Mi Aung

Memories of Mi Aung (15)

ဝမ်းတစ်ထွာ

ကုန်သည်တွေနဲ့ နေ့တိုင်းပြည့်နေတတ်တဲ့ကျမတို့အိမ်။ ပြည်ခရိုင်ဖက်ကကုန်သည်က ၊မြိတ်၊ထားဝယ်ကကုန်ကိုဝယ်လို့ ပြည်ရထားကြီးစီးပြီးပြန်သူကပြန်၊ကားစင်းလုံးနဲ့လူစုပြီးပြန်သူကပြန်နဲ့၊ခေတ်အဆက်ဆက်ရှာဖွေစားသောက်ကြရတာ၊မမောနိုင်မပမ်းနိုင်ပါဘဲ။ အသက်ကြီးလာမှတွေးမိတာပါ။ ဘယ်လိုဘဲကျားခုတ်ကျားခဲလောဘမသတ်နိုင်ဘဲစီးပွါးရှာကြပေမဲ့လို့၊ ထမင်းစားတော့လဲတစ်နေ့ကိုအလွန်ဆုံးသုံးနပ်ပေါ့။ အချိန်တန်ရင်တော့အကုန်ထားခဲ့ပြီး လက်ဗလာနဲ့ပြန်ကြရမှာချည်းပါ။

ကျမကို ၆တန်းတက်မည့်နှစ်၊ကျောင်းမဖွင့်ခင်ကထဲက လုပ်ငန်းခွင်ထဲဝင်ခိုင်းတာ။ ကြီးကြီးကျယ်ကျယ်လို့ထင်ကောင်းထင်ကြမှာ။ အဲ့ဒီအချိန်က ကျမအရွယ်နဲ့တော့ကြီးကျယ်တဲ့အလုပ်လို့ယူဆမိလို့ပါ။ ကျမကမနက်စောစောအိပ်ယာထရတာမကြိုက်ပေမဲ့၊အဲ့ဒီတုန်းကမနက်၄နာရီခွဲလောက်ဆို၊နှိုးပြီးမျက်နှာသစ်ခိုင်းတာ။၅နာရီ ပြည်ရထားဆိုက်ရင် ပုတီးကုန်း၊ဇီးကုန်း၊ပေါင်းတည်အစရှိတဲ့ဆီက ကုန်သည်တွေက အိမ်ရှေ့မှာဆိုက်ကားတွေတန်းစီပြီးရောက်လာကြပါတယ်။ (ပြည်ရထားက ကြည့်မြင်တိုင်ဘူတာမှာရပ်တော့၊ဘူတာကနေ အိမ်ကိုဆိုက်ကားတွေနဲ့လာကြတာ။) သူတို့ဆီကပါလာတဲ့ပိတ်စတွေ၊ပုဆိုးကြမ်းတွေ၊ခြင်ထောင်ဇာတွေမှ စုံလို့ပါဘဲ။လူတစ်ဦးစီကပါလာတဲ့ပစ္စည်းစာရင်း၊ကျမကိုလုပ်ခိုင်းတာပါ။ပစ္စည်းစာရင်းတွေရပြီဆိုတာနဲ့ ချက်ချင်းပြန်ချင်တဲ့လူအတွက် ပိုက်ဆံတွက်ပြီးရှင်းပေးရတာ။ ညရထားနဲ့ပြန်မည့်သူကြတော့လဲအေးအေးဆေးဆေးတွက်ပြီးရှင်းပေးရတာပေါ့။ တွက်ပေးတာမှားသွားလို့ကတော့ အဖေဘယ်တော့မှမဆူပါဘူး။ **အလုပ်လုပ်တာဘဲမှားတတ်တယ်။မှားမှန်းသိရင် ပြင်လိမ့်မယ်**တဲ့။ ဟုတ်တာပေါ့လေ ကျမတို့စာသင်ရင်တောင် မှားသွားရင် အမှားပြင်ခြင်း (Correction) ဆိုပြီး၊ပြင်ခဲ့ကြရသေးတာဘဲလေ။ အမှားကိုပြင်ပြီး၊အမှန်ကိုလုပ်နိုင်မှလူတော်လို့အဖေပြောခဲ့ဘူးတာလေးကကျမတို့အတွက်တစ်သက်တာမှတ်သားစရာပါ။

မမေ့နိုင်တဲ့ရယ်စရာလေးတစ်ခုကတော့ ကျမတို့ဦးလေးအငယ်ဆုံး ဦးကိုရွှေ(ဦးမောင်ရွှေ)ကတက္ကသိုလ်ကျောင်းသား။ အမေတို့မောင်နှမ၆ယောက်မှာဦးကိုရွှေတစ်ယောက်ဘဲဘွဲ့ရတာ။သူ့ကိုစာရင်းတွက်ခိုင်းလိုက်တာ ဝယ်သူနဲ့ရောင်းသူရှေ့တင်စာရင်းတွက်ပေးပြီး၊အမြတ်ကဘယ်လောက်လို့ပြောလိုက်တော့၊စဥ်းစားသာကြည့်ကြပါတော့။ “ရောင်းသူတစ်မတ်၊ဝယ်သူတစ်ကျပ်”ဆိုပေမည့်လဲ၊လျို့ဝှက်သင့်တာ၊မသင့်တာကိုဝေဖန်တတ်ဖို့လဲ အရေးကြီးပါတယ်။

နောက်ပြီး ခုထိကျမတွေးလို့မရတဲ့ပုစ္ဆာတစ်ပုဒ်လဲရှိပါသေးတယ်။ အဲ့ဒီအချိန်က ကျမတို့ရောင်းဝယ်ဖေါက်ကားတဲ့ကုန်ပစ္စည်းတွေကို “မှောင်ခိုကုန်ပစ္စည်း”လို့​သတ်မှတ်တာ ဘဝင်မကျလို့ပါ။ တကယ်တော့ ကိုယ့်ငွေနဲ့ကိုယ် အရင်းအနှီးပြုလို့၊ အန္တရာယ်လဲမဖြစ်စေတဲ့ပစ္စည်းကိုရောင်းဝယ်ကြတာဟိုကြောက်ရ ဒီကြောက်ရနဲ့ ကျီးလန့်စာစား လုပ်ခဲ့ကြရတာမို့။ တစ်ခုခုတော့မှားနေပုံပါဘဲ။ အဲ့ဒီအချိန်ကပြည်ရထားနဲ့လာရတဲ့သူတွေခမြာ၊ဖမ်းမှာလဲကြောက်ရ၊မိုင်းထိမှာလဲကြောက်ရနဲ့သနားဖို့အလွန်ကောင်းပါတယ်။ ရထားကို အိမ်လုပ်ပြီးရှာဖွေစားသောက်ကြရတာ။အင်ဖက်လေးနဲ့ထမင်းထုပ်ပြီး၊ဂျိုင့်လေးထဲမှာလက်ဖက်သုပ်၊အမဲသားကြော်၊မန်းကျီးသီးစိမ်းထောင်း၊မျှင်ငပိကြော်။ဘဲဥ၊ကြက်ဥပြုတ်စသဖြင့် ထည့်လာကြပြီး၊စာရင်းအပ်ပြီးတာနဲ့စားကြရှာတာ။

ကျမတို့က ကလေးဆိုတော့ သူတို့စားတာကိုမြှော်တတ်တာ။ “လာ အပုလေး၊လာစားစမ်းပါ”လိုပြောတာနဲ့အားမနာတမ်း ဝင်စားကြတော့တာဘဲ။ သိပ်ပြီးစားလို့ကောင်းတာ။ခုတောင်စားချင်လာတယ်။ထမင်းကကောက်ညှင်းလေးလိုဘဲ၊အင်ဖက်နံ့သင်းသင်းလေးနဲ့။သူတို့အရပ်ကလူတွေက ကလေးကို “အပုလေး”လို့ခေါ်တတ်ကြတယ်။ဒါကြောင့်များကျမ ပုနေတာလားမသိဘူး။

အဖေကဥာဏ်အမြှော်အမြင်ကြီးစွာနဲ့ ကျမကို အမေ့အလုပ်တွေဝင်ပြီးကူညီတတ်အောင်သင်ပေးခဲ့လို့သာ၊အဖေဆုံးတော့အမေ့အတွက်အထောက်အကူတစ်ခုဖြစ်ခဲ့ရပါတယ်။အဲ့ဒီအတွက်လဲ ကျမဘဝမှာကျေနပ်စွာနဲ့ နေပျော်ခဲ့ရပါတယ်။ ဒါပေမဲ့လို့ ဖြစ်ချိန်တန်ဖြစ်၊ပျက်ချိန်တန်ပျက်ရတဲ့သဘောကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်တာအမှန်တရားပါ။

သတိလေးရှိရင်တော့ ခံသာတာပေါ့လေ။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s