်းသားတွေကြဲတဲ့ပန်းတွေအမေ့ကိုပေးလိုက်ရင် သူ့ခေါင်းမှာပန်လိုက်တာ။အမေက ပန်းကြိုက်တယ်။(အမေနဲ့များလမ်းသွားလို့ကတော့ ပန်းမြင်ရင် မနေနိုင်မထိုင်နိုင်ခူးတတ်လို့ အမြဲသတိထားရတာ။ပြည်သူ့ဥယျာဥ်လိုနေရာမျိုး၊မေမြို့ရုက္ခဗေဒဥယျာဥ်တို့လိုနေရာမျိုးတွေမှာပေါ့။)

တခါတလေ သံလမ်းမှာရွှေမန်း က တယ်ဆိုရင် နုနု (Mary Yie Sein) တို့သားအမိရယ်၊ မမွှေးတို့ညီအစ်မနဲ့ သူ့ဆိုင်ကကလေးမလေးတွေရယ်နဲ့အပြေးသွားပြီးကြည့်လိုက်ကြပါသေးတယ်။ ပျော်စရာအချိန်တွေမို့မမေ့ပါဘူး။ စိတ်ညစ်ရတဲ့အချိန်တွေကိုတော့ မေ့ထားပစ်လိုက်တာကောင်းပါတယ်။

ပွဲကြည့်တဲ့အကြောင်းလေးရေးတော့ တောင်းပန်ရမည့်သူငယ်ချင်းတစ်ယောက်ရှိပါသေးတယ်။သူက ကျမတို့ပွဲကြည့်မယ်ဆိုရင်သူ့ကိုတခါဘူးမျှ လိုက်ခဲ့ဖို့မခေါ်လို့ ဝမ်းနည်းတာ သူ့အမေကိုပြောပြီးတောင်ငိုရပါသေးဆိုလို့။ တကယ်တော့ သူကသူ့အိမ်ထောင်နဲ့ကလေးတွေနဲ့မို့၊ နင်ပွဲလိုက်ကြည့်ပါလားရယ်လို့ သတိလက်လွတ် မမေးခဲ့မိတာ ကျမအမှားပါ။ကိုယ်လဲပွဲကြည့်ပြီး မနက်အိမ်ပြန်ရောက်ရင်ခဏအိပ်၊ရေမိုးချိုးပြီးအလုပ်ကိုပြေးရသေးတာ။ သူကဘားလမ်းဆေးခန်းကအပြန် အိမ်ကိုလာတဲ့အချိန်က ကိုယ်နဲ့လွဲဆိုတာမျိုးတွေကြောင့်ပါ။
စိတ်မဆိုးပါနဲ့ မစိန်ရည် ၊ဆရာဝန်မသူငယ်ချင်းလေးရယ်။ (တရားဝင် လူသိရှင်ကြားတောင်းပန်တာနော်။)

ညကျရင်ပွဲသွားကြည့်ရဦးမှာမို့၊ အမေ မငြိုငြင်အောင်လဲ မျက်နှာလုပ်ကြရသေးတာ။ ပွဲကြည့်ပြီးပြန်လာရင် ဝက်ပေါလေးခမြာ ကြည့်မြင်တိုင်ကန္နားစျေးမှာ ဟင်းချက်စရာတခါထဲဝယ်၊ချက်ပြုတ်ပေး၊ခဏအိပ်ပြီးမှ ရုံးကိုသွားရတာ။ ဝက်ပေါက မြေအသုံးချရေးဓါတ်ခွဲခန်း၊စိုက်ပျိုးရေးမှာ အလုပ်ဝင်လုပ်နေပါပြီ။ အဲ့ဒီအချိန်က အမေစီးပွါးရေးမလုပ်တော့ပါဘူး။

ဝက်ပေါကပြည်ကိုအလုပ်ကိစ္စခရီးထွက်ရမှာမို့မိမာနဲ့သူငယ်ချင်းမခင်ဝင်းတို့ကိုခေါ်သွားတာ။ ပြည်မှာ ရွှေမန်းပွဲကနေတာ နဲ့ကြုံတော့၊ မိမာနဲ့မခင်ဝင်းကို ပွဲကြည့်ဖို့ထားခဲ့ပြီး၊ ဝက်ပေါကရန်ကုန်ပြန်လာရတာပါ။ ပြည်မှာ ကျမတို့ရဲ့အမေလိုနေတဲ့ ဒေါ်ခင်မြင့်အိမ်မှာထားခဲ့တာ။ ပြီးမှပြန်ခေါ်ရတာ။ အဲ့ဒီတင်မပြီးဘူး၊အိမ်ပြန်လာကြပြီး၊ ကဆုန်လပြည့် လယ်ဝေးဖေါင်တော်ချက် ဘုရားပွဲကို ခရီးဆက်ကြသေးတာ။ ညီမတွေအလွန်ကဲပါ့။ ကျမ မပါပါ။ အဲ့ဒါကအမေ့ကိုမပြောဘဲ ကျမကိုဘဲပြောပြီးသွားကြတာ၊ ခေါင်သူကြီးက ဒေါ်စိန်စိန်အုံး၊ ညောင်လေးပင်ကကျောင်းဆရာမ။

အမေသိပြီးတရားဝင်ခွင့်ပြုချက်နဲ့တော့ နောက်တစ်နှစ် ကဆုန်လပြည့်နေ့အမှီ လယ်ဝေးကိုသွားကြတာ။ လယ်ဝေးကဇာတ်ရုံကြီးကလဲကောင်းပါ့။ လယ်ဝေးကသူငယ်ချင်း မစန်း (လယ်ဝေးကကျောင်းဆရာမ) ကလဲ ဖျာလက်မှတ်ကို ကျမတို့ညီအစ်မတွေအကြိုက် ဝယ်ထားပေးရှာတာ၊ (၁၀ )ညတိုင်အောင်ပါဘဲ။ စိန်စိန်အုံးလဲပါသေး။ ညပွဲကြည့်ပြီးလို့များ၊ နေ့လည်နေ့ခင်းနားမယ်မရှိဘူး ရွာနီးချုပ်စပ်ကိုလှည်းနဲ့လည်သေးတာ။ အဲ့ဒါကတော့ ကိုဝင်းမောင်(ရွှေမန်း ဝင်းမောင်) ဆတ်ဆော့ချက်။ သူကစားစရာတွေလဲ လုပ်ကျွေးတတ်သေးတာ။ ကျေးဇူးတင်ပါတယ်သူငယ်ချင်း။

အမယ်လေး အပြန်ကျတော့ ကားပေါ်ရောက်ကထဲကအိပ်လိုက်ကြတာ၊ညောင်လေးပင်ရောက်မှ တရေးနိုးတော့တာ။ ပိုက်ဆံအိပ်ကိုလွယ်ပြီးကျောနောက်မှာထားပြီးအိပ်တာပါဘဲ။ အိပ်ယာနိုးတော့ပိုက်ဆံအိပ်က ခုံအောက်တောင်ကျနေလိုက်သေးတာ။ တော်တော်ကဲကြတာပါဘဲ။ အဲ့ဒီခေတ်အခါက ယုတ်မာရိုင်းစိုင်းကြသူတွေ မရှိလို့သာဘဲ။

ကျိုက္ခောက် ဘုရားပွဲ ဆိုလဲသွားကြတာပါဘဲ။ တပို့တွဲလပြည့်ထမနဲပွဲလေ။ မနက်ပြန်ရင်တော့ အမေ့ကို မျက်နှာလုပ်ဖို့ သနပ်ခါးတုံး ဝယ်ပြီးပြန်ခဲ့ကြရတာ။ ကျိုက္ခောက်ဘုရားပွဲမှာ သနပ်ခါးတုံးစပါယ်ရှယ်ရောင်းတာ။ ပြောရရင်တော့ ရန်ကုန်မှာပွဲကတဲ့ရာသီဆိုရင် ကျမရဲ့ညီမတွေက ဘယ်နေရာဖြစ်ဖြစ်သွားကြည့်ချင်ကြတာ။ သွားမကြည့်နဲ့ဆိုရင် မိမာနဲ့ဝက်ပေါကအလုံလို၊ စမ်းချောင်းပဒုမ္မာကွင်းလိုနေရာမျိုးဆိုရင်အိမ်ကနေ မနက်အစောကြီးထပြီး၊ နောက်ပိုင်းဇာတ်ကိုသွားကြည့်ကြတာ။ ပြောရရင်မမောစတမ်းပါဘဲ။ မန္တလေးကအပြန်ပိုက်ဆံပြတ်သွားလို့၊ရထားပေါ်မှာ ထမင်းတစ်ထုပ်ကိုဝယ်ပြီး ၄ ယောက်မျှစားခဲ့ရဘူးပါသေးတယ်။ ဒါပေမဲ့ ပျော်တာပါဘဲ။ စိတ်တွေညစ်၊နေရတာမပျော်၊ ဘာလုပ်လို့ဘာကိုင်ရမှန်းလဲမသိဆိုတော့ သူများကိုမထိခိုက်စေဘဲ ပျော်ခဲ့ဘူးတာလေးတွေကိုတွေးလို့ မျှဝေရင်း၊ တဒင်္ဂလေးပျော်ကြပါစေတော့ရယ်လို့ – – – – – -။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s