Mi Aung

Memories of Mi Aung (24)

တသသအလွမ်း

အပူအပင်ကင်းပြီး၊သောကဆိုတာဂျိုနဲ့လားလို့ဆိုပြီးပျော်ခဲ့ကြရတာတော့ ကလေးဘဝ၊ကျောင်းနေစဥ်ဘဝတွေပါဘဲ။ မိဘအစုံအလင်နဲ့ဆိုရင်တော့လဲ အတိုင်းထက်အလွန်ပေါ့လေ။မိစုံဘစုံနဲ့နေရတဲ့ကာလမှာ ငွေကြေးမပြည့်စုံလဲ နေလို့ပျော်ကြမှာအမှန်ပါ။

အဖေမရှိတော့လို့ အမေကဘယ်လိုဘဲပြည့်စုံအောင်ထားပေးပေမဲ့၊အလိုလိုနေရင်း စိတ်ကသိမ်ငယ်နေတာပါဘဲ။ ဒါပေမဲ့ လူငယ်သဘာဝမို့တခါတလေဝမ်းနည်းတာကိုအသာချထားလို့ ပျော်ခဲ့ဘူးကြမှာပါ။ ၁၀တန်းအောင်တော့ အဖေ့ကိုလွမ်းတာကတစ်ပိုင်း၊ပျော်တာကတစ်ပိုင်းပါဘဲ။ ကျမက၁၀တန်းကို၂ခါဖြေပြီးမှအောင်တာပါ။ ၁၀တန်းကျတဲ့နှစ်က သ္မီးကျောင်းမတက်တော့ဘူး၊အလုပ်ထွက်လုပ်တော့မယ်ဆိုတော့ အမေကစိတ်ဆိုးလိုက်တာ။ “အဖေမရှိလို့ ပညာမပြည့်စုံတာမလိုချင်ဘူး၊ဘွဲ့ရအောင်သင်ရမယ်”လို့တစ်ချက်လွတ်အမိန့်ပေးခဲ့တာ။ ဥာဏ်ကြီးပုံများ ၁၀တန်းအောင်ရင် အလုပ်ထွက်လုပ်မယ်လို့ ထပ်မပြောရအောင်တခါထဲ ပိတ်ပြီးပြောထားလိုက်တာပါ။

ကျမ တတိယနှစ်အရောက်မှာ ညီမအလတ်ဝက်ပေါက ၁၀ တန်းအောင်ပါတယ်။အဲ့ဒီနှစ်က ပထမနှစ်တွေ သမိုင်းကသဘာဝသိပ္ပံတက္ကသိုလ်မှာတက်ရပါတယ်။လက်တွေ့ခန်း(Practical)မဝင်ရတဲ့နေ့တွေကတော့ ဝက်ပေါတစ်ယောက်ကို Main ထဲမှာဘဲတွေ့ မှာ။ ပျော်ခဲ့ကြတာမမေ့နိုင်အောင်ပါဘဲ။ ပြန်တွေးရင်အပျော်မျက်နှာနဲ့ပြုံးမိနေတတ်တာ။ ကျမတို့ညီအစ်မက ဝက်ပေါကထောက်ပံ့ကြေး (Stipend) ရပြီး၊ကျမကကျောင်းလခကင်းလွတ်ခွင့် (Free Tuition) ပါ။ တကယ်တော့အဲ့ဒီအချိန်အခါကကျောင်းထားနိုင်လောက်တဲ့ ကြွယ်ဝမှု အမေ့မှာရှိပါတယ်။ မပြည့်စုံတာကတော့ အဖေမဲ့ခဲ့ခြင်း ပါဘဲ။ ထောက်ပံ့ကြေးပေးဖို့အတွက်လာပြီးစစ်တဲ့သမာသမတ်ရှိသောဆရာကြီး၊ဆရာမကြီးတွေကိုကျေးဇူးတင်စွာနဲ့အမြဲကန်တော့လျက်ပါ။

ကျမတို့တစ်နှစ်ထဲအောင်ခဲ့တာက ကျမနဲ့အေးအေးချိုက မေဂျာအတူ၊ ကြည်ကြည်ခင်ကစီးပွါးရေးတက္ကသိုလ် မအေးသန်းကရူပဗေဒ၊ကျောင်းသွားအတူ၊ကျောင်းပြန်အတူ ကြည့်မြင်တိုင်သူတွေ။နတ်စင်လမ်းက ကားမှတ်တိုင်မှာ၄ ယောက်ပေါင်းပေါ့။ ဝက်ပေါနဲ့တင်တင်လှကအတူအောင်လာပြန်ရော။နောက်ပြီး ဝက်ပေါတို့နဲ့တစ်ကျောင်းထဲထွက်လာတဲ့ ဝင်းနိုင်(သစ်တော)နဲ့သူငယ်ချင်းတွေကမင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်၊အင်သန်း၊မြင့်စိုး၊ညွန့်ဝေ။ ဒီအုပ်စုကြီးက သွားအတူ၊လာအတူ၊စားအတူဆိုတော့လဲ ဘယ်သူကပ်ဝံ့ပါမလဲ။~ကျမနဲ့မေဂျာအတူ အတန်းဖေါ်တွေကတော့ အေးအေးချို၊ညိုညိမြတ်(Susan Aung)အေးအေးဝင်းနဲ့ခင်ဆွေလဲ့တို့ပါ။ စတိုင်ပင်ထုတ်ရတဲ့နေ့တွေဆိုရင်တော့ အုပ်စုလိုက်ကြီး ဘွဲ့နှင်းသဘင်ခန်းမမှာထုတ်ကြရပါတယ်။

ဝက်ပေါ၊တင်တင်လှ၊ဝင်းနိုင်၊မြင့်စိုး၊အင်သန်း၊ညွန့်ဝေတို့ကစတိုင်ပင်ရကြတာဆိုတော့ အဲ့ဒီရက်တွေမှာ သူကျွေးမယ်ငါကျွေးမယ်နဲ့ အင်းယားကန်ဘေးက ဗူးသီးကြော်ဆိုင်ကို ကန်ထရိုက်ဆွဲထားကြတာ။ဆိုကြ ကကြ စားကြသောက်ကြနဲ့ပါ။ (ဝက်ပေါရဲ့သူငယ်ချင်းလဲကျမသူငယ်ချင်း၊ ကျမရဲ့သူငယ်ချင်းလဲဝက်ပေါသူငယ်ချင်းပါဘဲ။) တနေရာရာသွားဖို့များ ကျမတို့အတန်းတက်နေရင် အတန်းရှေ့မှာ ရစ်သီရစ်သီလာလုပ်နေတော့တာပါဘဲ။တခါများ ဆရာမကြီးဒေါ်ခင်စိန်(ကျားခင်စိန်) စာသင်နေတုန်း ဝင်းနိုင်ကိုအတန်းရှေ့မှာ ဘာလာလုပ်နေတာလဲထွက်မေးခံရတာ။ အဲ့ဒီတုန်းကကြောက်ပေမဲ့ နောက်ကျတော့ ပြောပြောပြီးရယ်ရတာ မျက်ရည်ကိုထွက်ရော။

ကျောင်းသားဘဝ ပိုက်ဆံမရှိကြတော့ဘူးဆိုရင်တော့ရေသောက်၊လမ်းလျှောက်ပေါ့။ ဝက်ပေါနဲ့တင်တင်လှဆိုရင်ပိုက်ဆံရှိလဲ မန္တလေးဆောင်နဲ့ကျမတို့သိပ္ပံဆောင်ကို တစ်နေ့ဘယ်နှစ်ခေါက်မှန်းမသိအောင် ကူးချည်သန်းချည်လုပ်နေကြတာ။ တနေ့တော့ သမတမှာ ရုပ်ရှင်သွားကြည့်ကြဖို့ကားငှါးစီးတာ အုပ်စုလိုက်ကြီး ညီညီညွတ်ညွတ်တက်ထိုင်လိုက်ကြတာ ကားထဲအကုန်ဆံ့သွားတာပါဘဲ။ရုပ်ရှင်ကြည့်ပြီး ဒန်ပေါက်ကလဲစားချင်ကြသေးအအေးကလဲသောက်ချင်သေး၊ ငွေတစ်ရာကျပ်ထဲနဲ့ အကုန်လုပ်လို့ရတဲ့ခေတ်။

ကျမတို့ထဲမှာတောသားမင်းအောင်မင်းက ဒန်ပေါက်မှကြိုက်တာ။ မင်းအောင်မင်း၊သန့်ဇင်၊ထွေးမြင့်နဲ့အင်သန်းတို့က နယ်ကနေကျောင်းလာတက်ကြတာမို့၊အိမ်ကပိုက်ဆံပို့တဲ့အချိန်မှာ ပိုက်ဆံသုံးနိုင်ပြီး၊ကျန်တဲ့အချိန်မှာတော့ ဆောရီးပါဘဲ။

ကျမတို့တွေက တနေ့လုံးကျောင်းမှာတွေ့ပြီးကြရင်လဲ၊ အိမ်ပြန်ရောက်လို့ထမင်းစားပြီးတာနဲ့ ဝေဠုဝန်မှာနေတဲ့မအေးသန်းနဲ့တင်တင်လှက မီးရထားလမ်းကိုကူးလာပြီး၊ ဌာနာလမ်းကကြညိကြည်ခင်ကိုခေါ်လို့ စကားဝါပင်လမ်းကကျမတို့အိမ်ကိုရောက်လာကြပြန်ရော။ လူကြီးတွေအမြင်မှာတော့ အရည်မရ၊ အဖတ်မရဘာတွေပြောနေကြမှန်းမသိဘူးလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ သူတို့ကိုကျမတို့ညီအစ်မကပြန်လိုက်ပို့ရင်း၊ တခါတလေများဓါတ်မီးတိုင်အောက်မှာ ရပ်ပြီးပြောကြသေးတာ။ ပိုက်ဆံလက်ထဲကိုင်လာမိရင်တော့လဲ ဌာနာလမ်းထိပ်က မနီရဲ့အအေးဆိုင်မှာ သံပုရာရည်လေးမှာသောက်ပြီး လေကန်ကြသေးတာပေါ့။ မိုးကြီးချုပ်လဲ သွားရလာရတာအန္တရာယ်ကင်းတာပါဘဲ။ ငြိမ်းချမ်းလှပါတယ်။

ဝင်းနိုင်ကတော့ ဒုတိယနှစ်မှာဘဲ အိမ်ထောင်ကျတာပါ။သူကစတိုင်ခပ်မိုက်မိုက်မို့ မိန်းကလေးတွေက သိပ်ကိုသဘောကျကြပါတယ်။မင်းသားပေါ့လေ။ မင်းအောင်မင်းကတော့ အပိုးသန်တာပေါ့။ ထွေးမြင့်ကတော့ညက်ညက်ကလေး။ ညွန့်ဝေကစွံတယ်။ မြင့်စိုးကလူရိုးကြီးပုံ။ အင်သန်းကတော့ကျမနဲ့မအေးသန်းတို့ကိုဘော်ဒီဂတ်လုပ်နေရလို့ သူ့ခမြာမိန်းမပိုးချိန်မရ။(ကျမတို့အလစ်မှာတော့မသိဘူးပေါ့) သန့်ဇင်ကတော့ ခပ်စောစောကထဲက နံပါတ်ချိတ်ထားတော့လှုပ်မရ။

အမေက သူငယ်ချင်းတွေဘယ်နှစ်ယောက်လာလာ မငြိုမငြင်ကျွေးတတ်တာ။တခါတလေများ အောင်မင်းတို့အုပ်စု ဝက်ဆီဖတ်ထုပ်လေးနဲ့ ကျမတို့ကျောင်းသွားနေတုန်းအိမ်ကိုရောက်လာရင် ကြက်သွန်နဲ့သုပ်ပြီးထမင်းကျွေးတတ်တာ။ ရေနွေးကြမ်းတစ်အိုးနဲ့ အိမ်ရှေ့ခန်းမှာဖျာခင်းလို့အိပ်လိုက်စားလိုက်နဲ့၊ညနေစောင်းမှ ပြန်ကြတာ။ အိမ်မှာချိတ်ထားတဲ့ငှက်ပျောသီးဖီးကြမ်းလေးတောင် ညစားဖို့သယ်သွားတတ်သေး။ “အဆောင်မှာနေတာ အစားဆင်းရဲတယ်သ္မီးတို့ရဲ့”လို့ အမေကပြောတတ်တာ။ (ဝက်ဆီဖတ် သတင်းစာစက္ကူလေးနဲ့ထုပ်လို့တမတ်ဖိုးဝယ်လို့ရတယ်။)

အသက်တွေကြီးလာကြပေမဲ့ ပြန်ဆုံကြတဲ့အခါမှာတော့ ငယ်ဘဝတွေကိုပြန်ပြောင်းပြောကြရင်းနဲ့ ငယ်တုန်းကလို သူတစ်ပေါက်ငါတစ်ပေါက်အပြိုင်လုပြောရတာပေါ့။ ညွန့်ဝေ၊တင်တင်လှ၊ထွေးမြင့်နဲ့မြင့်စိုးတို့ကတော့ မပြန်လာတော့မည့်အဝေးကိုထွက်သွားကြပြီ။ လူ့လောကြီးမှာရှိနေရက်နဲ့လုံးဝအစပျောက်မတွေ့ရတော့တာက မအေးသန်း။ ကျန်တဲ့သူငယ်ချင်းတို့ရေ အန္တရာယ်ကင်းကင်း၊ကျန်းကျန်းမာမာနဲ့ ပြန်ဆုံနိုင်ခွင့်လေးကို မျှော်လင့်စောင့်စားလျက်ပါ။

ညနေထမင်းစားရင်း အရေးကြီးတဲ့ပုဂ္ဂိုလ်မှကျန်နေခဲ့လို့ပါ။ ယောကျာ်းလေးသူငယ်ချင်းတွေအားလုံးက အ ထ က(၅)ကြည့်မြင်တိုင်ကလူတော်လေးတွေပါ။ “မြင့်ခင်”ဆိုတဲ့သူငယ်ချင်းRIT ကျောင်းသားလေးကိုမေ့ထားခဲ့ရင်စိတ်ကောက်တော့မှာ။ သူကကျမတို့ရဲ့ မတ်သူငယ်ချင်းလေးပါ။ ဘယ်အချိန်ကညီမဝမ်းကွဲ ရွှေပေါ (ခင်စန်းနုရဲ့ညီမအရင်း)ကို ပိုးပမ်းပြီး၊အရယူသွားနိုင်သူပါဘဲ။ နေ့မကူးခင်သတိရမိပေလို့ဘဲ၊နို့မို့ဆို ရွှေပေါလေးကို ဟောက်ဟိန်းနေတော့မှာ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s