Mi Aung

Memories of Mi Aung (22)

တာဝန်ကျေလွန်းသူ

အမေနဲ့ကတော့ မျက်နှာချင်းဆိုင်လို့ စကားသုံးခွန်းပြောရင် နှစ်ခွန်းမြောက်မှာမတည့်တော့ဘူး။အဲ့ဒါက သိတတ်တဲ့အရွယ်ကစပြီး၊ ယ္ခုအမေကွယ်လွန်တဲ့အချိန်အထိပါဘဲ။ ကျမတို့ညီအစ်မတွေနဲ့အမေက စိတ်သဘောချင်းမတိုက်ဆိုင်လို့ဖြစ်ပါလိမ့်မယ်။ စကားပြောမတည့်ကြလို့အချေအတင်ဖြစ်ရင်တော့ အမေက “ထပ်မပြောနဲ့၊ မိဘက ဝါးလုံးကြီးမြင်ရဲ့သားနဲ့ ဝါးခြမ်းလို့ပြောရင် ခြမ်းပစ်လိုက်ရမယ်” ဆိုပြီး၊အနိုင်နဲ့ပိုင်းတတ်တာ။ ဟီးဟီး၊မိဘ ပါဝါ အပြည့်သုံးလိုက်တာလေ။

ကျမတို့က အဖေကိုဘဲချစ်တဲ့ကလေးတွေလေ။ အဖေဆုံးတုန်းကများဆို” အဖေရေ၊သ္မီးတို့ဘယ်သူနဲ့နေရမလဲ “ဆိုပြီး၊ အော်ငိုလိုက်တာပါ။ တကယ်တွေးကြည့်တော့ အမေကသနားစရာကောင်းလှပါတယ်။ အဖေဆုံးတော့ သူ့ခမြာ သားသ္မီးတွေ မျက်နှာမငယ်ရအောင် အတော်ရုန်းကန်ခဲ့ရရှာတာပါ။ တွေးပြီးအမေ့ကိုအားနာမိတာ။

နောက်ပြီးတော့ ကြည့်မြင်တိုင်ကန္နားစျေး အဝတ်အထည်တန်းမှာဆိုင်လေးတစ်ဆိုင်ဝယ်လိုက်ပြီး၊ စျေးမှာဘဲအထည်ရောင်းမည်လို့အကြံနဲ့ထင်ပါရဲ့။ ဘာလို့ဆိုင်ဝယ်လိုက်ရတာလဲအမေလို့မေးတော့၊ “သ္မီးတို့နားမလည်သေးပါဘူး၊ဆိုင်တစ်ဆိုင်ရှိထားရင် ထမင်းစားဖို့မပူရဘူး” တဲ့။ ဒါပေမဲ့ ကုန်သည်တွေက အိမ်ကိုဘဲ ပစ္စည်းလာပို့၊လာရောင်းနေကြတာဆိုတော့၊အမေကဆိုင်ကိုမသွားနိုင်ပါဘူး။

ဝက်ပေါလေးကနေ့လည်မှကျောင်းတက်ရတာဆိုတော့၊မနက်စောစောဆိုင်ဖွင့်ရပါတယ်။ပြီးရင်စျေးထဲကိုလာဝယ်တဲ့သူတွေက ဘာပစ္စည်းလိုချင်တယ်ဆိုရင် စာရင်းယူထားပြီး၊အိမ်ကနေပို့ပေးရပါတယ်။ အဲ့ဒီအချိန် ကထဲက ဝက်ပေါလေးက လယ်လယ်ဝယ်ဝယ်ရောင်းတတ်၊ဝယ်တတ်၊တွက်ချက်တတ်နေပြီ။ကျမကတော့ မနက်ပိုင်းကျောင်းတက်ရတာမို့၊မနက် ၅နာရီ၊ ပြည်ရထားနဲ့ပါလာတဲ့ကုန်ပစ္စည်း တွေကိုစာရင်းမှတ်ထားပေး၊အထည်တွေလာယူမည့်သူအတွက် အထုပ်တွေနဲ့ပစ္စည်းစာရင်းလုပ်ပေးပြီးမှ ကျောင်းတက်ရပါတယ်။ညနေ ညီအစ်မနှစ်ယောက်ပိုက်ဆံသွားရှင်းကြရတာ။

( နေ့စဥ်အလုပ်တွေပါ။)

ပြည်ရထားဆိုလို့၊ ဒီလိုအချိန်ဆို အိမ်မှာ သြဇာသီးဝယ်မစားရပါဘူး။ မှော်ဇာက သြဇာသီးဆိုရှယ်ဘဲ။ ခြင်းတွေနဲ့ကိုပို့ပေးတာ။ ကျမတို့အိမ်ရဲ့ထပ်ခိုးပေါ်မှာ ဖြန့်ထားရတယ်။ ကျမတို့ညီအစ်မတွေက ရင်ကြပ်တတ်တော့ အမေကသိပ်မကျွေးပါဘူး။ တနေ့တော့ဝက်ပေါတစ်ယောက် အိမ်ပေါ်ထပ်ကို တိတ်တိတ်လေးတက်ပြီး သြဇာသီးကို အကြိုက်ထိုင်စားပစ်လိုက်တာ၊ချောင်းတွေ တအားဆိုး ချွဲတွေထွက်လို့ ရင်ကြပ်သက်သာသွားတယ်ဆိုဘဲ။ သူ့ဆေးနဲ့သူ ဟန်ကျလိုက်ပုံများ။

မောင်နှမတွေ အစားမက်တာများ ကျမတို့အမေကြီး(အမေ့ရဲ့အမေ)အမြဲပြောတတ်တာ “ဒီကလေးတွေက စားရလေ ငတ်လေ။ ဝါးရုံကုန်တို့၊ကျွေးမဝတို့ ” တဲ့လေ။ ဟုတ်လဲဟုတ်တာဘဲ။ဒူးရင်းသီးဝယ်ကျွေးရင်နှစ်လုံးလောက်ဘဲဆို နံ တောင်မဆွတ်ဘူး။ အမေက ဘယ်လိုလုပ်သလဲဆိုတော့၊– ကျမတို့အိမ်ရှေ့အိမ်က’ ရတနာမြိုင် ‘ဆိုတဲ့ဘတ်(စ)ကားကြီးထောင်ထားတယ အဲ့ဒီကားကြီးက ရန်ကုန်နဲ့မော်လမြိုင်သွားတဲ့ကားကြီး။ ဒူးရင်းသီးပေါ်ချိန်ဆို ကျိုက္ကော်ကဒူးရင်းသီးတွေတင်လာတာ၊ ကျမတို့လမ်းကိုညမိုးချုပ်ရင် ကားဆိုက်ပြီ။ ကားဝင်လာကထဲကဒူးရင်းသီးနံ့တွေ လှိုင်လို့၊ အိမ်ကကလေးတွေကလဲ ဒူးရင်းသီးစားဖို့ ရွစိ ရွစိ ဖြစ်နေကြပြီ။ ကျိုက္ကော်ကဒူးရင်းသီးသည်ဒေါ်စီက ယူကြဦးမလားလို့လှမ်းမေးတာတောင် မစောင့်နိုင်ဘူး။ အမေ့ခမြာမှာ အိမ်ကစကောတစ်ချပ်ယူပြီး ဒူးရင်းသီးသွားရွေးရတော့တာပါဘဲ။ ဝယ်လာပြီး မောင်နှမတွေကို “လာခဲ့၊တစ်ယောက်တစ်လုံးကြိုက်တာယူ၊ကိုယ့်ဒူးရင်းသီးကိုယ်စား၊စကားမများနဲ့” ဆိုပြီးကျွေးတော့တာပါဘဲ။ ကျမတို့ကတော့ ဘယ်လောက်ကျွေးကျွေး ရတနာမြိုင်ကားဆိုက်လာလို့ကတော့ အမေရေဒူးရင်းသီးစားမယ်လို့ ပူဆာကြတော့တာပါ။ မညည်းညူစတမ်း ဖြည့်ပေးတာလဲ အမေပါဘဲ။

ကျောင်းရက်ရှည်ပိတ်တာနဲ့ ခရီးသွားဖို့ စိုင်းပြင်တော့တာလဲအမေပါဘဲ။ သူ့ကလေးတွေကို အဖေမရှိလို့ သူများပြောတဲ့စကားကိုဘဲ အငေးသားနားထောင်နေရမှာစိုးရိမ်လို့ပါတဲ့။ အမေက မနှမြောတတ်ဘူး။ သူ့မှာအခြွေအရံကလဲပေါပါ့။ ခရီးသွားမယ်ဆိုရင် အမေ့ဆိုင်မှာ ကူညီညာလုပ်ပေးတဲ့ဦးလေးကိုလှစိန်(ကုန်သွယ်ရေးကဝန်ထမ်းတွေလျှော့လို့အလုပ်မရှိ)နဲ့သူမိန်းမ မလှဆင့်နဲ့ကလေးနှစ်ယောက်၊ ပုတီးကုန်းကဦးလေးကိုမူတူးတို့မိသားစုတို့တွေကိုပါခေါ်ပြီး ကားတစ်စီးငှားလို့ခရီးထွက်ကြတော့တာပါဘဲ။ (၁၉၇၀ခုနှစ်က အမေလိုက်ပို့လို့သာ ပုဂံကိုရောက်ဘူးလိုက်တာ၊ခုချိန်အထိ ကျမပုဂံကိုထပ်ပြီးမသွားဖြစ်သေးပါ။ အမေကသွားချင်တယ်ဆိုတာလဲ၊ ကိုဗစ်ကစလိုက်တော့ လိုက်မပို့လိုက်ရတာ အလွန်ဝမ်းနည်းမိပါတယ်။)

နောက်ပိုင်း အမေကဘယ်လောက်များအလှမ်းကျယ်လိုက်သလဲဆိုရင်၊ RTB စျေးမှာဆိုင်ခန်းတစ်ခန်း ဝယ်လိုက်ပြီး၊ အဲ့ဒီခေတ်က မှောင်ခိုလို့ခေါ်ကြတဲ့ တက်ထွန်ပိတ်စတွေရောင်းတဲ့ လက္ကားဆိုင်ဖွင့်လိုက်ပြန်ရော။ မနက်မိုးမလင်းခင် တောင်ဥက္ကလာပ( ၁၀ )ရပ်ကွက်စျေးမှာ ပစ္စည်းတွေစျေးဖြတ်ပြီး၊ RTB စျေးကိုကားနဲ့သယ်လာရတယ်။ မော်လမြိုင်ကသယ်လာတဲ့ကုန်သည်တွေကိုတော့ RTB စျေးဆိုင်ကိုရောက်မှငွေချေရပါတယ်။ (မော်လမြိုင်ကတက်ထွန်သယ်လာတဲသူတွေဆိုသိပ်သနားဖို့ကောင်းတာပါဘဲ။ ပိတ်စတွေကိုကိုယ်မှာပတ်ပြီး၊သရေကြိုးစည်းထားရသေးတယ်။ အဲ့ဒီအပေါ်ကမှအင်္ကျီထပ်ဝတ်ရတာ။ ပူကြရှာမှာ။ အမေကသူ့ဆိုင်မှာသောက်ရေအိုးကိုအမြဲသတိထားပြီးရေဖြည့်ပေးခိုင်းတတ်ပါတယ်။) အဲ့ဒီအချိန်ကျတော့ ကျမ တက္ကသိုလ်ရောက်ပါပြီ။ ဦးလေး ကိုလှစိန်ကိုတစ်လ၃၀၀ကျပ်ပေးပြီး ၊ဆိုင်မှာကူခိုင်းတာမို့ကျမတို့စျေးကိုမလိုက်ရတော့ပါဘူး။ အမေကလေ ပိတ်စသာရောင်းတာ၊ ကိုက်တံကိုင်ပြီးကိုက်မထိုးခဲ့ရဘူး။ သူ့မှာဝိုင်းဝန်းမည့်သူတွေအပြည့်။ အဲ့ဒီကာလကတော့ ပိုက်ဆံဆိုတာ အံဆွဲထဲကရတာလို့ဘဲ ထင်ခဲ့ကြရတာပါ။ အမေကသိပ်ဥာဏ်ကောင်းတာ။ ဒီနေ့ ပစ္စည်းဘယ်လောက်ဝင်တယ်၊ဘယ်စျေးနဲ့ဝယ်ပြီး၊ဘယ်စျေးနဲ့ရောင်းတယ်။အမြတ်ဘယ်လောက်ဆိုတာစိတ်တွက်တွက်ပြီးသား။ ညမိုးချုပ်ရင်တော့ ကျမကိုစာရင်းပြန်စစ်ခိုင်းတတ်ပါတယ်။ သူစိတ်နဲ့တွက်ထားတဲ့အဖြေနဲ့မကိုက်လို့ကတော့ အဲ့ဒီည ကောင်းကောင်းမအိပ်ရဘူး မှတ်ပေတော့။ ဒါပေမဲ့ ပိုက်ဆံဆိုတာ မျက်စေ့ပါတာမို့၊ သူ့ဖါသာတက်လာတတ်ပြီး၊ သူ့ဖါသာလဲပြန်ဆင်းသွားတတ်ကြပါတယ်လေ။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s