Mi Aung

Memories of Mi Aung (13)

စံ ထားထိုက်သူ

ငယ်ငယ်တုန်းက၊ စားခဲ့ရတဲ့ခေါက်ဆွဲသုတ်လေးကိုသတိရမိလို့ပါ။အော်၊ “ချင်”တွေကိုဖြတ်ပါမယ်ဆိုမှလေ။ ရသတဏှာလေးကဖြစ်လာရသေးတယ်။ကျောင်းပိတ်တဲ့နေ့တွေကျရင်ကျမနဲ့ညီမဝက်ပေါလေးတို့ကိုမနက်စောစော အဖေကလက်ဆွဲပြီးမုန့်လိုက်ဝယ်ကျွေးတာ။စောစောလဲလမ်းလျှောက်ရင်းပေါ့။စလင်းကျောင်းတိုက်ကြီးကိုဖြတ်ရင် ဖိနပ်ချွတ်ရမှာမို့ စလင်းဘောလုံးကွင်းကနေ ပန်းပင်ကြီးလမ်းအတိုင်းဆင်းလို့၊ ဗိုလ်သူရလမ်းနဲ့ဦးရွှေစိုးလမ်းဒေါင့်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲအစုံရောင်းတဲ့ဆိုင်မှာထိုင်စားကြတာ။ အဲ့ဒီအဒေါ်ကြီးရဲ့လက်ရာကိုမမေ့ဘူး။ကြက်သွန်ကြော်ဆီချက်ကိုနနွင်းလေးကဲပြီးချက်ထားတာ။ဂျုံခေါက်ဆွဲကို ကြက်သွန်နီ၊ပုစွန်ခြောက်မှုန့်၊ပဲမှုန့်၊ မန်ကျည်းမှည့်အချဥ်ရည်လေးနဲ့သုတ်ပေးတာ။ ကျမကငြုပ်ဆီတွေနဲ့စပ်ထားတဲ့အချဥ်ရည်ကိုမကြိုက်ဘူး။ဂေါ်ဖီတွေလှီးထည့်ရင်လဲမကြိုက်တတ်ဘူး။

ဟီးဟီး၊ကျမတို့သားအဖတွေပြန်ရောက်ရင်အမေအိပ်ယာကနိုးနေပြီ။မောင်လေးရဲ့ ရှူးပေါက်ထားတဲ့အဝတ်တွေကပုံလို့။ ကျမတို့သားအဖတွေကိုမျက်စောင်းကလဲထိုးလိုက်သေးတယ်။(မနက်အစောစာကို အပြင်မှာစားတာသူမကြိုက်ဘူး။ အိမ်မှာဘဲစားစေချင်တာ။ အမေတို့ငယ်ငယ်တုန်းက ကောက်ညှင်းထုပ် တစ်ထုပ်ကိုမောင်နှမနှစ်ယောက် တစ်ပိုင်းစီကျွေးတာ တဲ့။အမေ့ရဲ့အဖွါးဒေါ်နှင်းမြိုင်က ပိုက်ဆံချမ်းသာပြီး၊သိပ်ပြီးစည်းကမ်းကြီးတာ။) အနှီးတွေကအဖေဘဲအမြဲလျှော်ပေးတာ။သူ့မိန်းမကညဖက် ကလေး နို့တိုက်ရတာပင်ပမ်းလို့တဲ့။အဖေလိုလူမျိုးရှာမှရှားပါဘဲ။

ခုချိန်အထိ ကျမတို့မောင်နှမတွေ မနက်အစောကိုအိမ်မှာဘဲစားတတ်တာအကျင့်ဖြစ်နေပါတယ်။ ကြည့်မြင်တိုင်အိမ်မှာတုန်းကဆိုရင်၊ကျမတို့နောက်ဖက်အိမ်ကမုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲရောင်းတာပါ။ ဟင်းအိုးနံ့ထွက်လာတာနဲ့ “မိုးသကြားရေ မုန့်ဟင်းခါး ဗူးသီးကြော်နဲ့ ၂ ပွဲနော်”လို့မှာထားပြီး မနက်လင်းမှမုန့်ဟင်းခါးဂျိုင့်ယူပြီးမောင်နှမတွေ စားပွဲဝိုင်းကြီးချလို့ထမင်းနဲ့စားကြရတာ။ (မောင်နှမ ၅ ယောက်ကို တစ်ယောက်တစ်ပွဲဝယ်ကျွေးနိုင်တာပေါ့၊ဒါပေမဲ့လက်ရေတပြင်တည်းစားကြရအောင်၊မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက်ညှာတာတတ်ကြအောင်၊ကြင်ကြင်နာနာရှိကြရအောင်လို့ ပုံစံချပေးထားတာပါ။) ဒါကြောင့်အဖေက အမေ့ကို “ဥာဏ်ကြယ်လေး” လို့ခေါ်တာ။အတွေးအခေါ်မြင့်မားတဲ့အမေရဲ့ကျေးဇူးကြောင့် ခုချိန်အထိ လူရာဝင်တဲ့ အပေါင်းအသင့်ဆံ့တဲ့သူဖြစ်ရတာပါ။

အမေ အမြဲပြောတဲ့ ဆင်းရဲလဲပြောင်ပြောင်၊ချမ်းသာလဲပြောင်ပြောင်နေတတ်ရမယ်ဆိုတာသိပ်မှန်တဲ့စကားပါ။ အဖေဆုံးတော့ ကျမက ၈တန်းဘဲရှိသေးတာ။မောင်လေးဖိုးချိုကအခါလည်သာသာကျန်ခဲ့ပြီး၊ညီမလေး မိမာဆိုရင်ကျောင်းတောင်မနေရသေးပါဘူး။ ဒုတိယညီမနဲ့ မောင်လေးအကြီး ဝင်းမောင်ကကျောင်းတက်နေပါပြီ။ ဒီလူလားမမြောက်တဲ့ကလေး ၅ယောက်နဲ့အမေရုန်းကန်ခဲ့ရတာ၊စည်းစနစ်လေးရှိလို့ခံသာတာပါ။ အဖေဆုံးတော့ အမေအရွယ်ကောင်းပါ။ သားသ္မီးတွေကို ကြက်မကြီးကကြက်ကလေးတွေကိုစောင့်ရှောက်သလိုမျိုးစောင့်ရှောက်ပြီးပြုစုပျိုးထောင်ခဲ့ရှာတာမို့၊ ကျေးဇူးဆပ်လို့မကုန်နိုင်လောက်အောင်ပါဘဲ။ မုဆိုးမငယ်ငယ်၊ပိုက်ဆံအသင့်အတင့်ရှိ၊စီးပွါးလဲရှာတတ်တဲ့မိန်းမကို အမျိုးမျိုး “နှဲ့”ချင်တတ်တဲ့သူတွေလဲဒုနဲ့ဒေးပါဘဲ။ မယိုင်မလဲခိုင်မြဲတဲ့စိတ်ဓါတ်နဲ့ အနေအထိုင်တတ်တဲ့အမေမို့ကျမတို့မောင်နှမတွေအဖို့ တန်ဖိုးကြီးလှပါတယ်။

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s