Mi Aung

Memories of Mi Aung (21)

လွမ်းမဆုံး

ကျမတို့ငယ်စဥ်က ကြည့်မြင်တိုင်ဘူတာရဲ့အုတ်နံရံကိုကျောကပ်ပြီးစျေးတန်းကြီးရှိခဲ့ဘူးတယ်။ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာပါ။ ဘူတာရုံရှေ့ကနေပန်းပင်ကြီးလမ်းထိပ်အထိကိုစျေးတန်းကြီးကရှည်မျောမျောနဲ့ ပဲလင်းမြွေသီးကြီးလိုဘဲ။ ညနေဖက်ညစျေးတန်းလျှောက်ရမယ်ဆိုအရမ်းပျော်ပေါ့။ သကြားပလာတာကတစ်မတ်၊ကီးမားပလာတာဆိုရင်ပြား၆၀၊စားကောင်းတာတော့ ခုတွေးရင် ခုစားချင်တယ်။ ကိုမုံလာဖါလူဒါ သောက်ရင်၆၅ပြားရယ်။အဲ့ဒီကိုမုံလာက ကျမတို့စကားဝါပင်အောက်လမ်းမှာနေတာ။ ခေါက်ဆွဲကြော်၊ကြာဇံကြော်ဆိုင်တွေလဲရှိတာပေါ့။ အစားသရဲမို့ စားသောက်ဆိုင်တွေဘဲညွှန်းနေမိတာ။ တကယ်တော့ စျေးသည်အစုံပါဘဲ။

ခေါက်ဆွဲကြော်၊ကြာဇံကြော်ကတော့ညစျေးတန်းကလွမ်းလောက်စရာမရှိလှပါဘူး။ကျမက အဖေ့ပုဆိုးစကိုဆွဲပြီး၊ အဖေဘယ်သွားသွားလိုက်နေကြဆိုတော့၊အဖေအရက်သွားသောက်လဲလိုက်တာဘဲ။ ပန်းပင်ကြီးလမ်းထိပ်က မအုန်းတို့ အနီတို့ မောင်နှမရဲ့ခေါက်ဆွဲကြော်ကမှမိုက်တာ။ အဖေအရက်သောက်ရင် ဘေးကနေအမြည်းလိုက်စားရတာကိုလဲသိပ်သဘောကျတာ။ အမေကအဖေ့နောက်ကိုလိုက်ဖို့ကျမကိုအမြဲထည့်တာ၊ကလေးပါရင်အရက်နဲနဲဘဲသောက်မှာမို့။ ကျမကအဖေ့ရဲ ဘော်ဒီဂတ်ပေါ့။ ဝက်ပေါ လမ်းလျှောက်တတ်တဲ့အရွယ်ရောက်တော့ အဖေ့ဘေးမှာညီအစ်မနှစ်ယောက်ဖြစ်သွားရော။

တနင်္ဂနွေနေ့ဆိုရင်အဖေကသူငယ်ချင်းတွေနဲ့ (ဦးလေးကိုစိန်ဝင်း၊ဦးလေးကိုစိန်ရွှေ) မြင်းပွဲသွားမှာမို့ ကလေးပါရင်သွားလို့မရအောင် အတင်းကိုလိုက်ခိုင်းတာဘဲ။ အဖေတို့များ ကလေးခေါ်ခွင့်မရှိတဲ့မြင်းပွဲထဲကို ကျမကိုပါရအောင်ခေါ်တာ။ အမေဆိုတာ” သြချပါရဲ့”လို့တောင်ပြောယူရပါတယ်။ ဦးလေးတို့က မြင်းပွဲသွားမယ်ဆိုရင်ဘယ်တော့မှအိမ်ကိုလာမခေါ်ဘူး။ လမ်းမှာဘဲချိန်းကြတာ။ ဦးလေးကိုစိန်ဝင်းကတော့အမေ့ကို “မခင်မေက အကုန်တော်တယ်၊မြင်းပွဲသွားခါနီးရင်အရမ်း ဂိတ်ဆိုးတာမို့ပါ “တဲ့။ အမေကလဲ အိမ်ကထွက်ခါနီးတာနဲ့ “ရှုံးပါစေတော် ” လို့အမြဲပြောတတ်တာကို။ အဲ့ဒီဦးလေးကိုစိန်ဝင်းက အမေနဲ့အဖေမင်္ဂလာဆောင်မယ်ဆိုတော့ငိုလိုက်တာ တဲ့။ အမေနဲ့ယူပြီးနောက်ပိုင်းမှာတောင် သူသိပ်မူးလို့အိမ်မပြန်တော့ရင်အဖေတို့အမေတိုတို့ခြင်ထောင်ထဲမှာဘဲအတူအိပ်တတ်တာ။ အမေမကြာခဏပြောပြတာပါ။ အဖေ့ကိုသိပ်ချစ်ရှာတာ။

(အဖေဆုံးပြီးတဲ့နောက်ပိုင်း ဦးလေးကကျောင်းပိတ်ရက်ဆိုတောင်ဥက္ကလာကနေကြည့်မြင်တိုင်ကိုစက်ဘီးစီးလာပြီး ကျမတို့ကိုပေါင်မုန့်လေးကစလို့မုန့်ဝယ်ကျွေးဖို့လာခဲ့ရှာတာ။) တွေးကြည့်တော့လဲ သမုဒယ တွေပေါ့လေ။

အော်၊ အတော်သစ္စာကြီးကြတဲ့ဆိုးတူကောင်းဖက် မိတ်ဆွေသူငယ်ချင်းတွေပါလားလို့၊အားကျမိတာပါဘဲ

ဘောလုံးပွဲလဲ ရွှေမိတို့ပါတာဘဲ။ ၁၂နှစ်၊၁၃နှစ်လောက်မှမလိုက်ရတော့တာ။ အဲ့ဒီအချိန်ကျတော့မောင်လေးဝင်းမောင် လိုက်ရတဲ့အလှည့်ပေါ့။

အဲ့ဒီလိုအဖေ ပျော်ပျော်ပါးပါးနေခဲ့ရတဲ့အချိန်က၁၉၆၂ခုနှစ်ရဲ့အရှေ့ပိုင်းပေါ့လေ။

အဖေတို့ညီအကိုတော် ဦးလေးတစ်ယောက်က ကျမကို”အရက်သမားသ္မီး”လို့အမြဲစတတ်တာ။ (ဘယ်သူဆိုပြီးနံမည်ထည့်မရေးတာ မမှတ်မိလို့မဟုတ်ပါ။) ကျမသိပ်မုန်းတာဘဲ။ ပြန်ပြီးတော့လဲရန်ဖြစ်တတ်သေးတာ။ ” ကျမအဖေ အရက်သောက်တာ သူ့ပိုက်ဆံနဲ့သူသောက်တာဘာဖြစ်လဲ၊ လူကြီးလူကောင်းလိုသောက်တာ” လို့ကိုပြန်ပြောပစ်လိုက်တာပေါ့။

အဖေက တကယ်ကိုလူကောင်းပါ။ မိန်းမကိုလဲအလိုလိုက်၊သားသ္မီးကိုလဲသိပ်ချစ်တတ်ပြီး လိမ္မာအောင်လဲဆုံးမတတ်တယ်။ အဖေကသားအငယ်ဆုံးသာဆိုတယ်၊ အမေ့ရဲ့ညီမတွေ မောင်တွေကိုလဲ စောင့်ရှောက်တာမှ အမေ့ထက်ပိုသေးတယ်။ ဒါကြောင့် ကျမရဲ့ဦးလေးတွေ အဒေါ်တွေကသိပ်ချစ်ကြတာ။ ကျမရဲ့ညီမဝမ်းကွဲ ခင်စန်းနုဆိုရင် “သ္မီးကဘဘအောင်ကြည်ကိုဘဲချစ်တာ၊ကြီးကြီးမေကိုမချစ်ဘူး”လို့အမြဲပြောတတ်ပါတယ်။ (အမေ အိပ်ယာထဲလဲပြီလို့ဆိုပြီး ခင်စန်းနုကိုဖုန်းဆက်တော့ သူက “အမရေ သ္မီးတို့ဘဘအောင်ကြည်ကိုဘဲချစ်တယ်လို့” ပြောခဲ့မိတာဆိုပြီး၊ ညီအစ်မနှစ်ယောက်ဖုန်းပြောရင်းငိုလိုက်ရတာလေ။) တနင်္ဂနွေလိုအားလပ်တဲ့နေ့တွေမှာအဖေ ဟင်းချက်လို့ကတော့ ကျမတို့ကလေးတွေ အဖေ့ဘေးမှာဝ်ိုင်းပြီး၊နောက်ကျောကဖက်ထားတဲ့လူနဲ့အဖေ့ဗိုက်ခေါက်ကိုဆွဲတဲ့လူနဲ့ မျက်စေ့ထဲမှာမြင်ယောင်နေစဲပါ။ အမေကတော့ “မျက်စေ့ကိုနောက်နေတာဘဲလို့” အမြဲပြောတတ်တာ။

‘လူချစ်လူခင်များလွန်းလို့ စောစော သေတာလားအဖေရယ် ‘လို့တောင်တွေးမိတာ။ ၁၉၆၂ခုနှစ်ရဲ့နောက်ပိုင်းမှာတော့ အဖေက ၂နှစ်နီးပါး အိမ်မှာဘဲနေခဲ့ရပြီး၊စားဝတ်နေရေးအတွက်ကိုတော့အမေက စတင်လှုပ်ရှားရတော့တာပါဘဲ။ အဲ့ဒီ နှစ်နှစ်ပြီးနောက်ပိုင်းမှာတော့၊အဖေဘဲစီးပွါးရေးကိုဇောက်ချလုပ်ကိုင်ခဲ့တော့တာပါ။ အောင်မြင်တဲ့အဖေပါဘဲ။ နိုင်ငံရေးအလုပ်ကိုခဝါချခဲ့တာတော့၊ ရခိုင်လေဘေးအတွက် ဘဘဦးနု (နိုင်ငံတော်ဝန်ကြီးချုပ်) ကငွေဖလားကြီးနဲ့အလှူခံထွက်တော့အဖေကပိုက်ဆံထွက်လှူတာပေါ့။ အဖေ့ကို” မောင်အောင်ကြည် မင်းလိမ္မာတော့” လို့ပြောခဲ့ ကထဲကပါဘဲ။

အဖေကအရမ်းကျန်းမာတာပါ။ တခါဆိုတခါဘူးမှကို ဖျားနာဖို့နေနေသာသာ နှာတောင်မစေးဘူးတာ။ အမေကသာ ချူချာတာ။ မဆုံးခင်တစ်နှစ်တော့ အန်လိုက်၊ဝမ်းသွားလိုက်နဲ့ “အထက်လှန်၊အောက်လျှော”ဝေဒနာ တခါဖြစ်ဘူးလိုက်ပါတယ်။ အမေ့ဦးလေး၊ အဖေ့သူငယ်ချင်းဘဘဦးချိန်အေးတို့အိမ်မှာ ဦးထုပ်ချုပ်တဲ့ ဦးလေးကိုမြင့်က ဗေဒင်နဲနဲပါးပါးတွက်တတ်တော့၊ ခုတော့စိတ်ပူစရာမလိုဘူး၊နောက်နှစ် ဒီအချိန်တော့သတိထားလို့ ပြောခဲ့ဘူးတာကို အမှတ်တမဲ့ဘဲနေခဲ့မိကြပါတယ်။

အဲ့ဒီခေတ်အခါက အရက်သောက်တဲ့သူတွေကိုစိတ္တဇဆေးရုံမှာ အရက်ဖြတ်ကြတာအတော်ကိုခေတ်စားတာပါလား။ အမေကလေ ဘယ်ကကြားလာတယ်မသိပါဘူး၊အဖေ့ကိုပူဆာတော့တာပါဘဲ။တကယ်တော့ အဖေက မသောက်ရမနေနိုင်တဲ့သူလဲ မဟုတ်တာအမှန်ပါ။ ဝါတွင်းတစ်တွင်းလုံးသတ်သတ်လွတ်စားပြီး၊ အရက် လုံးဝ (လုံးဝ)ကိုမသောက်ဘဲနေနိုင်တာ။ မိန်းမကိုချစ်တာများလေ၊ နယုန်လကွယ်နေ့ကျရင်ဆေးရုံမှာသွားပြီးအရက်ဖြတ်မယ်လို့ဂတိပေးလိုက်တာ။ အမေကတော့သိပ်ပျော်သွားတာပေါ့။ ကျမကသိတတ်တဲ့အရွယ်ရောက်နေပြီမို့ဆိုင်မှာမသောက်တော့ဘဲ၊ အဖေကအိမ်မှာ ထမင်းစားခါနီးပုံမှန်သောက်နေကျကို အမေကကြည့်လို့ကိုမရတာ။ ကျမတို့တတွေကတော့အဖေ့နားမှာဝိုင်းထိုင်ပြီးစားကြသောက်ကြနဲ့ပါဘဲ။အဖေကထမင်းဝိုင်းမှာသားသ္မီးတွေကိဆုံးမတတ်ပါသေးတယ်။ အဲ့ဒီတုန်းကအမေကပြောသေးတာ။ “ဒီရက်တွေ မှာ ရှင်ကြိုက်သလိုသောက်၊နယုန်လကွယ်နေ့ နောက်ဆုံးဘဲ” လို့၊ ပါးစပ်နမိတ်တွေများလား။ အဖိတ်နေ့ညနေကျတော့ သူငယ်ချင်းတွေကိုတိုက်ဖို့ ‘အနီနဲ့မအုန်းတို့ခေါက်ဆွဲဆိုင်’ကို သွားသောက်ကြပါတယ်။ ကျမတို့အဖေက နယုန်လကွယ်နေ့ အိပ်ယာကထ၊အိမ်ရှေ့ကတန်းလျားပေါ်မှာပြန်ပြီးလှဲနေပါတယ်။ ကျမကျောင်းသွားခါနီးနှုတ်ဆက်လို့တောင်မှ ကောင်းကောင်းသွားလို့လှမ်းပြောလိုက်ပါသေးတယ်။နောက်ပြီး ဝက်ပေါလေးကို အဖေအုန်းနို့ခေါက်ဆွဲစားမယ်၊ဝယ်ပေးလို့ပြောပြီး၊ အမေကတော့ဆေးရုံသွားဖို့ပြင်ဆင်နေတာပေါ့။ ဝက်ပေါလေးက အဖေရေစားမယ်လေ ထတော့လို့ပြောတော့၊အဖေကသူထလို့မရတော့ဘူးတဲ့။ ညီမလေးကလဲ အဖေမနောက်နဲ့ဆိုပြီးဆွဲထူတော့ လက်တစ်ဖက်မလို့ကိုမရတော့တာလို့ပြောပါတယ်။ (ဝက်ပေါရဲ့ကျောင်းနေ့လည်မှတက်ရတာ။) အမေ့ကိုအော်ခေါ်ပြီးကမန်းကတမ်းဆွဲထူတော့၊အဖေကိုလဲ မလို့မနိုင်နဲ့။ ဗမာဆရာက စုပ်တွေထိုးတာပေါ့လေ။ မနက်၆နာရီလောက်စဖြစ်တာ၉နာရီခွဲလောက်ကျတော့အဖေသတိလစ်သွားပြီ။ ညနေ၃နာရီလောက် လမ်းထဲကဆွေမျိုးလိုနေတဲ့ဆရာဝန်ဒေါက်တာမောင်မောင်လှကြိုင်ရောက်လာပြီး ရန်ကုန်ဆေးရုံကြီးကိုတင်လိုက်ပါတယ်။ လေဖြတ်တယ်လို့လူကြီးတွေကပြောကြတာပေါ့။ တကယ်တော့ သွေးတအားတိုးပြီးဦးနှောက်ကြောပြတ်သွားရတာပါ။ ခုခေတ်လိုဆေးကောင်းဝါးကောင်းတွေသာရှိရင်တော့၊ အဖေပြန်ကောင်းမှာ။ ညနေ၆နာရီ ၃၅မိနစ်မှာတော့ အဖေက အားလုံးကိုထားသွားခဲ့ပြီ။ (၁၉၆၈ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့။)

ခေါက်ဆွဲဆိုင်က မအုန်းကအဖေဆုံးတာကိုသတင်းမေးလာတော့မှ ဝက်ဆီဖတ်တွေတစ်ပန်းကန်ပြားကြီးစားတာ တဲ့။ အင်မတန် ဝက်သားကြိုက်တဲ့အဖေ ။ ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s