- U Tin Tut is the eldest of seven well-known siblings.
Brother of U Kyaw Myint, U Myint Thein, Dr. Htin Aung, Daw Khin Mya Mu, Daw Khin Saw Mu and Daw Tin Saw Mu - First Burmese to become ICS by invitation.
- Minister in Bogyoke Aung San’s cabinet
Was not present at the cabinet meeting on July 19, 1947 - Brigadier of a Reserve Army
- Journalist and Publisher
Office in Sparks Street (Bo Aung Kyaw Lann) - Diplomat
Designated as Burmese Ambassador to UK - His assassination remains “unsolved mystery” in Burma.
Perished when a bomb (placed under his car) exploded.
There were investigations, but no conclusive results were reported. - Dr. Thane Oke Kyaw Myint posted photos and articles about his Ba Gyi (e.g. The Empty Tomb near the original Arzani Mausoleum)
- “Ba Gyi Aung Nyar Dei” (a famous short story by Minthuwun) has implicit references to U Tin Tut.
U Nay Oke gave a TEDx talk at Inya Lake. - Article (in Myanmar) by Maung Lu Pay (San Lin, M87) based on the posts by Dr. Thane Oke Kyaw Myint and U Hla Min







Article by Maung Lu Pay (San Lin, M87)
basis : posts by Dr. Thane Oke Kyaw Myint and U Hla Min
အမှတ်တရ ဦးတင်ထွဋ်
အာဇာနည်ဗိမ္မာန်ကို အာဇာနည်ကုန်းလို့လည်း ခေါ်ပါတယ်။ အရင်က ဇရပ်ပုံစံ အမိုးအကာနဲ့ အဆောက်အဦကြီးဖြစ်ပြီး အထဲမှာ ဗိုလ်ချုပ်ဂူကို အလည်မှာထားတဲ့ အုတ်ဂူကိုးလုံး အစီအရီ ရှိတယ်။
ဒီအာဇာနည်ဗိမာန်အနီးမှာ အခြားအုတ်ဂူနှစ်လုံးရှိခဲ့တယ်။ သူတို့နှစ်ဦးကတော့ လွတ်လပ်ရေးရပြီးမကြာမီမှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသူ နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ကုန်းမှာ အာဇာနည်တွေနဲ့အတူ ဂုဏ်ပြုမြှုတ်နှံခဲ့ကြရတဲ့ ဗိုလ်စိန်မှန်နဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်တို့ဖြစ်ပါတယ်။
ဗိုလ်မှူးစိန်မှန်က လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တယ်။ ပြည်တွင်းသောင်းကြမ်းမှုတွေ နှိမ်နှင်းနေစဉ် လေယာဉ်မှာ ဗုန်းထောင်ခံခဲ့ရတယ်။ ဦးတင်ထွဋ်ကလည်း ရန်ကုန်မြို့ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)မှာ သူစီးတဲ့ကား ဗုန်းပေါက်ကွဲပြီး အသက်ဆုံးခဲ့ရတယ်။ သူတို့နှစ်ဦးလုံးဟာ ဗိုလ်ချုပ်အလွန်အားကိုးရတဲ့ ရဲဘော်ရဲဘက်တွေချည်းပါပဲ။ သူတို့တွေ လုပ်ကြံခံခဲ့ရပေမဲ့ ယနေ့ချိန်အထိ လက်သည်မပေါ်ခဲ့သေးပါ။
ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး အိုင်စီအက်စ်လည်းဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်အကြောင်းက လူမသိ၊ သူမသိနဲ့ ပျောက်ကွယ်နေတာကြာပါပြီ။ သူ့အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေလည်း မဖတ်ခဲ့ဖူးပါ။
အာဇာနည်နေ့အမှတ်တရအနေနဲ့ မောင်လူပေတို့ရဲ့နောင်တော်ကြီးတစ်ဦးဖြစ်တဲ့ ဆရာဦးလှမင်းက ဦးတင်ထွဋ်အတွက်မှတ်စုကြမ်း
trivia တပုဒ်ရေးပါတယ်။ သူရေးတဲ့အထဲက ဦးတင်ထွဋ်အကြောင်းလေးကို ဘာသာပြန်ပြီးတင်ဆက်လိုက်ပါတယ်။
” ၁၉၄၇ခုနှစ် ဂျူလိုင်(၁၉)ရက်နေ့ အစည်းအဝေးကို ဦးကျော်ငြိမ်းနဲ့ ဦးတင်ထွဋ် မတက်ရောက်ခဲ့တဲ့အတွက် အသက်ဘေးက လွတ်သွားခဲ့တယ်။ ဒါပေမဲ့ ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့မှာတော့ ဦးတင်ထွဋ်ဟာ လုပ်ကြံခံရတဲ့ဘေးက မလွတ်ခဲ့ပါဘူး။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ကံမကောင်းခြင်းတွေရဲ့ အစပထမဆိုလည်းမမှားပါ။
ဦးတင်ထွဋ်ဟာ ဦးကျော်မြင့်၊ ဦးမြင့်သိန်းနဲ့ ဒေါက်တာထင်အောင်တို့ရဲ့ အကြီးဆုံးအကိုကြီးဖြစ်တယ်။ အိုင်စီအက်စ်(ICS)ရာထူးကို ဖိတ်ခေါ်ပြီး ချီးမြှင့်ခံရတဲ့ ပထမဆုံး မြန်မာလည်းဖြစ်တယ်။ သူစီးနေကြကားရဲ့ ကြမ်းအောက်နဲ့အိတ်ဇော့ပိုက်ကြားမှာ ထောင်ထားတဲ့ဗုန်းက သူ့ရုံးရှိရာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)ရှေ့မှာ ပေါက်ကွဲရာက ရရှိတဲ့ဒါဏ်ရာနဲ့ကွယ်လွန်ခဲ့ရတယ်။
သူ့ရဲ့လုပ်ကြံခံရမှုဟာ ယနေ့အထိ လက်သည်မပေါ်ခဲ့။”
(ဒေါက်တာသိန်းအုပ်ကျော်မြင့်ရဲ့ သူ့ဘကြီး ဦးတင်ထွဋ်အကြောင်းရေးထားတာလေးကိုလည်း သူ့ရဲ့ပို့ဒ်ကနေ ကူးယူတင်ပြပါရစေ။)
“အတွင်းမှာ ဘာမှမရှိတဲ့အုတ်ဂူ”
ရေးသူ-ဒေါက်တာ သိန်းအုပ်ကျော်မြင့်”
” မနေ့က ဂျူလိုင်(၁၉)က မြန်မာပြည်ရဲ့အာဇာနည်နေ့။ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေ အာဇာနည်နေ့အမှတ်တရ ကျင်းပကြတယ်။
ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ အာဇာနည်ဗိမာန်ကြီးက တောင်ကိုးရီးယားသမ္မတချွန်ဒူးဝှမ်တို့ကို မြောက်ကိုးရီးယားရဲ့ လုပ်ကြံဗုန်းခွဲမှုဖြစ်ပြီးမှ ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ထားတာဖြစ်တယ်။
မူလအုတ်ဂူတွေ(ဗိုလ်ချုပ်အုတ်ဂူကို အလယ်မှာထားတဲ့ အုတ်ဂူတွေ) ပြန်လည်မတည်ဆောက်တော့ပဲ မူလဗိမာန်နေရာမှာရှိခဲ့တဲ့ ရုပ်ကြွင်းတွေထည့်ထားသော အထိမ်းအမှတ်တစ်ခုအဖြစ် ပြောင်းလည်းခဲ့တယ်။
အာဇာနည်တွေရဲ့ဂူတွေနဲ့အတူ အနီးမှာတည်ရှိခဲ့ဖူးတဲ့ နောက်တိုးအုတ်ဂူနှစ်လုံးအကြောင်းကို နှောင်းလူတွေသိပါ့မလားလို့ စဉ်းစားမိတယ်။
အုတ်ဂူတစ်လုံးက ဗိုလ်စိန်မှန်ရဲ့ဂူ၊ နောက်အုတ်ဂူက ကျွန်တော့ဖခင်ရဲ့အကိုကြီးဖြစ်သူဦးတင်ထွဋ်တို့ပါ။ နှစ်ယောက်လုံးဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူတွေဖြစ်ပြီး တစ်ဦးက ဝေဟင်မှာ၊ တစ်ဦးက မြေပြင်မှာ အသတ်ခံခဲ့ရတယ်။
ဗိုလ်စိန်မှန်ရဲ့ရုပ်ကြွင်းနဲ့အုတ်ဂူက ညာဖက်ကဖြစ်ပြီး ဦးတင်ထွဋ်ဂူကတော့ ဂူနှစ်လုံးရဲ့ ဘယ်ဖက်မှာ ဖြစ်တယ်။
ဘယ်ဖက်က ဦးတင်ထွဋ်အုတ်ဂူဟာ အတွင်းမှာဗလာပါ။ သူဟာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်းရှိ သူ့ရဲ့အလုပ်ခန်း(New Time of Burma press) တည်ရှိရာရှေ့မှာပဲ ကားဗုန်းထောင် လုပ်ကြံခံခဲ့ရတယ်။
ကျွန်တော်တို့မိသားစုဝင်တွေရဲ့ထုံးစံအတိုင်း ကွယ်လွန်သူကို မီးသင်္ဂြိုလ်ပြီး အရိုးပြာကို အနီးဆုံးမြစ်ထဲကို မျှောခဲ့ကြတယ်။
(ဦးထွဋ်ကျော်ဝင်းရဲ့ အဆိုအရ ဦးတင်ထွဋ်ဟာ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ အဲဒီတပ်ဖွဲ့ဟာ ဗမာ့တပ်မတော်လက်အောက်မှာ မရှိသေးဘူး။ လက်ယာ-ဖရီးမန်းသဘောတူညီချက်အရ အင်္ဂလိပ်စစ်တပ် ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ သူကွယ်လွန်ပြီးနောက်မှ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အဲဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။)
စစ်အခန်းအနားနဲ့ဂုဏ်ပြုပြီးနောက်မှာ ဦးတင်ထွဋ်ရဲ့အလောင်းကို မီးသင်္ဂြိုလ်ခဲ့ကြတယ်။ ကြံတောသုသန်ထဲမှာ ဦးတင်ထွဋ်ကို မီးသင်္ဂြိုလ်ဖို့အတွက်လည်း မီးသင်္ဂြိုလ်စက်လေးတစ်ခု တည်ဆောက်ခဲ့ကြတယ်။ အဲဒီအရင်ကတော့ အလောင်းကို မြေမြှုတ်တာပဲ ရှိခဲ့တာပါ။
အဖေပြောပြတာကတော့ ဦးတင်ထွဋ်အတွက် ဂူလုပ်ဖို့ မရှိခဲ့ဘူး။ ဝန်ကြီးချုပ်(ဦးနု)က ဦးတင်ထွဋ်ကို နှောင်းလူတွေအမှတ်ရစေဖို့ဆိုပြီး အာဇာနည်ကုန်းမှာ အုတ်ဂူတည်ဆောက်ခဲ့တာ။
အခေါင်းလွတ်တစ်ခုထဲမှာ ဦးတင်ထွဋ်ရဲ့ ဗိုလ်မှူးချုပ်ဝတ်စုံ( အရပ်သားထဲမှာ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ရာထူးပထမဆုံး ခန့်အပ်ခံရသူ)ထည့်ပြီး ဂူသွင်းခဲ့တယ်။ အခေါင်းလွတ်ကိုဂူသွင်းခဲ့တာမို့ မိသားစုဝင်တွေက ဦးတင်ထွဋ်သေဆုံးတဲ့နှစ်ပတ်လည်တွေမှာ ဒီအုတ်ဂူကို မသွားခဲ့ကြဘူး။
ကလေးဆေးရုံကြီးမှာ ကလေးအထူးကုအဖြစ်တာဝန်ထမ်းနေစဉ်တစ်နေ့မှာ ဗိုလ်မှူးကြီးစိုးညွန့်(ထီလာစစ်သူ)က ကျွန်တော့ကိုဖုန်းဆက်တယ်။ မြောက်ကိုးရီးယားဗုန်းခွဲမှုအပြီး အာဇာနည်ဗိမာန်မှာ အာဇာနည်တွေကိုပဲ ထားရှိဖို့အတွက် ဦးတင်ထွဋ်ဂူနဲ့ ဗိုလ်မှူးစိန်မှန်တို့ရဲ့ဂူတွေကို ကြံတောကိုရွှေ့ပြီး အုတ်ဂူနှစ်လုံးတည်ဆောက်ပေးမယ်လို့ ဆုံးဖြတ်ကြတယ်လို့ ပြောလာတယ်။
ဗိုလ်စိန်မှန်ရဲ့မိန်းမက သူ့ယောကျာင်္းရုပ်ကြွင်းတွေကို အာဇာနည်တွေရဲ့ရုပ်ကြွင်းတွေနဲ့အတူ မြှုတ်နှံပေးဖို့ တောင်းဆိုတယ်လို့သိရတယ်။ ဒါကြောင့် ဒီလိုပဲ လုပ်ပေးခဲ့တယ်လို့ နောက်ပိုင်းမှာသိရတယ်။
အုတ်ဂူထဲမှာ ဘာမှမရှိတာကြောင့် ကြံတောကိုပြောင်းပေးဖို့မလိုပါဘူးလို့ ကျွန်တော်တို့မိသားစုက အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးတင်ထွဋ်အတွက် အုတ်ဂူကို ကြံတောမှာ အစိုးရက စီစဉ်ခဲ့ပြန်တယ်။
ဒါနဲ့ပဲ နောက်ထပ်ခေါင်းတစ်ခုနဲ့ ဦးတင်ထွဋ်ရဲ့ မိတ္တူဓါတ်ပုံကြီးဟာ အသုဘယာဉ်နဲ့အတူ ကြံတောဆီကို သွားခဲ့ရပြန်တယ်။ ခေါင်းအထဲမှာတော့ ဘာမှမပါ။
တစ်ခါတစ်လေမှာ ကျွန်တော်စဉ်းစားမိတာကတော့ ဦးတင်ထွဋ်ကို လုပ်ကြံဖို့စီစဉ်ခဲ့သူတွေဟာ သူတို့မှာ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဦးတင်ထွဋ်အတွက် အုပ်ဂူနှစ်လုံးတည်ဆောက်ပေးခဲ့လေသလား ဆိုတာပါပဲ။
ကြံတောကနေ ရေဝေးကို သင်္ချိုင်းတွေရွှေ့ကြတဲ့အခါမှာ အုတ်ဂူတွေကို ရွှေ့ပြောင်းရေးအတွက် အခြား မိသားစုဝင်တွေကို အကြောင်းကြားပါတယ်။
အဲဒီကြမှပဲ စိတ်သက်သာရာရတော့တယ်။ ဦးတင်ထွဋ်ရဲ့ဗလာအုပ်ဂူကို တတိယအကြိမ်ရွှေ့ပြောင်းဖို့ မပြောတော့လို့ပါ။
ဦးတင်ထွဋ်ကို လုပ်ကြံခဲ့တာ ဘယ်သူလဲဆိုတဲ့အဖြေကတော့ ဒီနေ့အထိ မပေါ်ပေါက်ခဲ့။
ပုလိပ်အဖွဲ့ရဲ့ကော်မရှင်နာမင်းကြီးဦးဘအေးရေးတဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိမှာ ဦးတင်ထွဋ်အကြောင်း အနည်းငယ်ပါဝင်တယ်။ ဦးဘအေးက ၁၉၄၈ခုနှစ်မှာ လက်ထောက်ကော်မရှင်နာဖြစ်ပြီး ကော်မရှင်နာမင်းကြီးကတော့ ဦးအောင်ချိန်(ပါမောက္ခဦးသန်းအောင်၏ဖခင်) ဖြစ်ပါတယ်။
ဦးဘအေးက သူဟာ ဒီလုပ်ကြံခံရမှုကိုအဓိက စုံစမ်းရသူဖြစ်တဲ့အတွက် ဦးအောင်ချိန်က သူ့ကို သတိနဲ့ဆောင်ရွက်ဖို့ပြောတယ်လို့ ရေးသားခဲ့တယ်။ ဒါဆိုရင် ကော်မရှင်နာမင်းကြီးကိုယ်တိုင်က ဒီလုပ်ကြံမှုရဲ့တရားခံ သို့မဟုတ် နောက်ကွယ်ကလူကိုသိနေသလားလို့ စဉ်းစားစရာပါ။
ကျွန်တော်တို့ကတော့ ဘယ်တော့မှ သိနိုင်တော့မှာမဟုတ်။
အဲဒီအချိန်က ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသံအမတ်ကြီးအနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့နီးနေပြီလည်း ဖြစ်တယ်။
(ဦးတင်ထွဋ်ရဲ့သမီး မမြစောရှင်(ဒေါ်မော်လီတင်ထွဋ်)ရဲ့ စာတစ်စောင်ကိုလည်း ပူးတွဲတင်ပြပါရစေ။)
“ကိုဂျွန်နီ
အခုရေးထားတဲ့ပို့စ်အတွက်အရမ်းကျေးဇူးတင်တယ်။ ကျွန်မအဖေ အသတ်ခံရမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲလို့ တရားဝင် မဖြေမထွက်ပေမဲ့ ဘယ်သူတွေဆိုတာ အသိသာကြီးပါလို့ ကျွန်မထင်တယ်။ ရှင်ရေးတဲ့ပို့စ်ထဲက အမှားသေးသေးလေးတွေကို ပြင်ဆင်ခွင့်ပြုပါ။ (၁)စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)က နယူးတိုင်းရုံးခန်းရှေ့မှာရပ်ထားတဲ့ အဖေ့ကားရဲ့ကြမ်းခင်းအောက်ထဲမှာ ဗုန်းထောင်ခဲ့ကြတယ်။(၂)အဖေလုပ်ကြံခံရတဲ့နေ့က ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက် ဖြစ်တယ်။(၃)ကျွန်မအမေဒေါ်သန်းရင်နဲ့ အမကြီး မခင်ညွန့်ရင်(ကက်သရင်း)တို့ ရန်ကုန်မှာ ရှိနေခဲ့တယ်။ အမလတ် မစောလှခင်(ပဂ္ဂီ)နဲ့ ကျွန်မတို့ကတော့ အင်္ဂလန်က ဂလုစတာရှိင်းယားကျောင်းမှာ အဆောင်နေကျောင်းသူတွေအဖြစ် ရှိနေခဲ့တယ်။ ဓါတ်ပုံကတော့ ပဂ္ဂီနဲ့ကျွန်မက ဒီဖြစ်ရပ်တွေဖြစ်ပြီး ရက်အနည်းငယ်အကြာ လေဆိပ်မှာ အမေနဲ့တွေ့နေစဉ်ဖြစ်တယ်။ ကျွန်မတို့က ကျောင်းဝတ်စုံလေးတွေ ဝတ်ထားတာ။
သူ(ဦးတင်ထွဋ်)က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီး၊ နောက်ပိုင်း လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး စတဲ့တာဝန်တွေထမ်းဆောင်ခဲ့ပေမဲ့ နိုင်ငံရေးသမား မဟုတ်ခဲ့ပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူ(ဦးတင်ထွဋ်)က ဗိုလ်မှူးချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် မနာလိုသူတွေလည်း ရှိခဲ့တယ်။ ကွန်မြူနစ်တွေတောခိုခဲ့တော့ နောက်ကလိုက်ပြီး နှိမ်နှင်းခဲ့တာလည်း သူနဲ့သူ့အဖွဲ့ပဲ။
ကျွန်မတို့ ထင်မြင်ချက်ကတော့ လုပ်ကြံမှုနောက်ကွယ်ကလူဟာ တပ်မတော်ထဲက သူ့ထက်ရာထူးတစ်ဆင့်ငယ်သူလည်းဖြစ်ပြီး အရင်က ကွန်မြူနစ်ဟောင်းလည်း ဖြစ်ခဲ့သူပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ (အတိအကျမသိလို့)ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။
အချိန်တွေကြာလာတဲ့အခါမှာတော့ ဦးတင်ထွဋ်အသတ်ခံရမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့ မရှိတော့ဘူးဆိုတာ ကျွန်မတို့မိသားစုက လက်ခံလိုက်ရပါတယ်။”
ကျွန်တော်တို့ကတော့ ကိုယ့်ဘဝတွေအတွက် ဆက်လက်ချီတက်နေရဆဲပါ။
“ဒေါက်တာသိန်းအုပ်ကျော်မြင့်”
(စာကြွင်း-လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်မှာ အရေးပါတဲ့အခန်းတွေက တာဝန်ထမ်းဆောင်ခဲ့ရသူ ဦးတင်ထွဋ်ရဲ့သမိုင်းက မြန်မာ့သမိုင်းမှာ မှေးမှိန်ပျောက်ကွယ်နေလို့ ဖေါ်ထုတ်လိုက်တဲ့သဘောပါ။ ဦးတင်ထွဋ်ဟာ အစိုးရအဖွဲ့ရဲ့အတွင်းဝန်ရာထူးကို အချိန်အကြာကြီးထမ်းဆောင်ခဲ့တဲ့အတွက် နန်းရင်းဝန်ဦးစောရဲ့ အင်္ဂလန်ခရီးစဉ်မှာရော၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်္ဂလန်ခရီးစဉ်မှာပါ လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစောနဲ့ခရီးစဉ်ကအပြန်မှာ ပါလက်စတိုင်း(အစ္စရေး)မှာ အဖမ်းခံရပြီး အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကိုအပို့ခံထားရတာ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိပါပဲ။ ဦးစောကိုတော့ အင်္ဂလိပ်အစိုးရက ယူဂမ်ဒါနိုင်ငံကို ပို့ခဲ့တယ်။
ဦးတင်ထွဋ်ဟာ အင်္ဂလိပ်တွေရဲ့ ထုံးတမ်းစဉ်လာတွေကို အသေးစိတ်သိသူဖြစ်လို့ အင်္ဂလန်ရောက်ရင် ဆောင်ရန် ရှောင်ရန်တွေကို သူ့ဆီကနေပြီး မြန်မာခေါင်းဆောင်တွေက လေ့လာသင်ယူရတယ်လို့ သိရတယ်။ ခေါင်းဆောင်တွေရဲ့ ယုံကြည်စိတ်ချရသူ၊ အားကိုးရသူ ညာလက်ရုံး အတွင်းဝန်လည်း ဖြစ်ခဲ့တယ်။
ဦးတင်ထွဋ်လုပ်ကြံခံရမှုဟာ ကွန်မြူနစ်တွေရဲ့လက်ချက်လိုလို၊ တပ်မတော်ရဲ့ လက်ချက်လိုလို၊ အင်္ဂလိပ်အလိုတော်ရိတွေရဲ့ လက်ချက်လိုလိုနဲ့ အစဖျောက်ခံခဲ့ရတယ်။
ဒီနှစ်ဟာ ဦးတင်ထွဋ်ကွယ်လွန်ခြင်း နှစ်(၇၀)ပြည့်လည်းဖြစ်တဲ့အတွက် အမှတ်ရတဲ့အနေနဲ့ ဦးတင်ထွဋ်အကြောင်း အင်္ဂလိပ်လိုရေးထားတာတွေ့သမျှကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
ချစ်တဲ့
မောင်လူပေ
(Credit to Sayar U Hla Min, Dr Thane Oke Kyaw-Myint )
Categories: Pioneer