Mi Aung

Memories of Mi Aung (12)

မမေ့တဲ့နိုင်

လျှော်ပြီးသားအဝတ်လေးတွေ ခေါက်ရင်းနဲ့ အင်္ကျီရင်စင်းလေးကိုလက်ကလေးနဲ့သပ်ပြီး၊ အကျအနခေါက်နေတာများကြည့်လို့ကောင်းလှတယ်။

အသေအချာလေးထပ်ထားပြီး၊မီးပူမတိုက်နိုင်ရင်လဲဒီအတိုင်းလေး ယူဝတ်လို့ရအောင်ကို လုပ်ထားတာ မျက်စေ့ထဲကမထွက်ဘူး။ ထမင်း ဟင်းကောင်းကောင်းမချက်တတ်ပေမဲ့ ကျန်တာတော့အတော်ကိုမိန်းမပီသတာ။ စီးပွါးရှာတာလဲသိပ်ဥာဏ်ပြေးတာ။အဲ့ဒါကျမတို့အမေ ဒေါ်ခင်မေ။

(သေသောသူ ကြာရင်မေ့ ဆိုတဲ့စကားကိုတော့ကျမလက်မခံနိုင်ပါဘူး။ နေ့စဥ် အကြောင်းအရာတခုခုတော့တိုက်ဆိုင်နေမှာမို့ အမြဲလိုအမှတ်ရနေမိတာ။အဖေဆုံးတာဆို ၅၃နှစ်နဲ့မောင်လေးနှစ်ယောက်ဆုံးတာ ၂၃နှစ်ရှိသွားပြီ။အမေကတော့ မနေ့တနေ့ကမို့၊သူတို့အားလုံးကိုအမြဲလိုသတိရနေရတာ။)

အကြောင်းတိုက်ဆိုင်လို့ငယ်ငယ်က အရိုက်ခံရတာပြေးမြင်မိပါသေးတယ်။ အဖေ့ရဲ့ တိုက်ပုံအင်္ကျီကို မီးကျွမ်းအောင်လုပ်ပစ်လိုက်တာ။အမေကလေစိတ်ဆိုးပြီးရိုက်တာများ တအားကိုကြောက်သွားတာ။အဲ့ဒီအချိန်က နောက်ထပ်တိုက်ပုံအင်္ကျီကောင်းကောင်းပြန်ချုပ်ပေးနိုင်ဖို့ ပိုက်ဆံအခက်အခဲရှိတာကို။ အဖေရုံးကပြန်ရောက်တော့”ငါ့သ္မီးကိုဒီမိထွေးမ အရမ်းရိုက်ရသလား” လို့ပြောတော့ ကလေးပီပီ အမေတော့အဆူခံရပြီဆိုပြီးပျော်လိုက်တာ။ ကျမ ၅တန်းနှစ်ကပေါ့။

ကျမတို့အိမ်မှာလျှပ်စစ်မီးမရှိသေးတော့၊ကြေးမီးပူနဲ့တိုက်ကြရတာ။ ထမင်းချက်လို့ကျန်တဲ့ထင်းမီးသွေးလေးကို (ကနစိုထင်းကိုဓါးနဲ့ခွဲ၊နေလှန်းပြီးထင်းနဲ့ထမင်းဟင်းချက်ရပါတယ်။မိုးရွာရင်လှန်းထားတဲ့ထင်းတွေပြန်ပြီးရုတ်ရသေး။) မီးပူထဲထည့်ပြီးမှ မီးသွေးလေးအပေါ်ကတင်လို့ ထင်းမီးခဲရဲ့အငွေ့ကုန်သွားအောင်ယပ်တောင်လေးနဲ့ခတ်ပေးရတာ။ အခန့်မသင့်လို့ထင်းကုလားများပါလာလို့ကတော့ ဗြောက်အိုးဖေါက်သလို မီးပွါးတွေလွင့်သေး။

အမေကမိန်းမဆိုပေမဲ့ ဒိုးဒိုးဒေါက်ဒေါက်ရိုက်ပစ်လိုက်တာ။ဗုဒ္ဓဟူးသ္မီးမို့ ရှူးဆို၊ဒိုင်းဘဲ။ စိတ်ပြေတာလဲမြန်ပါ့။ အဖေကတော့အေးဆေးထိုင်ပြီး နားဝင်အောင်ပြောတတ်တာ။နောက်ပြီးတော့မီးပူတိုက်ရင် ရှပ်အင်္ကျီဆိုဘယ်လိုတိုက်၊မိန်းမအင်္ကျီဆိုဘယ်လိုတိုက်ဆိုပြီးကျကျနနသင်ပေးတတ်ပါတယ်။ ကျေးဇူးကြီးလှတဲ့အဖေအမေတို့ဆီမှာလူဖြစ်ရတာ ကျမတို့အတွက်တော့တန်ဖိုးမဖြတ်နိုင်အောင်ပါဘဲ။

၅ တန်းတက်တဲ့နှစ်ကျတော့ရင်ဖုံးအင်္ကျီအဖြူနဲ့အပြာရောင်ပေါ်မှာစပ္ပါယ်ပွင့်လေးတွေထိုးထားတဲ့ထမီဝတ်ကြရပါတယ်။ အဖေကပေါ်ပလင်စအဖြူကိုကော်တင်ပြီးအကျအနမီးပူထိုးပေးထားပေးတဲ့အင်္ကျီကိုမှဝတ်ခိုင်းတာ။လက်ကိုင်ပုဝါလေးကိုလဲခါးကြားမှာထိုးပေးထားသေး။ စမတ်ကျမှအဖေကကြိုက်တာ။ ထမီပါးရင်ခံဝတ်ဖို့၊ ပိတ်ပါးလေးကိုအောက်ခံစကပ်ချုပ်ဖို့ကိုယ်တိုင်အပ်ပေးပြီးချုပ်စေခဲ့တာ။ အဲ့ဒါကျမတို့ရဲ့အဖေ ဦးအောင်ကြည် လို့ခေါ်ပါတယ်။

ခုချိန်အထိ လက်တွဲမဖြုတ်တန်း အမြဲလဲရန်ဖြစ်ရတဲ့သူငယ်ချင်းနဲ့စတွေ့တဲ့ ၅တန်းနှစ်။Tr.ဒေါ်ချိုချိုတင်ကအတန်းပိုင်ဆရာမပါ။ မစိန်ရည်၊ကြည်ကြည်အေး(Gay Khin Mg Aye), တင်တင်ဆွေ ခေါ် နုနု(Mary Yee Sein)တို့နဲ့စပြီးသူငယ်ချင်းဖြစ်ခဲ့ကြတာ။ နုနုကတော့ အတန်းမတူဘဲခင်ခဲ့ကြတာပါ။ကြည်ကြည်အေးနဲ့နုနုက ငယ်ကထဲကအေးအေးနေတတ်ပြီး၊ မစိန်ရည်ကတော့ ဂျစ်တစ်တစ် စွာတာတာ။ အတန်းထဲမှာသူက ကြည်ကြည်အေးနဲ့ကပ်ရက်၊ကျမနောက်တည့်တည့်မှာထိုင်တယ်။

တချိန်လုံးဖေါင်တိန်ကမှင်ကိုစါးပွဲပေါ်ခါချပြီးမှဖေါင်တိန်နစ်ကိုမှင်တို့ပြီးစာရေးတတ်တာ။(သူ့ဖေါင်တိန်ကအဖုံးရယ်၊ကိုယ်ထည်ရယ်၊ နစ်နားကအပိုင်းရယ်ကတစ်ရောင်စီ။ဟိုဖြုတ်ဒီတပ်လေ။)

ကျမကလဲအင်္ကျီကိုမှင်ပေးမှာစိုးလို့မကြာခဏနောက်ကိုလှည့်ကြည့်လေ၊သူကရွဲ့ပြီးမှင်ကိုခါလေနဲ့ သိပ်အမြင်ကတ်စရာကောင်းတာ။ နောက်ပြီး သူ့ခြေတံရှေနဲ့ ကျမထိုင်ခုံပေါ်ကိုလာပြီးလဲတင်တတ်ပါသေးတယ်။ ဘယ်လောက်ရိုက်ချင်စရာကောင်းလိုက်သလဲလို့။ ဒါပေမဲ့လဲခုချိန်အထိ တစ်ယောက်တနေရာစီနေသော်လည်း ချစ်လျက်ခင်လျက် ရန်ဖြစ်နေကြလျက်ပါဘဲ။

တွေးကြည့်လိုက်တော့ မနေ့တနေ့ကဖြစ်နေသလိုမို့ – “အော် ၊ ဘဝတိုတိုလေးမှာကြုံရတွေ့ရတာတွေကများလှချည့်။ရယ်လိုက် ငိုလိုက်နဲ့”ဘဝ”ကိုအဆုံးသတ်လိုက်လို့မဖြစ်ဘူး။

ကျမတို့ မသိခဲ့တဲ့အဝိဇ္ဇာတွေကြောင့်ဖြစ်နေရတဲ့လောဘ၊ဒေါသ၊မာနတွေခွါချပြီး၊သံသရာအတွက် ကုသိုလ်ထုပ်ကို ပါအောင်ယူကြမှ ဖြစ်တော့မယ်။”

Categories: Mi Aung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s