Month: August 2021

Memories of Mi Aung (12)

မမေ့တဲ့နိုင် လျှော်ပြီးသားအဝတ်လေးတွေ ခေါက်ရင်းနဲ့ အင်္ကျီရင်စင်းလေးကိုလက်ကလေးနဲ့သပ်ပြီး၊ အကျအနခေါက်နေတာများကြည့်လို့ကောင်းလှတယ်။ အသေအချာလေးထပ်ထားပြီး၊မီးပူမတိုက်နိုင်ရင်လဲဒီအတိုင်းလေး ယူဝတ်လို့ရအောင်ကို လုပ်ထားတာ မျက်စေ့ထဲကမထွက်ဘူး။ ထမင်း ဟင်းကောင်းကောင်းမချက်တတ်ပေမဲ့ ကျန်တာတော့အတော်ကိုမိန်းမပီသတာ။ စီးပွါးရှာတာလဲသိပ်ဥာဏ်ပြေးတာ။အဲ့ဒါကျမတို့အမေ ဒေါ်ခင်မေ။ (သေသောသူ ကြာရင်မေ့ ဆိုတဲ့စကားကိုတော့ကျမလက်မခံနိုင်ပါဘူး။ နေ့စဥ် အကြောင်းအရာတခုခုတော့တိုက်ဆိုင်နေမှာမို့ အမြဲလိုအမှတ်ရနေမိတာ။အဖေဆုံးတာဆို ၅၃နှစ်နဲ့မောင်လေးနှစ်ယောက်ဆုံးတာ ၂၃နှစ်ရှိသွားပြီ။အမေကတော့ မနေ့တနေ့ကမို့၊သူတို့အားလုံးကိုအမြဲလိုသတိရနေရတာ။) အကြောင်းတိုက်ဆိုင်လို့ငယ်ငယ်က အရိုက်ခံရတာပြေးမြင်မိပါသေးတယ်။ အဖေ့ရဲ့ တိုက်ပုံအင်္ကျီကို မီးကျွမ်းအောင်လုပ်ပစ်လိုက်တာ။အမေကလေစိတ်ဆိုးပြီးရိုက်တာများ တအားကိုကြောက်သွားတာ။အဲ့ဒီအချိန်က နောက်ထပ်တိုက်ပုံအင်္ကျီကောင်းကောင်းပြန်ချုပ်ပေးနိုင်ဖို့ ပိုက်ဆံအခက်အခဲရှိတာကို။ အဖေရုံးကပြန်ရောက်တော့”ငါ့သ္မီးကိုဒီမိထွေးမ အရမ်းရိုက်ရသလား” လို့ပြောတော့ ကလေးပီပီ အမေတော့အဆူခံရပြီဆိုပြီးပျော်လိုက်တာ။ ကျမ ၅တန်းနှစ်ကပေါ့။ ကျမတို့အိမ်မှာလျှပ်စစ်မီးမရှိသေးတော့၊ကြေးမီးပူနဲ့တိုက်ကြရတာ။ ထမင်းချက်လို့ကျန်တဲ့ထင်းမီးသွေးလေးကို (ကနစိုထင်းကိုဓါးနဲ့ခွဲ၊နေလှန်းပြီးထင်းနဲ့ထမင်းဟင်းချက်ရပါတယ်။မိုးရွာရင်လှန်းထားတဲ့ထင်းတွေပြန်ပြီးရုတ်ရသေး။) မီးပူထဲထည့်ပြီးမှ မီးသွေးလေးအပေါ်ကတင်လို့ ထင်းမီးခဲရဲ့အငွေ့ကုန်သွားအောင်ယပ်တောင်လေးနဲ့ခတ်ပေးရတာ။ အခန့်မသင့်လို့ထင်းကုလားများပါလာလို့ကတော့ ဗြောက်အိုးဖေါက်သလို မီးပွါးတွေလွင့်သေး။ အမေကမိန်းမဆိုပေမဲ့ […]

Memories of Mi Aung (11)

ကျေးဇူးရှင် ဒီမနက် ဝက်သားဟင်းချက်မလို့ အသားလှီးရင်းအဖေ့ကိုလွမ်းမိသွားတယ်။ ကောင်းတာလေးမှကျွေးချင်တတ်တာ၊ကိုယ်တိုင်လဲကောင်းအောင်ချက်တတ်တာ၊တွေးလိုက်မိရင်း ပြုံးမိပါတယ်။ ဝက်သားလေးလှီးရင်တစ်တုံးချင်း နေရောင်မှာထောင်ကြည့်ပြီး၊ “အသားတုံးကညီညီလေးလှီးမှ နူးတာညီတာသ္မီးရဲ့”လို့ပြောပြတတ်တာ။ နောက်ပြီး သူချက်နေတဲ့ဘေးမှာထိုင်ခိုင်းထားပြီး ကြည့်နေခိုင်းတာ။ ဘာတစ်ခုလေးမှ ကူပြီးလုပ်မပေးရဘူး။ချက်တာပြုတ်တာကို မျက်စေ့ရည်ဝအောင်လို့တဲ့။ ခုမှတွေးပြီး တကယ်ကျေးဇူးတင်နေရတာပါ။ အမေဝက်သားချဥ်ဟင်းချက်သလိုဖြစ်မှာစိုးလို့ထင်ပါရဲ့။ ကျမ ၈တန်းရောက်တဲ့နှစ်မှာအဖေဆုံးသွားတာဆိုတော့၊စာမေးပွဲကြီးဖြေတဲ့အချိန်လဲရောက်ရော ကျမအဖေ့ကိုပိုပိုပြီးသတိရစရာဖြစ်လာတာပါ။ (ကျမတို့က အထက’ ၁’စမ်းချောင်းမှာဖြေရတယ်။မနက်ပိုင်းတစ်ဘာသာ၊ညနေပိုင်းတစ်ဘာသာဖြေရတာ၊ အမေကသူ့စီးပွါးရေးတဖက်နဲ့မို့ ကျမတို့အိမ်ရှေ့အိမ်က ကြီးကြီးဒေါ်ခင်လှ(ကျောင်းဆရာမ၊သခင်မကြီး)ထမင်းလာပို့ပါတယ်။ ကျေးဇူးတင်ထိုက်သူတစ်ဦးပါ။ ထမင်းဘူးလေးဖွင့်လိုက်တာနဲ့ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရတာပါဘဲ၊(အဖေသာရှိရင်ဆိုပြီးတော့ပေါ့။) ထမင်းပျော့ပျော့ကို့ပြည့်သိပ်အောင်ထည့်ထားပြီး ဘဲဥပြုတ်အလုံးလိုက်ဆီဆမ်းထားတာ။ အမေတာဝန်မကျေတာမဟုတ်ဘူးနော်။အမေကသားသ္မီး ၅ ယောက်အတွက်ရုန်းကန်နေရတာ။ အမေ အမြဲပြောတတ်တာကတော့ “ပညာတတ်အောင်သင်၊အမေအမွေပေးနိုင်တာပညာဘဲ” တဲ့။အဲ့ဒီတော့ စားရေးထက် စီးပွါးရေးကိုကျားခုတ်ကျားခဲလုပ်နေရရှာတာပါ။ ဘယ်သူချက်ကျွေးလဲမေးချင်ကြရှာမှာပါနော်။ကျမတို့အိမ်က ပုတီးကုန်း၊ဇီးကုန်းနဲ့မြိတ်ထားဝယ်၊အစရှိတဲ့ကုန်သည်တွေက အိမ်မှာ နေ့တဓူဝ ရှိနေတတ်ပါတယ်။ အမေဝယ်ပေးထားတဲ့စျေးခြင်းတောင်းကိုဆွဲယူပြီး […]

Memories of Mi Aung (10)

နိမ့်တုံ မြင့်တုံ ဒီနေ့ ကွန်ဗင့်ကျောင်းသူဖြစ်တဲ့နေ့ပေါ့။ အဖေကမနက်စောစော ရေမိုးချိုးသနပ်ခါးလိမ်းပေးပြီး၊ အင်္ကျီကိုလည်းကျကျနနဝတ်ပေး၊ကုလားထိုင်ပေါ်မှာကျမကိုတင်ပြီးဖိနပ်စီးပေးတာ ဘယ်တော့မှမမေ့နိုင်ပါဘူး။သ္မီးအကြီးဆုံးမို့ တော်စေ၊တတ်စေချင်တာ အရမ်းကိုပါဘဲ။ (အဖေ ရည်မှန်းသလောက်တော်တဲ့အထဲမှာ ကျမက”စံ”မဝင်လို့ ၊ခုချိန်ထိအဖေ့ကိုတောင်းပန်နေရပါတယ်။) St. Philomena’s Convent ကိုကျောင်းစတက်တော့Middle Kg. Teacher Mrs. Ba Ba ရဲ့အတန်းမှာပါ။ ပထမဦးဆုံးရတဲ့သူငယ်ချင်းအသစ်လေးကတော့ အလွန်သွက်လှသောPansy Nyi (မိမိအေးအေး) ပေါ့။ {ကျမကဌာနာလမ်းထိပ်ကကျောင်းယ္ခုအထက(၅)ကြည့်မြင်တိုင်ကဒုတိယတန်းအောင်ပြီးကျောင်းပြောင်းခဲ့တာ။ကွန်ဗင့်ကျောင်းကျတော့ဘာသာစုံအင်္ဂလိပ်လိုသင်ခဲ့ရတယ်။ ဒါပေမဲ့ ကျောင်းတွေကိုပြည်သူပိုင်လဲသိမ်းလိုက်ပါရော ၅တန်းကျမှအင်္ဂလိပ်စာပြန်သင်ကြရတော့တာ။ အထက်မကျ၊အောက်မကျနဲ့ ဂွကျကျဖြစ်ရတာပါဘဲ။} အရင်ကျောင်းကကျမရဲ့သူငယ်ချင်းတချို့ကတော့ကျမထက် ၂နှစ်လောက်စောပြီးဘွဲ့ရကုန်ကြတာ။ ဒါကြောင့်မို့ ဘယ်ကျောင်းမှကောင်းတယ်၊စာလဲသင်တာကောင်းတယ်လို့မယူဆစေချင်ပါဘူး။ ကျမညီမလေးက အထက(၅)ကဘဲ၁၀တန်းအောင်တော့ဓါတုဗေဒတောင်ဂုဏ်ထူးရပါသေးတယ်။ ပေးတဲ့သူဆီက ရအောင်ယူတတ်ဖို့အဓိကပါ။ Higher KG (Tr.Mrs.Ba Sein.), 1st. […]

Memories of Mi Aung (9)

“ဂဂျီဂဂျောင်အမေ” အမေပြောတတ်တဲ့စကားလေးတွေဟာကျမအတွက်တော့သင်ခန်းစာလေးတွေပါဘဲ။သားလေးရလာတော့ “မိန်းကလေးထက်ယောကျာ်းလေးကပိုအရေးကြီးတယ်” တဲ့။ အမေကလဲသားကိုပိုချစ်လို့ဒီစကားမျိုးပြောတယ်လို့ထင်ခဲ့မိတာ။ အမေနဲ့အဖေ ရန်ဖြစ်တတ်တာတော့မကြာခဏပါဘဲ။ အဖေကအပေါင်းအသင်းလဲများ၊သဘောလဲကောင်းပြီးအရက်လဲသောက်တတ်တယ်။ အမေကနဲနဲမှမကြိုက်။အဖေသောက်လာမှန်းသိရင် မျက်စောင်းတစ်ထိုးထိုးနဲ့ထမင်းလဲခူးမကျွေးဘူး။ သောက်တဲ့သူက မရစ်ဘူး။အမေကတအားရစ်တာ၊မပြီးနိုင်မစီးနိုင်။ တစ်ရက်တော့ အဖေအိပ်နေတာကိုကျောပေါ်ခွစီးပြီး သနပ်ခါးတုံးနဲ့ခေါင်းကိုထုတာ၊အဖေက “ဟာဒီမိန်းမတော့” ဆိုပြီးကျောကိုလှည့်လိုက်တော့ အမေလေ တစ်အိမ်လုံးပတ်ပြေးလိုက်တာ၊အဖေက အော်အော်ပြီးရယ်လို့ အမေက အဝေးကနေပစ္စည်းတွေနဲ့ ကောက်ပေါက်နေသေး။ (တော်တော်ဆိုးတဲ့အမေ။) အမေက ပါးတယ်၊သူကသေးသေးလေး၊အဖေကဝတုတ်ကြီးဆိုတော့ပူးပြီးဘယ်သတ်လိမ့်မတုန်း။ တခါကတော့ အဖေက’ စတီး သားလှီးဓါး’တစ်ချောင်းတစ်ကျပ်ခွဲနဲ့ဝယ်လာလို့ ရန်လုပ်တာများလေ တစ်ညလုံး အိပ်နေတဲ့သူကိုနှိုး၊နှိုးပြီးတော့ကိုပြောတာ။ (အဖေက ချက်တာပြုတ်တာ ဝါသနာပါတော့ မီးဖိုချောင်သုံးပစ္စည်းလေးတွေဝယ်တတ်တယ်။) အဖေကလေ ” မူးတာဘယ်ရောက်သွားမှန်းမသိတော့ပါဘူးကွာ” လို့ပြောရရှာတော့တာ။ (အရက်သောက်ထားတဲ့သူထက် သွေးဆိုးတဲ့၊ဂျီကျတဲ့အမေ) ဝါတွင်းကျပြန်တော့ အဖေကလုံးဝမသောက်ဘဲ၊သတ်သတ်လွတ်စားသေးတာ။သိပ်သဘောကောင်းတဲ့အဖေ။ ကျမကအဖေ့သ္မီး၊အဖေ့ကိုသိပ်ချစ်တာ။ အမေ့ကိုတော့လေ၊အဖေမရှိတဲ့နောက်ပိုင်း မိန်းမသားပေမဲ့ […]

Memories of Mi Aung (8)

အာဂမိန်းမ “မုန့်ကိုရောင်းကာ မောင့်ကိုကျွေးပါ့မယ်” လူ့ဘဝမှာတွေးခဲ့တာတစ်မျိုး၊တကယ်ကြုံရတာတစ်မျိုးမို့အတော်ထူးဆန်းတာပါ။ချစ်သူနှစ်ဦး အတူနေကြရင် ဘယ်လိုဘယ်ပုံလုပ်ကိုင်စားသောက်ကြမယ်ဆိုတဲ့ စီမံကိန်းလေးတွေတော့ဆွဲကြမှာဧကန်ပါ။ဒါပေမဲ့ တာဝန်ယူတတ်ပြီး၊တာဝန်သိတတ်တဲ့ ကျမအဖေလိုလူမျိုးကတော့ မိန်းမကိုခိုင်းစားမည့်ယောကျာ်းထဲမှာမပါပါဘူး။အမေ အမြဲပြောတဲ့”ညည်းအဖေလိုလူမျိုးမရှိပါဘူး” ဆိုတာ၊ ကျမအသက်ကြီးမှနားလည်တာပါ။ (ဟင်း!! အမေကသူ့ယောကျာ်းကိုရှိတုန်းတော့တည့်အောင်မပေါင်းဘဲနဲ့ လို့အမြဲတွေးခဲ့မိပါတယ်။) ပြောခဲ့ဘူးသလိုဘဲ အဖေကအလုပ်မရှိ၊ဘာလုပ်လုပ် ဘေးကြပ်နံကြပ်ဖြစ်နေချိန်မှာ၊ အမေကရှပ်အင်္ကျီကြယ်သီးတပ်ပြီးလောလောဆယ် မချေးမငှားရအောင်ကြိုးစားလုပ်ကိုင်ပေးခဲ့ပါတယ်။ လင်နဲ့သားသ္မီးကိုပြည့်စုံစေချင်တဲ့စိတ်က အမေ့ဆီမှာအပြည့်။ ကုန်သည်သားသ္မီးဆိုတော့လဲ စီးပွါးရေးအမြင်ရှိတော့၊ သူမို့စဥ်းစားပြီးလုပ်တတ်တယ်။အဖေ့ကိုတောင်အံ့အားသင့်စေခဲ့တာပါ။ အဲ့ဒီကာလက အခြေခံစားသောက်ကုန် ၃၇မျိုးလား၊၃၂မျိုးလား (ကျမသိပ်မမှတ်မိ၊ဇဝေဇဝါ)၊ ကန့်သတ်ကုန်လို့သတ်မှတ်ပါတယ်။ပြည့်သူ့ဆိုင်မှာတန်းစီပြီးဝယ်ရတဲ့ခေတ်ပါ။မြင်တတ်တဲ့အမေက ကြက်သွန်၊ငရုတ်သီးအစရှိတဲ့ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီး၊စျေးထဲကဆိုင်တွေကိုပြန်သွင်းပါတယ်။ ငွေအရင်းအနှီးကလဲမဖြစ်စလောက်မို့အတော်ပင်ပမ်းရှာမှာပါ။နောက်တော့ တစ်နေ့ကိုနှစ်ခေါက်သုံးခေါက်လောက်အမြဲသွားနေတာမို့ ဆိုင်ကအမျိုးသ္မီးနဲ့ခင်ပြီး၊ငွေမရှင်းခဲ့နဲ့ တခါထဲများများယူသွား၊ စျေးထဲမှာသွင်းပြီးမှပြန်လာပေးဆိုတာမျိုးဖြစ်လာတော့ အမေနဲနဲ ပင်ပမ်းတာသက်သာတာပေါ့။ (အမေTargetထားပြီး ပစ္စည်းယူတဲ့ဆိုင်က သူဌေးရပ်ကွက်မို့ ပြည်သူ့ဆိုင်(ပ ပ က)မှာဝယ်သူမရှိ။ပစ္စည်း အစုံရနိုင်တဲ့ဆိုင်။ တာဝန်ခံအန်တီကြီးရဲ့နံမည်ဒေါ်မြမြဆိုတာကိုတောင် […]

Memories of Mi Aung (7)

မြဲခြင်းမရှိ မျက်မမြင်ကျောင်းအတွင်းမှာဖွင့်ထားတဲ့မြူနီစပါယ်ကျောင်းကတော့ကျမပထမဆုံးပညာသင်ကြားခဲ့ရတဲ့ကျောင်းပါ။ဥယျာဥ်လမ်းအိမ်ကနေကျောင်းကိုသွားဖို့၊စလင်းကျောင်းတိုက်ကြီးကိုဖြတ်ပြီး၊ပန်းပင်ကြီးလမ်းဖက်ကိုမျက်နှာပြုထားတဲ့ကျောင်းပေါက်ကဝင်ရပါတယ်။(မှတ်မိသလောက်တော့ တစ်ထပ်ကျောင်းဆောင်ရှည်ရှည်လေးပါဘဲ။) လက်ဦးဆရာမကြီးက ဒေါ်နှင်းနုပါ။ လက်ရေးလှအောင် လက်ထပ်သင်ပေးခဲ့တာပါ။ ခုအချိန်ထိ ရင်ထဲမှာတမ်းတပြီးကန်တော့လျက်ပါ။ တစ်နှစ်မပြည့်ခင်မှာဘဲ ဌာနာလမ်းမှာနှစ်ထပ်ကျောင်းဆောင်ကြီးဆောက်ပြီးလို့မျက်မမြင်ကျောင်းကနေပြောင်းကြရပါတယ်။ အမေအမြဲပြောပြောနေတာလေးကိုလဲအမှတ်ရနေတာပါ။မနက်ဖက်ကတော့အဖေကရုံးသွားခါနီးအနှီးကအစလျှော်ပေးခဲ့တာပါ။ညနေစာချက်တဲ့အချိန်ကျမှအမေပြာယာခတ်ရတော့တာပါဘဲ။ညီမလေးကငို၊ကျမက အီးကုန်းပေးဖို့အော် ထမင်းအိုးကငှဲ့နေရင်းဆိုတော့ ဘာလုပ်ရမှန်းတောင်မသိလို့ အော်ငိုရတဲ့အဖြစ်တဲ့။ (ကျမ အသက်ကြီးလာတဲ့အထိရင်ထဲစွဲသွားတဲ့အဖြစ်ကတော့ မပြည့်စုံတဲ့ဘဝဟာခါးသီးလှတယ်ဆိုတာပါဘဲ။) တစ်နေ့တော့အဒေါ်အငယ်ဆုံးစိန်စိန်ကလည်း အထုပ်ကလေးပိုက်၊သ္မီးကြီးလက်ကိုဆွဲ၊ သ္မီးငယ်လေးကိုချီလို့ဥယျာဥ်လမ်းအိမ်ကိုရောက်လာတာမျက်စိထဲမှာခုထိမြင်ယောင်တုန်းပါ။ “မမေရေ ကုန်ပြန်ပြီ” လို့ပြောတာလေး။စိန်စိန်ကိုသနားလိုက်တာ။ကွမ်းခြံ(ယ္ခုကွန်ဒိုတွေဆောက်ထားတဲ့နေရာ) မီးလောင်လို့ပါ။ သ္မီးငယ်လေးကကျမညီမလေးထက်တစ်လငယ်ပြီး၊သ္မီးကြီးကကျမထက် ၂ နှစ်ငယ်ပါတယ်။ မတိမ်းမယိမ်းညီအစ်မတွေပါ။ အကြီးမ ခင်စန်းနုကသိပ်စွာတာဘဲ။ အမေကမုန့်ခြောက်လေးတွေကိုမုန့်ပုံးနဲ့ထည့်ပေးထားတာ။ တစ်နေ့တော့သူကမုန့်ပုံးဖွင့်လို့ ကျမကတားတာ၊ပုံးကိုလက်တစ်ဖက်ကဖွင့်ပြီးလက်တစ်ဖက်ကကျမရဲ့ဗိုက်ကိုလိမ်ဆွဲထားတာ။ ဒါပေမဲ့ ကျမတို့ညီအစ်မတွေခုထိသိပ်ချစ်ကြတာပါဘဲ။ နောက်တော့လဲ စကားဝါပင်လမ်းအိမ်ကအမေ့မောင်အကြီးကအိမ်ထောင်ပြုပြီးအိမ်ခွဲသွားလို့၊ အမေကြီးတစ်ယောက်ထဲမို့ ကျမတို့မိသားစုစကားဝါပင်လမ်းအိမ်ရောက်ခဲ့ကြရပြန်ပေါ့။ ဒီလိုပါဘဲ ၊ ဘဝဆိုတာတသမတ်ထဲမရှိဘဲအမြဲပြောင်းလဲနေတာပါ။ ပျော်သလားဆိုတော့လဲ မသိပျော်ပျော်နေကြတာဘဲ။ငိုစရာရှိတော့လဲငိုလိုက်ကြ။ရယ်လိုက်ငိုလိုက်နဲ့ဘယ်တော့များမှ – – […]

Memories of Mi Aung (6)

မိဘ ဥယျာဥ်လမ်းအိမ်ရောက်တော့ ဝတုတ်တုတ်ချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်လက်ဆောင်ရလိုက်တယ်။ ကလေးအသိပျော်နည်းလေးနဲ့ထီးခြင်ထောင်အောက်ထဲမှာယက်ကန် ယက်ကန်ဖြစ်နေတဲ့နီနီရဲရဲလေးနားက မခွါနိုင်အောင်ပျော်ခဲ့ရတယ်။ ကစားစရာအရုပ်ကလေးရသလိုမျိုး။ မိဘတွေက ကစားစရာအရုပ်ဝယ်ပေးတတ်တဲ့အလေ့အထမှမရှိတာ။ကျမငယ်ငယ်က မကြာခဏနေမကောင်းဖြစ်ရင်၊ စဥ့်အိုးတန်းလမ်းမှာဖွင့်ထားတဲ့ ဒေါက်တာဟတ်မွန်ဆေးတိုက်ရောက်မှနေကောင်းသွားတာ။အဲ့ဒီဆေးတိုက်မှာ Toy Landလိုအရုပ်တွေစုံလို့။ ကလေးဆိုတော့လိုချင်တာ။ ခုမှပြန်တွေးကြည့်တာပါ။ဆေးတိုက်သွားရင်ဂျစ်ကားငှားခက 5/-ကျပ်၊ ဆေးခန်းပြတာက5/-ဆိုတော့ ရုံးဝန်ထမ်းမိသားစုအဖို့စရိတ်စကများလှတာကို။ မိဘကတော့သားသ္မီးအလိုကိုဖြည့်ပေးချင်ရှာကြမှာပါ။ အသက်ကြီးလာလေ မိဘမေတ္တာကိုနားလည်မိလေပါ။ အမေနဲ့အဖေပြန်ပေါင်းပြီး ဗဟန်းမှာနေကြရတာ။ ဒါပေမဲ့ မနက်လင်းတာနဲ့အဖေကကျမနဲ့အမေကိုဆိုင်ကယ်ပေါ်တင်ပြီး၊ ကြည့်မြင်တိုင်ကအမေကြီးအိမ်ကိုပို့ခဲ့တာ။ မိန်းမနဲ့ကလေးကို နယ်မြေစိမ်းမှာတနေကုန်ထားခဲ့ဖို့စိတ်မချလို့ပါ။ အဖေ့မှာသိပ်သံယောဇဥ်ရှိတဲ့ BSA ဆိုင်ကယ်တစ်စီးရှိပါတယ်။ ကျမကလဲ အဖေကဆိုင်ကယ်တိုင်ကီပေါ်တင်ပြီး စက်နှိုးလိုက်တာနဲ့ပျော်တာလေ။ ညနေအဖေပြန်လာကြိုတဲ့တစ်နေ့ကျတော့၊အမေ့ခမြာဟံသာဝတီအဝိုင်းမှာဆိုင်ကယ်ပေါ်ကကျကျန်ခဲ့တာဗဟန်းအိမ်ရောက်မှ မိန်းမပါမလာမှန်းသိတော့တယ်။ ကံကောင်းလို့မကျိုးမပဲ့တာ။အဖေကစိတ်မချလို့ကြည့်မြင်တိုင်အိမ်ကိုနေ့တိုင်းပို့ထားတာအကဲပိုရန်ကောလို့တွေးမိကြပါလိမ့်မယ်။ မပိုပါဘူးနော်။အကြောင်းတိုက်ဆိုင်တာလား၊ကံကိုကပါလာတာလားမသိတော့ပါဘူး။ မိုးကြီးလေကြီးကျတဲ့တစ်နေ့ အဖေကလည်းပြန်မရောက်သေး။ အမေက ကလေးကိုဖက်ထားပြီးအိမ်ရှေ့လေးမှာထိုင်နေတုန်း၊အဖေကဆိုင်ကယ်ကြီးနဲ့ပြန်ရောက်လာတာ သားအမိနှစ်ယောက်ကိုဘုရားမလိုက်သလိုပါဘဲ။ မိုးထစ်ချုန်းသံနဲ့အတူနောက်ဖေးဖက်က”တောင်”ပြိုကျတာ။ အမေကသေတ္တာလေးကိုအိမ်ရှေ့တော့ဆွဲထုတ်လာပါရဲ့၊မိုးထဲလေထဲကမန်းကတမ်းဘာပစ္စည်းမှမယူနိုင်ဘဲ သားအဖသုံးယောက် အဖေ့သူငယ်ချင်းဦးလေးကိုစိန်ဝင်း […]

Memories of Mi Aung (5)

နှောင်ကြိုး “မေမေရေ လာပါတော့ကျီးကန်းလေးကတမော့မော့” ကျမရဲ့အမေကသူရဲကြောက်တတ်တယ်။ မြန်မာမိသားစုမိဘတွေဟာ များသောအားဖြင့်ကိုယ့်သားသ္မီးကိုအရွယ်ရောက်လို့အိမ်ထောင်ထူတဲ့အချိန်မှာတောင် မျက်စေ့အောက်မှာရင်အုပ်မကွာထားချင်တတ်ကြတယ်။(မှားယွင်းတဲ့အယူအဆများလားလို့တွေးမိပါတယ်။) အဖေနဲ့လက်ထပ်ပြီး ယောင်နောက်ဆံထုံးပါအဖေ့မိသားစုထဲကိုဝင်ခဲ့ရတဲ့အမေ။ အဖေတို့ကအမေရယ်ညီအစ်ကိုလေးယောက်ရယ်မှာအဖေကသားအထွေးဆုံးမို့ ရွှေပေါ်မြတင်ပေါ့။ အဖွားကသားတွေ၊ချွေးမတွေ မြေးတွေနဲ့အတူနေ အတူစား။ ချွေးမတွေကတစ်ယောက်တစ်လှည့်စျေးဝယ်ရတယ်။ ကျန်တဲ့သူတွေကဝိုင်းချက်ကြရပါတယ်။ တကယ်ကိုပျော်စရာပါ။ အဖေက နောက်ဆုံးမှအိမ်ထောင်ကျတဲ့သူမို့အတွင်းဖက်ဆုံးအခန်းမှာနေရပါတယ်။ အဖေတို့ခြေရင်းအိမ်မှာက ကက်ဝိုင်းရှိပါတယ်။(ဖဲလိုကစားရတဲ့ အပွင့်လေးတွေပါတဲ့သစ်သားတုံးမဲမဲလေးတွေ) တစ်ညတော့အဖေက ခြေရင်းအိမ်ရောက်နေပါရော။ အမေကလဲအိမ်ထဲမဝင်ရဲ။အဖေ့ကိုလှမ်းခေါ်တော့ အဖွားက “ပြန်လာမှာပေါ့၊ခေါ်မနေနဲ့” လို့ပြောသတဲ့။ ထပ်ခါထပ်ခါခေါ်လို့ အဖွားကလဲထပ်ခါထပ်ခါပြောပါလိမ့်မယ်။ အဲ့ဒီတော့ အိမ်မှာရွှေလိုဥထားခံရတဲ့ အမေကလဲ “ကိုယ့်ယောကျာ်းကိုယ်ခေါ်တာ” လို့ပြန်ပြောတယ်တဲ့။ သားတွေကအမေကိုသိပ်ချစ်ကြပြီး မော်လို့တောင်မကြည့်ကြတာမို့၊ အဖေ့အထက်က အကိုကအဖွားကိုပြန်ပြောရမလားဆိုပြီး ပန်းထိမ်ဖိုက တူသေးသေးလေးနဲ့ထုမလို့။ အဖေကပြန်ပြေးလာပြီးသူ့အကိုကို “မင်းဝင်မပါနဲ့” လို့ပြောတာပေါ့။ (ကျမကအသက် ၃နှစ်ကျော်ကျော်လောက်ရှိပြီထင်ပါရဲ့။ မှတ်မိတာကတော့ ဘကြီးအကြီးဆုံးရဲ့သ္မီးမမမတင်ဦးကချီပြီးချော့တာလေး။ […]

Memories of Mi Aung (4)

မစပ်စု (ဓါးပြကြည့်ချင်တယ်)၂ မုန့်စားချင်တယ်ဆိုပြီး ငိုတာဆိုရင်လဲမုန့်ကျွေးလို့ရရဲ့။အိမ်ကကုန်စုံဆိုင်ကြီးမို့။ ညောင်စောက်မှာ ပိုက်ဆံလဲချမ်းသာတဲ့ဒေါ်နှင်းမြိုင်မှာ သားတစ်ယောက်ထဲရှိတော့ရိုးလွန်းတဲ့ အမေကြီးနဲ့လက်ဆက်ပေးပြီး၊ မြေးတွေအများကြီးနဲ့နေချင်သတဲ့။ အမေကြီးကလဲကလေးတွေတစ်ကျိတ်လောက်ကိုမွေးတာ။ ကျမသိမှီသလောက်ကတော့အမေတို့မောင်နှစ်မခြောက်ယောက်ပါ။ အဲ့ဒီခေတ်အခါက ညနေ နေမဝင်ခင် ညစာစားကြရပြီး၊ကိုယ့်အိမ်ကိုယ်မအိပ်ရဲဘဲ၊အခြားအိမ်တွေမှာ ကိုယ်ယောင်ဖြောက်ပြီးသွားအိပ်ကြရတာ။တစ်နေ့တစ်အိမ်ပေါ့။ပုံသေလဲသွားပြီးစတဲချလို့မရပါဘူးတဲ့။ အဲ တစ်ခုရှိသေးတာက ကိုယ့်ကိုမိရင် အရိုက်ခံရမှာစိုးလို့ အိတ်ရှုံ့လေးတွေကိုယ်စီမှာ ရွှေတိုရွှေစလေးတွေ ဆောင်ထားကြရသေးတာ။ ပိုက်ဆံချမ်းသာပြီး မအေးချမ်းရတဲ့ဘဝ၊စည်းစိမ်မရှိတဲ့ဘဝတွေမို့ မက်လောက်စရာမရှိပါ လားလို့၊တွေးမိ တရားကျမိပါတယ်။ တစ်ညတော့ ရွာကိုဓါးပြတွေဝင်လာပါရော၊အဖိုးတို့အိမ်ကိုအဓိကပေါ့။ကိုယ်လွတ်ရုန်းပြေးကြရတာ ကလေးတစ်ယောက် ကဓါးပြလက်ထဲကျန်ခဲ့ပြီး၊ကျန်တဲ့သူတွေလွတ်သွားပါတယ်။ရွာကလူစုပြီးလဲလိုက်ကြရော ဓါးပြကအိမ်က ၃၆ ကောင်မုန့်တွေခါးပိုက်ထဲထည့်၊ ကလေးကိုပခုံးပေါ်ထမ်းလို့ “ကလေးပါတယ်၊ကလေးပါတယ်” လို့အော်ပြီးပြေးတာ၊ရွာထိပ်က မုန့်ပြားသလက်သည်ဆီရောက်မှကလေးကိုအသေအချာအပ်ခဲ့တာ။ (ကလေးမှာလက်ကောက်ဘယ်နှစ်ကွင်း၊နားဋောင်း၊ဆွဲကြိုးစာရင်းနဲ့) ၃၆ ကောင်မုန့်က ကလေးကိုကျွေးဖို့ယူလာတာ။ ကလေးရော ပစ္စည်းရောကို အသေအချာပြန်မပေးရင် သတ်ပစ်မယ်ဆိုဘဲ။ သစ္စာရှိကြပါပေရဲ့။ […]

Memories of Mi Aung (3)

“ချစ်တတ်သူတို့နှလုံးသား” ဖက်ဖူးရောင်လေးနဲ့သိပ်လှတာဘဲလို့ဘယ်သူပြောခဲ့တာပါလိမ့်။ ဒီလိုနဲ့ဘဲတို့အမေ အိမ်ထောင်ရှင်မဖြစ်ခဲ့တာ။သ္မီးအကြီးဆုံး၊အလိုလိုက်ခံရဆုံးမို့ မီးဖိုချောင်ဝင်တာက အမေနဲ့အဝေးကြီး။သို့သော်လဲ ယောကျာ်းကိုကျွေးချင်တဲ့စိတ်စေတနာအပြည့်ဖြစ်မယ်ထင်တာပါဘဲ။ အမေ့အဒေါ်ရဲ့ယောကျာ်းနဲ့အဖေနဲ့ကသူငယ်ချင်း(ထန်းတပင်သား)တွေ၊သိပ်လှတာဘဲလို့ပြောတဲ့အသံတွေအမြဲကြားနေရတာမို့ကြွေပြီပေါ့။ (လှတယ်လို့ပြောရင် မကြိုက်ဘူးဆိုတဲ့မိန်းမမရှိဘူးလေ။) အမေကြီး(အဖွား)က သိပ်ရိုးတာ။အဖိုးဆုံးတော့သ္မီးသုံးယောက်၊သားသုံးယောက်နဲ့ ပင်ပမ်းရှာတယ်လို့အမေပြောဘူးတယ်။ အမေတို့ညီအစ်မသုံးယောက်က ဘော်လီချုပ်ကြရ။ ဒီလိုနဲ့တို့အမေလဲအိမ်ထောင်ကျတော့ အဖေ့ကိုအမေတို့ မိသားစုက ဝိုင်းချစ်ကြတာ။ ဇာတ်လမ်းက ညီအစ်မသုံးယောက် မချက်တတ်ချက်တတ်နဲ့အမေကဝက်သားချဥ်ဟင်း၊ အဒေါ်အလတ်ငြိမ်းငြိမ်းကငပိဆီကြော်နဲ့အဒေါ်အငယ်ဆုံးစိန်စိန်ကကင်ပွန်းရွက်ဟင်းချိုတဲ့။ စားချင်စဖွယ်ထမင်းဝိုင်းလေးပေါ့။ (ကျမတို့က အဒေါ်တွေရဲ့နံမည်အဖျားလေးတွေကိုခေါ်တတ်တာပါ။ဝဍ်လည်တတ်တယ်ဆိုတာလေ ခုလဲတူမတွေက ကျမတို့ညီအစ်မကို မိမိ၊မြင့်မြင့်လို့ခေါ်ကြတာ။) ကြည့်မြင်တိုင်အိမ်က အိမ်ရှေ့မှာထမင်းဝိုင်းပြင်ပြီးစားကြတော့ လမ်းမပေါ်ကလှမ်းနှုတ်ဆက်လို့၊စကားလှမ်းပြောလို့ရပါတယ်။ ဦးချိန်အေး(အမေ့အဒေါ်ယောကျာ်း၊အဖေ့သူငယ်ချင်းက စပ်စပ်စုစု”အောင်ကြည်ရေဘာဟင်းတွေလဲကွ” ဆိုတော့၊အဖေက “လာစားလေ ~မင်းတူမချက်တာ”တဲ့။ ဘဘက ဝက်သားဟင်းကို ယူစားပြီး၊ “အမယ်လေး ခင်မေရယ်ချဥ်လှချည်လား “လို့ပြောသတဲ့။ (အဖေတို့များမိန်းမကိုချစ်လိုက်တာ။ နောက်ပိုင်း သူကိုယ်တိုင်ချက်ကျွေးတော့တာ။ ရုံးအလုပ်လဲလုပ်ရသေးတယ်။ ကျမအထင်တော့ […]