Mi Aung

Memories of Mi Aung (14)

ပညာရှိအဖေ

ကျမတို့ရဲ့ ဘိုနံမည်တွေကိုမြန်မာနံမည်ပြောင်းကြတာ ၅တန်းရောက်တဲ့နှစ်မှာပါ။Pansy Nyiကမိမိအေးအေး၊ Sheilaကတိုးတိုးနဲ့ Dolly Sein ကတင့်တင့်စသဖြင့်ပေါ့လေ။ အဲ့ဒီသူငယ်ချင်းတွေထဲမှာမှ သိပ်ရိုးသားပြီးချစ်စရာကောင်းတဲ့”နော်ထီးစာ”ဆိုတာရှိသေးတယ်။ သူကလဲ မိမိခိုင်လို့နံမည်ပြောင်းလိုက်တယ်။ ကျမနဲ့မိမိအေးအေးတို့နံမည်နဲ့ဆင်တူချင်လို့တဲ့လေ။

နော်ထီးစာက ဂန့်ဂေါကနေ အဒေါ်အိမ်မှာနေပြီး၊ကျောင်းတက်ရတာ။သူ့အဒေါ်က နာစ်မကြီး၊စမ်းချောင်း၊အောင်သပြေလမ်းမှာနေကြတာ။နောက်တော့ရန်ကင်းကိုပြောင်းသွားကြပြီး၊၆တန်းရောက်တဲ့နှစ်မှာလုံးဝမတွေ့ရတော့ပါ။ သူ့ကိုခုချိန်ထိ မမေ့နိုင်သေးဘဲ၊ကျမခရီးသွားရင်သော်လည်းကောင်း၊ဂန့်ဂေါဖက်ကလူဆိုရင်သော်လည်းကောင်းအမြဲစုံစမ်းမိပါတယ်။ယ္ခုလိုfbသုံးတဲ့အခါကျတော့ နံမည်တူလေးတွေ့တိုင်းရှာမိပါရဲ့။ အမှတ်ရစရာလေးဖြစ်တဲ့သူနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးက နာဂစ်မှာပျက်စီးသွားရပါတယ်။ သိပ်ကိုဝမ်းနဲခဲ့ရပါတယ်။ တကယ်တော့အပြစ်ကင်းတဲ့ကလေးဘဝ၊ပျော်ခဲ့ရတဲ့ကလေးဘဝကို ပြန်တမ်းတမိနေတတ်တာမို့။

နောက်ပြီး” နောင်တ”နဲ့အမှတ်ရစရာအကြောင်းတစ်ခုကတော့ ရီးစားထားတယ်ဆိုတဲ့”အမဲစက်”ကြီးပါ။ တကယ်ဆိုရရင်တော့ ဘုမသိ၊ဘမသိနဲ့ဖြစ်ရတာ။” မိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာ”တာလို့တွေးထင်စရာတော့ဖြစ်ပါလိမ့်မယ်။ ကျမဆီကိုစာတစ်စောင်ရောက်လာတယ်။ဖတ်လို့အလွန်ကောင်းပါတယ်။ကျမလဲစာပြန်ရေးပါတယ်။စာတွေအစောင်စောင်ပေါ့။အိမ်ကိုအသွားအလာရှိတဲ့လူတစ်ယောက်ဆီကတဆင့်ပါ။ *သူငယ်ချင်းတစ်ယောက်ကိုပြောပြမိပါတယ်။

ဒီလိုစာတွေအသွားအလာလုပ်နေတယ်ဆိုတာ အဖေကစပြီးသိတော့၊ ကျမကောင်းကောင်းမှတ်မိပါသေးတယ်။ ကျမတို့အိမ်ရှေ့က အုန်းပင်ကြီးအောက်မှာအဖေက ပက်လက်ကုလားထိုင်ပေါ်ထိုင်လို့၊သူ့ဘေးမှာထိုင်ခိုင်းပြီး၊ “သ္မီးရေ ဘာလုပ်ချင်၊လုပ်ချင် အဖေ့ကိုပြော။ သ္မီးရဲ့ခေါင်းတစ်လုံးနဲ့စဥ်းစားတာထက်စာရင် အဖေနဲ့အတူခေါင်းနှစ်လုံးနဲ့စဥ်းစားရင်ပိုကောင်းတာပေါ့။ ရီးစားထားချင်ရင်တောင်အဖေ့ကိုပြော၊အဖေကူပြီးစဥ်းစားပေးမယ်။ သ္မီးအမေကိုမပြောနဲ့။” တဲ့။

တကယ်ပညာရှိတဲ့အဖေပါ။ကျမလဲရှက်တာလေ၊မြေကြီးထဲဝင်သွားရင်ကောင်းမှာဘဲလို့တောင်တွေးမိတယ်။ တစ်သက်စာကိုမှတ်သွားတာပါဘဲ။

အဖေသာ ဆူမယ်၊ရိုက်မယ်ဆိုရင်တော့ ကျမဘဝ တစ်မျိုးပြောင်းသွားလေမလား – – – -ကံကောင်းလို့သာပါ။

ခုထိ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်ဆုံးကတော့သူငယ်ချင်းကိုယုံစားမိခဲ့တာပါ။ ခုချိန်အထိ သူငယ်ချင်းတွေဆုံရင် “မိအောင်ကလေ ၅တန်းကထဲကရီးစားထားတာ၊ခုတော့သူဘဲယောကျာ်းမရသေးတာ” လို့ပြောတာ၊ စချင်နောက်ချင်တာလား၊အပုပ်ချချင်တာလားမသိပေမဲ့၊ကျမကတော့မှားခဲ့တာကိုနောင်တရလို့မဆုံးပါဘူး။{တကယ်တော့ ကျမနဲ့ သူ(ကျမရီးစားလို့အမည်တွင်သူ)နဲ့ကစကားတခွန်းလေးတောင်မပြောဘူးတဲ့”ဘုရားစူးရီးစားထား” ခဲ့ရခြင်းပါ။}

မိမိအတွင်းရေးကို ဘယ်သူ့ကိုမှယုံစားပြီး၊ကုန်စင်အောင် မပြောသင့်ဘူး ဆိုတဲ့သင်ခန်းစာလေးတော့ တစ်ဘဝစာ မှတ်သားမိပါရဲ့။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s